ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ပြည်သူ့လွှတ်တော်ကော်မတီများမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
နေပြည်တော် ဇွန် ၂၆
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော်တွင် ဖွဲ့စည်းထားရှိသည့် ကော်မတီများမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆) ကို ယနေ့မွန်းလွဲ ၁ နာရီတွင် ပြည်သူ့လွှတ်တော် (C) ဆောင် ဒုတိယထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ပြည်သူ့လွှတ်တော်တွင် အမြဲတမ်းကော်မတီ (၄)ရပ် ဖွဲ့စည်း ထားရှိပြီး အစိုးရအဖွဲ့မှ ဖွဲ့စည်းထားသော ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးတွင် ရေးရာကော်မတီ ၂၂ ခု ဖွဲ့စည်းထားပါကြောင်း၊ ကော်မရှင်တစ်ခုလည်း ဖွဲ့စည်းရန်လျာထားပါကြောင်း၊ လွှတ်တော်ဆိုသည်မှာ သက်ဆိုင်ရာမဲဆန္ဒနယ်မြေများရှိ မဲဆန္ဒရှင်ပြည်သူများက ရွေးချယ်ပေးလိုက်သည့် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် နေရာဖြစ်ပါကြောင်း၊ လွှတ်တော်၏ တာဝန်များအနေဖြင့် အစိုးရတစ်ရပ်ဖြစ်တည်ရေးအတွက် နိုင်ငံအကြီးအကဲများနှင့် လွှတ်တော်အကြီးအမှူးများကို ရွေးချယ် တင်မြှောက်ပေးရပါကြောင်း၊ လွှတ်တော်၏ အဓိကလုပ်ငန်းတာဝန်တစ်ရပ်မှာ ဥပဒေပြုရေး ဖြစ်ပါကြောင်း၊ လွှတ်တော်၏ လုပ်ငန်းတာဝန်များ ပီပီပြင်ပြင်ဆောင်ရွက်နိုင်ရေးအတွက် ဖွဲ့စည်းထားသည့် ကော်မတီများသည် လွန်စွာအရေးကြီး ပါကြောင်း။
ကော်မတီများ၏ လုပ်ငန်းတာဝန်များနှင့်ပတ်သက်၍ ယခင်ကအစဉ်အလာများအတိုင်းသာ ဆောင်ရွက်ထားခြင်းဖြစ်ပြီး ယနေ့နိုင်ငံတကာလွှတ်တော်များနှင့် ပညာရှင်များ၏ သုံးသပ်ဆောင်ရွက် ချက်များအပေါ်လေ့လာ၍ ကော်မတီ၏လုပ်ငန်း တာဝန်များကို ခေတ်နှင့်လျော်ညီအောင် ပြင်ဆင်၊ ဖြည့်စွက်သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့လက်ထက်တွင် လွှတ်တော်သည် ခေတ်စနစ်နှင့်လျော်ညီသည့် ခေတ်မီလွှတ်တော်တစ်ရပ်ဖြစ်အောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ယနေ့ နိုင်ငံတော်တွင် မြန်မာဘာသာဖြင့် ပြဋ္ဌာန်းထားသည့် ဥပဒေများအပြင် အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းထားသည့် ဥပဒေပေါင်း ၁၀၀ ကျော်ရှိပြီး ပြင်ဆင်၊ ဖြည့်စွက်စရာရှိသည်များ လေ့လာသုံးသပ်၍ ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း။
အွန်လိုင်းလိမ်လည်မှုဆိုင်ရာတိုက်ဖျက်ရေး ဥပဒေကြမ်းနှင့်ပတ်သက်၍ ဥပဒေပြဋ္ဌာန်းနိုင်ရေး ဆောလျင်စွာ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ လွှတ်တော်၏ ရည်မှန်းချက်တာဝန်များထဲတွင် ဥပဒေပြုရေးတာဝန်သည် အရေးကြီးပြီး အဓိကကျသည့် တာဝန်တစ်ရပ်ဖြစ်ပါကြောင်း၊ လွှတ်တော် အနေဖြင့် မေးခွန်းများ၊ အဆိုများ တင်သွင်းခြင်းဖြင့် ပြည်သူများ၏ဆန္ဒများကို လွှတ်တော်အသံအဖြစ် ဖော်ဆောင်ပေးရပါကြောင်း၊ ယခုဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးများတွင် မိမိတို့မဲဆန္ဒနယ်နှင့် ပတ်သက်သည့် မေးခွန်းများ မေးမြန်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နောင်လာမည့် လွှတ်တော် အစည်းအဝေးများတွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များအား ကျယ်ကျယ်ပြန့်ပြန့် မေးမြန်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။
