ပြည်သူလူထုအခြေပြု ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ရပ်ရွာစေတနာ့ဝန်ထမ်းသင်တန်းတွင် အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြား

ပြည်သူလူထုအခြေပြု ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ရပ်ရွာစေတနာ့ဝန်ထမ်းသင်တန်းတွင် အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြား

=============================================================================================================

 

နေပြည်တော် ဇန်နဝါရီ ၁၂

 

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူလူထု အခြေပြု ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်း ပါဝင်ဆောင်ရွက်ကြမည့် ရပ်ရွာစေတနာ့ ဝန်ထမ်း (Community Covid Volunteer-CCV) များ လေ့ကျင့်မွေးထုတ် အကောင် အထည်ဖော်ရေးအသိပညာပေး အွန်လိုင်း သင်တန်းအစီအစဉ်ကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

 

လိုအပ်နေကြဆဲ

 

သင်တန်းတွင် အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ အတွင်းရေး မှူး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မြန်မာ နိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ ဒုတိယ လှိုင်းကို ရင်ဆိုင်ကျော်လွှားနေရဆဲဖြစ်ပြီး မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ မပြန့်ပွားရေး ကိုလည်း အထူးအလေးထား ဆောင်ရွက် နေရချိန်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ နှင့် ပတ်သက် ၍ ပြည်သူလူထုအနေဖြင့် ကူးစက်ပုံနည်းလမ်း များနှင့် ကြိုတင်ကာကွယ်ရေး နည်းလမ်းများ ကို သိရှိနားလည်ကြပြီးဖြစ်သော်လည်း အလေ့အထဖြစ်အောင် အလေ့အကျင့် ပြုလုပ် ခြင်းတွင် လိုအပ်နေကြဆဲဖြစ်ကြောင်း၊ မိမိကစ၍ သတိမလွတ်ဘဲ စည်းကမ်းလိုက်နာ ကာကွယ်နိုင်ရန် အားပေးတိုက်တွန်းခြင်း၊ ပညာပေးခြင်းများကို ဆောင်ရွက်ရဆဲဖြစ်ပါ ကြောင်း။

 

ထို့ကြောင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ တားဆီးထိန်းချုပ်ရေးအတွက် ပါးစပ်နှင့် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထု လှုပ်ရှားမှုစီမံချက်ကို အကောင်အထည်ဖော် နေရခြင်းဖြစ်ပါကြောင်း၊ ပြည်သူလူထုအတွင်း ရပ်ကွက်၊ ကျေးရွာများအထိ အမှန်တကယ် လိုက်နာကြရန် ပညာပေးမှုအပိုင်းများကို ပိုမို မြှင့်တင်ဆောင်ရွက်ရန်လည်း လိုအပ်ဆဲဖြစ်ပါ ကြောင်း၊ ထို့ကြောင့် ရပ်ကွက်၊ ကျေးရွာများမှ လူငယ်ကော်မတီအဖွဲ့ဝင်များ၊ အမျိုးသမီး ကော်မတီအဖွဲ့ဝင်များ၊ ကြက်ခြေနီအဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့အစည်းများနှင့် လူမှုအဖွဲ့အစည်း များအပါအဝင် ပြည်သူများ၏အင်အားဖြင့် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ယင်းကဲ့သို့ ဆောင်ရွက်နိုင် ရန် ရပ်ကွက်၊ ကျေးရွာပြည်သူများပါဝင်သော ရပ်ရွာစေတနာ့ဝန်ထမ်းများ မွေးထုတ်ပေး နိုင်ရန်အတွက် စီမံချက်ကိုရေးဆွဲပြီး ပူးပေါင်း ပါဝင်ဆောင်ရွက်မည့် စေတနာ့ဝန်ထမ်းများကို သင်တန်းပေးဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ လုပ်ငန်းစီမံချက်၏ ရည်ရွယ်ချက်အရ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများကို ရပ်ရွာအလိုက် ပြည်သူအများ ပါဝင်မှုဖြင့် အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း။

 

ကိုဗစ်-၁၉ ထိန်းချုပ်ရေး အထူးစီမံချက် တွင် ရပ်ရွာအလိုက် ပြည်သူအများပါဝင်မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်သော Community Covid Volunteer – CCV များ၏ ကဏ္ဍသည် အဓိကတစ်နေရာကပါဝင်ပြီး အလွန်အရေးကြီးပါကြောင်း၊ အထူးသဖြင့် မိမိတို့ ရပ်ကွက်၊ ကျေးရွာများအတွင်း ကိုဗစ်-၁၉ ဆိုင်ရာ ထိရောက်သောပညာပေး ခြင်းတွင် လူတိုင်း အပြင်ထွက်လျှင် ပါးစပ်နှင့် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး ပညာပေးစီမံချက်အောင်မြင်ရေး၊ ကိုဗစ်-၁၉ သံသယလူနာများကို သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်၍ စစ်ဆေးခြင်း၊ လိုအပ်ပါက ထိန်းချုပ်ကုသမှု ခံယူရရှိစေရေး၊ ရပ်ကွက်၊ ကျေးရွာအတွင်း သံသယလူနာများ၊ ရောဂါပိုး ရှိသူနှင့် ထိတွေ့သူများ၊ ရောဂါပိုးစစ်ဆေး တွေ့ရှိသူများကို လိုအပ်သောသယ်ယူ ပို့ဆောင်ပေးခြင်းနှင့် ပံ့ပိုးကူညီမှုပေးနိုင်ရေး စသည်တို့ကို မိမိတို့ ရပ်ကွက်၊ ကျေးရွာအတွင်း ထိရောက်စွာ ချိတ်ဆက်ဆောင်ရွက်ပေးနိုင် ခြင်းဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များကို အကောင်းဆုံး ကူညီမှုပေးနိုင်ပြီး ကူးစက်မှုနှင့်သေဆုံးမှု နှုန်း ကျဆင်းရေးကို ဆက်လက်ဦးတည်စေ မည်ဖြစ်ပါကြောင်း။

