
နေပြည်တော် မတ် ၅
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားများကို ထိန်းညှိဖြန့်ဖြူးပေးနိုင်ရေး၊ ဖြန့်ဖြူးလျက်ရှိသည့် ဓာတ်အားစနစ်ရှိ ဓာတ်အားလိုင်းနှင့် ထရန်စဖော်မာများ၌ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းစေရေး၊ ရောင်းချထားသော ဓာတ်အားခများရရှိရေးတို့နှင့်ပတ်သက်၍ ခရိုင်လျှပ်စစ် မန်နေဂျာ/ခရိုင်လျှပ်စစ် အင်ဂျင်နီယာများ၊ ဘဏ္ဍာရေးတာဝန်ခံများနှင့် တွေ့ဆုံပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး က မိမိတို့ဝန်ကြီးဌာနသည် ပြည်သူကို ဝန်ဆောင်မှု ပေးနေသော ဌာနဖြစ်သည့်အလျောက် ပြည်သူလူထု ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်များအပေါ် အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးနိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်အားပြည့်နေသည့် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများကို တိုးချဲ့ ဆောင်ရွက်ရန်လိုအပ်သလို တည်ဆောက်ပြီး ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ ပြုပြင်ထိန်း သိမ်းခြင်း လုပ်ငန်းများကိုလည်း စနစ်တကျ စီမံ ဆောင်ရွက်သွားရန် လိုအပ်သကဲ့သို့ ဓာတ်အား ပျောက်ဆုံးမှု လျော့နည်းကျဆင်းရေးတို့ကိုလည်း အလေးထားဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ယခုအချိန်တွင် ဘီလူးချောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိလာသည့် လျှပ်စစ် ဓာတ်အား ပို့လွှတ်နေသည့် ဓာတ်အားလိုင်းတာဝါတိုင် များ ဖျက်ဆီးခြင်းခံရသည့်အတွက် လျှပ်စစ်ဓာတ်အား ၂၂၀ မဂ္ဂါဝပ်ခန့်ကို နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ်နိုင်မှုမရှိခြင်း၊ LNG ဈေးနှုန်းအဆမတန် မြင့်တက်ပြီး နိုင်ငံတကာရေနံဈေးကွက် တည်ငြိမ်မှု မရှိ၍ ဝယ်ယူရန်ခက်ခဲနေသည့် ကာလအတွင်း LNG ဓာတ်ငွေ့ရည်သုံး ဓာတ်အားပေးစက်ရုံများ၏ ဓာတ်အားထုတ်လုပ်မှု ၇၅၀ မဂ္ဂါဝပ်ခန့် ရပ်တန့် ထားရခြင်းတို့ကြောင့် ဓာတ်အားပေးစက်ရုံများ၏ ထုတ်လုပ်နိုင်မှုသည် သုံးစွဲမှုထက်လျော့နည်းနေသည့် အတွက် ဝန်အားထိန်းညှိခြင်း၊ ဝန်အားလျှော့ချရ ခြင်းတို့ ဆောင်ရွက်နေရခြင်း ဖြစ်ပါကြောင်း။
ထိုသို့ ဓာတ်အားထုတ်လုပ်မှု မလုံလောက်သည့် ကာလအတွင်းတွင်လည်း အချိန်သတ်မှတ်၍ အလှည့်ကျစနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးသည့်စနစ်ကို ပြည်သူများသိရှိ အောင် အသိပေး ကြေညာခြင်းများ ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ မိမိတို့ဝန်ထမ်း များသည် ပြည်သူလူထုနှင့် အနီးကပ်ဆုံး ထိတွေ့နေ သူများဖြစ်၍ ပြည်သူလူထုအား နားလည်နိုင်စေရန် ရှင်းလင်းပြောကြားသွားကြရန် လိုအပ်ကြောင်း၊ ပျက်စီးသွားသော တာဝါတိုင်များကိုလည်း အမြန်ဆုံး ပြင်ဆင်ပြီး ဓာတ်အားပို့လွှတ်နိုင်ရေး ဆောင်ရွက် လျက်ရှိပါကြောင်း၊ ကျောက်ဖြူဒေသ၌ ၁၅၀ မဂ္ဂါဝပ် ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရန် ဆောင်ရွက်နေသည့် အပြင် အခြားသော အရင်းအမြစ်များမှလည်း ထုတ်လုပ်နိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထုတ်လုပ်ပြီး လျှပ်စစ်ဓာတ်အားများအား ပြည်သူ လူထုထံသို့ ဓာတ်အားပျောက်ဆုံးမှုအနည်းဆုံးနှင့် ဗို့အားပြည့်ဝ တည်ငြိမ်စွာဖြင့် အချိန်မီ ဖြန့်ဖြူးပေးပို့ နိုင်ရေးသည် မိမိတို့ဝန်ကြီးဌာန၏ အဓိကရည်မှန်း ချက် ဖြစ်ပါကြောင်း၊ သုံးစွဲခဲ့သည့် ဓာတ်အားခ ကောက်ခံခြင်းများကိုလည်း သတ်မှတ်ရက်များအတိုင်း အပြည့်အဝရရှိစေရေး၊ မီတာဖတ်ခြင်း၊ မီတာ ဘေလ်ဝေခြင်းနှင့် ဓာတ်အားခကောက်ခံခြင်း ကိစ္စရပ်များကိုလည်း တက်ညီလက်ညီ ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးထားမှု၊ နှစ်အလိုက် ဓာတ်အားတိုးတက်သုံးစွဲလာမှုနှင့် ဓာတ်အား ပျောက်ဆုံးမှု လျော့နည်းကျဆင်းရေးအတွက် ဆောင်ရွက်ထားရှိမှု၊ ဓာတ်အားခများ ကောက်ခံရရှိမှု တို့ကို တာဝန်ရှိသူက ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်