လွှတ်တော်သည် နိုင်ငံအတွက်၊ ပြည်သူအတွက် လုပ်ဆောင်နိုင်လျှင် လုပ်ဆောင်နိုင်သလောက် ကျယ်ပြန့်စွာ ဆောင်ရွက်ပေးနိုင်သည့်နေရာတစ်ခုဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကော်မတီများအနေဖြင့် လွှတ်တော်အား အထောက်အကူပြုနိုင်သည့် ဒေါက်တိုင်များအဖြစ် ဆောင်ရွက်ကြရမည်ဖြစ်ပါ ကြောင်း၊ ကော်မတီ၏လုပ်ငန်းတာဝန်များကို အသေးစိတ်လေ့လာသုံးသပ်ပြီး နိုင်ငံတကာလွှတ်တော်များတွင် ဆောင်ရွက်နေသည့် စံချိန်စံညွှန်းများနှင့်အညီ ခေတ်နှင့်လျော်ညီအောင် တစ်ဆင့်ချင်း ပြန်လည်ပြဋ္ဌာန်း ပေးသွားမည်ဖြစ်ပါကြောင်း၊ လွှတ်တော်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ကြ သည့်နေရာတွင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ တာဝန်နှင့် လုပ်ပိုင်ခွင့် စသည့်ပြဋ္ဌာန်းချက် များရှိသော်လည်း မိမိတို့အစိုးရအနေဖြင့် အကူးအပြောင်းကာလတစ်ခုကို ဖြတ်သန်းဆောင်ရွက်နေ ရခြင်းဖြစ်သဖြင့် ပေါင်းစပ်ညှိနှိုင်းတိုင်ပင်ဆောင်ရွက်ခြင်းဖြင့် အောင်မြင်အောင် လုပ်ဆောင်သွားရမည် ဖြစ်ပါကြောင်း။
မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်တွင် မေးခွန်းများ တင်သွင်းဆောင်ရွက်ကြ သည့်နေရာတွင် စာအရေးအသား၊ စကားရပ်အသုံးအနှုန်းများနှင့်ပတ်သက်၍ နိုင်ငံတော်က အသိအမှတ် ပြုသုံးစွဲလျက်ရှိသည့် တရားဝင်အသုံးအနှုန်းများဖြင့်သာ သတိပြုရေးသားပြောဆို ဆွေးနွေးကြရမည် ဖြစ်ပါကြောင်း၊ လွှတ်တော်အနေဖြင့် နိုင်ငံတကာလွှတ်တော်များနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အာဆီယံပါလီမန်များ ညီလာခံ၊ နိုင်ငံတကာပါလီမန်များအဖွဲ့များနှင့် ဆက်ဆံဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်းကော်မတီ များဖွဲ့စည်းထားရှိပြီးဖြစ်ပါကြောင်း၊ အဆိုပါ ပူးပေါင်းကော်မတီများတွင်လည်း တာဝန်၊ လုပ်ပိုင်ခွင့်များနှင့်ပတ်သက်၍ လိုအပ်ချက်များအား ဖြည့်စွက် ဆောင်ရွက်နိုင်ရေး သုံးသပ်လေ့လာဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။
လွှတ်တော်သည် နိုင်ငံအတွက် အဓိပ္ပာယ်ရှိသော အထောက်အကူဖြစ်သော အရေးပါသည့် အဖွဲ့စည်း တစ်ရပ်ဖြစ်အောင် ကြိုးစားဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ လတ်တလော နိုင်ငံတကာဆက်ဆံရေး အနေဖြင့် ဘယ်လာရုစ်နိုင်ငံ၏ ဖိတ်ကြားချက်အရ လွှတ်တော်ဥက္ကဋ္ဌအနေဖြင့် ဖိုရမ်တက်ရောက်ရန် သွားရောက်ခဲ့ပြီး လွှတ်တော်ချင်း ပူးပေါင်းဆောင်ရွက်ခြင်းလုပ်ငန်းများ အကြိုညှိနှိုင်းဆောင်ရွက်နိုင်ခဲ့ ပါကြောင်း၊ လွှတ်တော်ကော်မတီများ၏ လုပ်ငန်းတာဝန်များနှင့်ပတ်သက်၍ နိုင်ငံတကာလွှတ်တော် များ၏ ဆောင်ရွက်ချက်များကိုပါ လေ့လာသုံးသပ်ပြီး ထက်မြက်သော လွှတ်တော်၊ နိုင်ငံနှင့် ပြည်သူကို