 

ပြည်သူလူထုအခြေပြုလုပ်ငန်းတစ်ခုဖြစ်

 

ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးပေး နိုင်သောအချိန်တွင်လည်း ရပ်ကွက်၊ ကျေးရွာ အလိုက် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက စေတနာ့ဝန်ထမ်းများအား သတ်မှတ် ပေးမည့်တာဝန်များကိုလည်း ပူးပေါင်း ဆောင်ရွက်နိုင်ကြရန်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ အလွန်ကာလတွင်လည်း ဖွံ့ဖြိုးရေးလုပ်ငန်း များတွင် ရပ်ကွက်၊ ကျေးရွာ စေတနာ့ဝန်ထမ်း (Community / Village Volunteer) များ အနေဖြင့် ဆက်လက်၍ တက်ကြွစွာပူးပေါင်း ဆောင်ရွက်နိုင်ရန်တို့ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုသင်တန်းသည် ရည်ရွယ်ချက် အလွန် ကောင်းမွန်ပြီး ပြည်သူလူထုအခြေပြုလုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ သင်တန်းပြီးဆုံး ၍ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက် ရာမှာ မိမိတို့ ရပ်ကွက်၊ ကျေးရွာနှင့် သက်ဆိုင်သော ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ပြည်သူ့ကျန်းမာရေးဌာန၊ တိုက်နယ်ဆေးရုံ၊ မြို့နယ်ဆေးရုံ စသည့်ဌာန များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်အလိုက်ဌာနများ၊ လူမှုအဖွဲ့အစည်းများနှင့် အချိတ်အဆက် မိမိ ပူးပေါင်းဆောင်ရွက်နိုင်ကြစေရန်လည်း တိုက်တွန်းအပ်ပါကြောင်း။

 

ယနေ့ကျင်းပသော ပထမအကြိမ် Community Covid Volunteer – CCV အသိပညာပေးသင်တန်း အစီအစဉ်တွင် မန္တလေးတိုင်းဒေသကြီးမှ ရပ်ရွာစေတနာ့ ဝန်ထမ်း ၁၃၉ ဦး ပါဝင်မည်ဖြစ်ပါကြောင်း၊ ဤသင်တန်းကို အမျိုးသားအဆင့် စေတနာ့ ဝန်ထမ်း ဦးဆောင်အဖွဲ့ အတွင်းရေးမှူးရုံးနှင့် မန္တလေးတိုင်းဒေသကြီး လူငယ့်ရေးရာ ကော်မတီဝင်များ၊ အမျိုးသမီးကော်မတီ တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနဆိုင်ရာ များနှင့် အဖွဲ့အစည်းတာဝန်ရှိသူများနှင့် ပူးပေါင်း၍ စေတနာ့ဝန်ထမ်းများကို စုဆောင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ဒုတိယ အကြိမ် အသိပညာပေးသင်တန်းအစီအစဉ်ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၄ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီးအတွက် ဆက်လက်ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ ယနေ့အသိပညာပေး အစီအစဉ် တွင် ပါဝင်ဆွေးနွေးပေးကြမည့် မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့မှ ပညာရှင်ဆရာ၊ ဆရာမများအား ကျေးဇူးအထူး တင်ရှိပါကြောင်း ပြောကြားလိုပါကြောင်း၊ အသိပညာပေးသင်တန်း အစီအစဉ်မှတစ်ဆင့် ဆောင်ရွက်ရမည့် အခြေအနေများနှင့် သိလိုသည်များကို အပြန်အလှန်ဆွေးနွေးခြင်း များ ဆောင်ရွက်ကြမည်ဖြစ်၍ လက်တွေ့ ပြည်သူ့အကျိုးကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနနှင့် လူမှုအဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဖော်ဆောင်နိုင်ကြမည်ဟု အလေး အနက် ယုံကြည်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် မြန်မာနိုင်ငံ ဆရာဝန် အသင်း ဒုတိယဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ မြသီတာက အသိပညာပေးသင်တန်း အစီအစဉ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့ပြီး မြန်မာနိုင်ငံဆရာဝန်အသင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနတို့မှ ပညာရှင် ဆရာ ဆရာမများက သက်ဆိုင်ရာခေါင်းစဉ်များ အလိုက် ရှင်းလင်းပို့ချခဲ့ကြပြီး စေတနာ့ဝန်ထမ်း များနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်