ပြည်သူလူထုအတွက် လိုအပ်လျက်ရှိသော ဆေးဝါးများ ဈေးကွက်အတွင်း မပြတ်လပ်စေရေးနှင့် ဆေးဝါးများ တင်သွင်းရာတွင် လွယ်ကူချောမွေ့စေရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်   ဇူလိုင်   ၂၄ 

 


ပြည်သူလူထုအတွက်      လိုအပ်လျက်ရှိသော ဆေးဝါးများ   ဈေးကွက်အတွင်း    မပြတ်လပ်စေရေးနှင့် ဆေးဝါးများတင်သွင်းရာတွင် လွယ်ကူချောမွေ့စေရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ   ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့် အညီ Online Meeting စနစ်ဖြင့် ကျင်းပသည်။

 


အစည်းအဝေးသို့   စီးပွားရေးနှင့်  ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ပွင့်ဆန်း၊ ဒုတိယဝန်ကြီး၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ     မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး  ဗိုလ်မှူးချုပ် ရန်နောင်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ၊   မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ နှင့် ဆေးဝါးနှင့် အထောက်အကူပြုပစ္စည်းတင်သွင်း သည့်  ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးခဲ့ကြသည်။

 


အစည်းအဝေးတွင်  ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်ပြီး ယခင်နှစ်ကလည်း တစ်နှစ်လုံး ရင်ဆိုင်ခဲ့ရပြီး ယခုနှစ်မှာလည်း တတိယ လှိုင်းအနေဖြင့်   ပိုမိုပြင်းထန်သည့်  ရင်ဆိုင်မှုနှင့် ကြုံတွေ့နေရပြီး အထူးပူးပေါင်းဆောင်ရွက်လျက်ရှိ ပါကြောင်း၊ ပြည်သူလူထုအတွက် လိုအပ်လျက်ရှိသော ဆေးဝါးများ ဈေးကွက်အတွင်း မပြတ်လပ်စေရေးနှင့်   ဆေးဝါးများတင်သွင်းရာတွင်  လွယ်ကူချောမွေ့စေရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုရင်ဆိုင်နေရ သည့် ကိုဗစ်-၁၉ ကာလအတွင်း လိုအပ်သည့် ဆေးဝါး များအပြင် ပြည်သူလူထုအတွက် ပုံမှန်အားဖြင့် သုံးစွဲရန်လိုအပ်နေသည့် ဗီတာမင်ဆေးများ၊ ရာသီ အလိုက်ဖြစ်ပေါ်တတ်သော အအေးမိ၊ တုပ်ကွေး၊ ဖျားနာ၊ ချောင်းဆိုး၊ ဝမ်းပျက်ဝမ်းလျှော ရောဂါများ အတွက် လိုအပ်သည့် ဆေးဝါးများ၊ ရေရှည်သုံးစွဲရ သည့် နှလုံး၊ ကျောက်ကပ်၊ သွေးတိုး၊ ဆီးချို စသည့် ရောဂါများအတွက်  ဆေးဝါးများ ပြတ်လပ်မှုမရှိစေရေး စဉ်ဆက်မပြတ် တင်သွင်းနိုင်ရေးအတွက်နှင့် ဈေးနှုန်း ကြီးမြင့်မှုမရှိစေရေးအတွက်လည်း     ကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း၊ ပင်လယ်ရေကြောင်း ဆိပ်ကမ်းများနှင့် လေဆိပ်များသို့ ရောက်ရှိပြီးဖြစ် သည့် အရေးကြီးလိုအပ်လျက်ရှိသည့် ဆေးဝါးများ ကုမ္ပဏီများမှ အမြန်ဆုံးထုတ်ယူနိုင်ရေးနှင့်   ထုတ်ယူ ပြီးဖြစ်သည့်  ဆေးဝါးများကို ဈေးကွက်အတွင်းသို့ အမြန်ဆုံးရောက်ရှိစေရေး၊ တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးသို့   ဖြန့်ခွဲရောင်းချပေးနိုင်ရေးအတွက် လည်း  သက်ဆိုင်ရာဝန်ကြီးဌာနများ၊ UMFCCI နှင့် ညီနောင်အသင်းအဖွဲ့များနှင့်   ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။

 


ဆက်လက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်နှင့် ကုန်သွယ်မှုနှင့်  ကုန်စည်စီးဆင်းမှုများ  မှန်ကန် မြန်ဆန်စေရေး ဗဟိုကော်မတီတွဲဖက်အတွင်းရေးမှူး  ဗိုလ်မှူးချုပ် ရန်နောင်စိုးတို့က သက်ဆိုင်ရာနိုင်ငံများ တွင် သတ်မှတ်ချက်နှင့်ကိုက်ညီပြီး ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခွင့်ရရှိထားသည့် ဆေးဝါးနှင့် အထောက် အကူပြုပစ္စည်းများ၊ ဗီတာမင် C ၊ ဗီတာမင် D ၊ Zinc နှင့်ပတ်သက်သည့် ဆေးဝါးများ တင်သွင်းရာတွင် One Time Permit ဖြင့် တင်သွင်းခွင့်ပြုနိုင်ရေး၊ အရေးကြီးလိုအပ်နေသည့် ဆေးဝါးများကို တရုတ် ပြည်သူ့သမ္မတနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ စင်းလုံးငှား လေယာဉ်များဖြင့် သယ်ယူတင်သွင်းနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။

 


ထို့နောက်   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်  စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဆေးဝါးနှင့် အထောက် အကူပြုပစ္စည်း   တင်သွင်းရောင်းချလျက်ရှိသည့် ကုမ္ပဏီများမှ  တာဝန်ရှိသူများက  တင်ပြချက်များ အပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊  ကုသရေး ဆိုင်ရာ ဆေးဝါးနှင့် အထောက်အကူပြုပစ္စည်းများ တင်သွင်းရန်အတွက် အွန်လိုင်းဖြင့် လိုင်စင်လျှောက်ထား မှုများကို အများပြည်သူရုံးပိတ်ရက်များတွင်လည်း သွင်းကုန်လိုင်စင်ခွင့်ပြု ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။                                    

 

   သတင်းစဉ်