အကျိုးပြုသော လွှတ်တော်တစ်ရပ်အဖြစ် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးဘာသာသာသနာ တိုးတက်ရေးအတွက် ထူးခြားကောင်းမွန်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းက လွှတ်တော်အခွင့်အရေးကော်မတီ ဥက္ကဋ္ဌအနေဖြင့် ကိုယ်စားလှယ်များ၏ သက်သာချောင်ချိရေးဆိုင်ရာ ကိစ္စရပ်များ၊ နေရေးထိုင်ရေး ကိစ္စရပ်များကို တတ်နိုင်သမျှ လိုအပ်ချက်မရှိအောင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကိုယ်စားလှယ် တစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်မြင့်မားမှသာ လွှတ်တော်၏အခန်းကဏ္ဍ မြင့်မားလာမည်ဖြစ်ပါကြောင်း၊ ကိုယ်စားလှယ်များ အရည်အသွေးမြင့်မားရေးအတွက်လည်း သင်တန်းများ ဖွင့်လှစ်ပေးသွားမည်ဖြစ်ပါ ကြောင်း၊ ကော်မတီများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော လွှတ်တော်ကိုယ်စားလှယ်များသည် အတွေ့အကြုံရှိသည့် ပုဂ္ဂိုလ်များဖြစ်၍ ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပါက ပိုမိုထိရောက်မှု ရှိမည်ဟု အကြံပြုလိုပါကြောင်း၊ ကော်မတီများ၏ ဆောင်ရွက်ချက်အားလုံးသည် လွှတ်တော်အတွက် အထောက်အပံ့ဖြစ်စေလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသည့် ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက ကော်မတီဖွဲ့စည်းထား ရှိမှုနှင့် ကော်မတီများအလိုက် ဆောင်ရွက်နေသည့်ကိစ္စရပ်များတင်ပြကြပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
အစည်းအဝေးသို့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ ကော်မတီများမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ယနေ့နံနက်ပိုင်းတွင်လည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် လွှတ်တော်အစည်းအဝေး ကျင်းပပုံများကို လာရောက်လေ့လာသည့် မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်မှ လေ့လာရေးအဖွဲ့အား ပြည်သူ့လွှတ်တော်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏ ဖွဲ့စည်းပုံနှင့် ဥပဒေပြုခြင်းလုပ်ငန်းစဉ် ကိစ္စရပ်များ၊ ဥပဒေများပြင်ဆင်ခြင်း၊ ပြဋ္ဌာန်းခြင်းဆိုင်ရာကိစ္စရပ်များကိုပြောကြားပြီး မြန်မာသင်္ဘော သားများ၏ အခြေအနေအခက်အခဲရှိပါက ဆောင်ရွက်ပေးနိုင်မည့် ကိစ္စရပ်များအား မေးမြန်းရှင်းလင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသူများက အဖွဲ့အနေဖြင့် သင်္ဘောသားများ၏ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာ ကိစ္စရပ်များ၊ သင်္ဘောသားများနှင့် အလုပ်ရှင်များအကြား အငြင်းပွားမှုကိစ္စရပ်များ၊ သင်္ဘောသားများ၏ အခွင့်အရေးအကာအကွယ်ပေးရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ကူညီဆောင်ရွက်ပေးနေမှု အခြေ အနေများအား ရှင်းလင်းတင်ပြကြရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက သင်္ဘောသားများနှင့်ပတ်သက်၍ ဥပဒေအရ အကာအကွယ်ပေးနိုင်မည့်အခြေအနေများအား ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်