ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၏ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၏ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား

========================================

 

ချစ်ခင်လေးစားရပါသော တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး ခရစ်သက္ကရာဇ် ၂၀၂၁ ခုနှစ်၊ နှစ်သစ်ကူးအခါသမယမှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတို့နှင့် ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်း တောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။

ချစ်ခင်လေးစားရပါသောပြည်ထောင်စုဖွားတိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျား

ယနေ့အချိန်အခါတွင် မိမိတို့ တိုင်းရင်းသား ညီအစ်ကို မောင်နှမများအားလုံး ရည်မှန်းမျှော်လင့်နေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး ပေါ်ထွန်းလာစေရေး အရှိန်အဟုန် မပျက် ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး ကို COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေး စည်းမျဉ်း စည်းကမ်းများနှင့်အညီ နိုင်ငံတော်အစိုးရနှင့် တိုင်းရင်း သားပြည်သူတစ်ရပ်လုံး၏ စည်းလုံးညီညွတ်မှုဖြင့် အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည့်အတွက် ဂုဏ်ယူ ဝမ်းမြောက်မိပါတယ်။

 

Covid-19 ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရသည့် စီးပွားရေးလုပ်ငန်းများ ပြန်လည်ကောင်းမွန်လာစေရေး အတွက်လည်း နိုင်ငံတော်အစိုးရအနေဖြင့် ရေတို၊ ရေရှည် စီမံကိန်းများ ချမှတ်ဆောင်ရွက်လျက်ရှိသဖြင့် တိုင်းရင်း သားပြည်သူများအားလုံးကလည်း ပူးပေါင်းပါဝင်ကြဖို့ မေတ္တာရပ်ခံ တင်ပြလိုပါတယ်။

 

ယခုလို နှစ်သစ်မင်္ဂလာအခါသမယမှာ တိုင်းရင်း သား ပြည်သူများအားလုံး ကပ်ရောဂါဘေးမှ ကင်းဝေးကြ ပါစေ၊ တစ်ဦးအပေါ်တစ်ဦး သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း များနှင့်အတူ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေးမှာ အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ကြပါစေလို့ ဆန္ဒပြု ဆုတောင်းလိုက်ပါတယ်။