ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်းသည့် အကြောင်းအရာများနှင့်ပတ်သက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

 

ဒီနေ့မှာတော့  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေ    အာဏာတည်သည့်    နေ့ရက်သတ်မှတ်ခြင်း  အမိန့်ကြော်ငြာစာကို ကြော်ငြာခဲ့ပါတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုတာကတော့ ယခုမှ အသစ်ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေမဟုတ်ပါဘူး။ ကျွန်တော်တို့မြန်မာနိုင်ငံမှာ ၁၉၅၉ ခုနှစ်ကတည်းကတိုင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုတာ ရှိပါတယ်။ အဲ့ဒီနောက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်  ဖွံ့ဖြိုးရေး ကောင်စီလက်ထက်မှာ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလထဲမှာ   ဥပဒေအမှတ် ( ၂၇ / ၂၀၁၀ ) နဲ့ ၁၉၅၉ ပြည်သူ့ စစ်မှုထမ်းဥပေဒေကို   ပြင်ဆင်ပြီး  သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ အကြမ်းဖျင်းအားဖြင့် ပြောရမယ်ဆိုရင်တော့ ပြည်သူ့စစ်မှုထမ်းဥပဒေမှာ အခန်း ၈ ခန်း ပါပါတယ်။ ဒီအခန်း ၈ ခန်းထဲမှာ အရေးကြီးတဲ့ဟာတွေကိုပဲ   ကျွန်တော်ထုတ်နုတ်ပြီး   ပြောလိုပါတယ်။ အခန်း ၁ မှာတော့ စစ်မှုထမ်းရမယ့် ကာလတွေ၊ ဒီစစ်မှုထမ်းရမယ့် ကာလတွေမှာ ဒီစစ်မှုထမ်းရမယ့် အသက်အရွယ်တွေ၊ ကာလတွေ၊ စစ်မှုထမ်းရမယ့် အသက်အရွယ်အနေနဲ့ နိုင်ငံသားတိုင်း အမျိုးသားဆိုရင်  အသက် ၁၈ နှစ်ပြည့်ပြီး ၃၅ နှစ် မကျော်သေးတဲ့လူတွေ၊ အမျိုးသမီးဆိုရင် အသက် ၁၈ နှစ်ပြည့်ပြီး ၂၇ နှစ် မကျော်သေးတဲ့သူတွေ ဖြစ်ပါတယ်။ ကျွမ်းကျင်ပညာရှင်များအနေနဲ့ကတော့ အမျိုးသား အသက် ၁၈ နှစ်ပြည့်ပြီး အသက် ၄၅ နှစ် မကျော်သေးတဲ့လူတွေ၊ အမျိုးသမီး အသက် ၁၈ နှစ်ပြည့်ပြီး အသက် ၃၅ နှစ်မကျော်သေးတဲ့သူတွေအားလုံးသည် စစ်မှုထမ်းဆောင်ဖို့အတွက် တာဝန် ရှိပါတယ်။ စစ်မှုထမ်းဆောင်ရမယ့်ကာလကတော့ ၂၄ လ (နှစ်နှစ်) ဖြစ်ပါတယ်။ ကျွမ်းကျင်ပညာရှင်များအနေနဲ့ ၃၆ လ (သုံးနှစ်) ဖြစ်ပါတယ်။ 
ဒီပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းရတဲ့ အဓိကရည်ရွယ်ချက်ကတော့ နိုင်ငံသားတိုင်းဟာ ပြည်ထောင်စု မပြိုကွဲရေး၊   တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊   အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ ဒို့တာဝန်အရေး ၃ ပါးကို   စောင့်ထိန်းဖို့  တာဝန်ရှိပါတယ်။  ဒါကြောင့်မို့  ဒီဟာတွေကို စောင့်ထိန်းဖို့ တာဝန်ရှိတာနဲ့အညီ စစ်ပညာသင်ကြားဖို့နဲ့ နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ပြဋ္ဌာန်းထားတဲ့    ဥပဒေဖြစ်ပါတယ်။   ဒါ့ပြင် နိုင်ငံသားတွေရဲ့   ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြဋ္ဌာန်းချက်မှာ   နိုင်ငံသားတွေရဲ့ မူလတာဝန်ဝတ္တရားတွေ  ရှိပြီးဖြစ်ပါတယ်။ အခြေခံဥပဒေ ပုဒ်မ ၃၈၅ မှာတော့  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့  လွတ်လပ်ရေး၊   အချုပ်အခြာအာဏာနဲ့ နယ်မြေ တည်တံ့ခိုင်မြဲရေးအတွက်   ကာကွယ်စောင့်ရှောက်ရေးသည်   နိုင်ငံသားတိုင်းမှာ   တာဝန်ရှိတယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ပုဒ်မ ၃၈၆ မှာတော့ နိုင်ငံသားတိုင်းသာ ဥပဒေပြဋ္ဌာန်းချက်များနဲ့အညီ စစ်ပညာ သင်ကြားရန်နဲ့ နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်ရန် တာဝန်ရှိသည်ဆိုပြီး ပြဋ္ဌာန်းထား တာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါတွေနဲ့အတူတူပဲ ဒီနိုင်ငံသားတိုင်း စစ်မှုတာဝန် ထမ်းဆောင်နိုင်ရေးအတွက် တပ်မတော်ဟာ  ပုဒ်မ ၂၀(ဃ)မှာ  တပ်မတော်သည် နိုင်ငံတော်လုံခြုံရေးနဲ့ ကာကွယ်ရေးမှာ ပြည်သူ တစ်ရပ်လုံးပါဝင်ရေးအတွက် စီမံဆောင်ရွက်ခွင့်ရှိသည်လို့ ပြဋ္ဌာန်းထားတာ တွေ့ရမှာဖြစ်ပါတယ်။ ဒါ့ပြင် ဒီလိုဆောင်ရွက်တဲ့နေရာမှာ အခြေခံဥပဒေ ၃၃၉ မှာ နိုင်ငံတော်ကို  ပြည်တွင်း/ပြည်ပ အန္တရာယ်များမှ ကာကွယ်ရေးအတွက်   တပ်မတော်က   ဦးဆောင်ရမည်။   ပုဒ်မ ၃၄၀ မှာ   တပ်မတော်ဟာ အမျိုးသား ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ၏ သဘောတူညီချက်ဖြင့် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးမှာ ပြည်သူတစ်ရပ်လုံးပါဝင်ရေးအတွက် စီမံဆောင်ရွက်ခွင့်ရှိသည်။ တပ်မတော်၏ ဦးဆောင်မှုဖြင့် ပြည်သူ့ စစ်မဟာဗျူဟာ  ဖော်ဆောင်ရမည်လို့  ပါရှိတာကို   တွေ့ရမှာဖြစ်ပါတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလမှာ ဥပဒေအမှတ် (၂၇ / ၂၀၁၀) နဲ့ ပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ်။ အဲ့ဒီတစ်ရက်တည်း မှာပဲ နောက်ထပ် ဥပဒေ တစ်ခုရှိပါသေးတယ်။  အဲဒါကတော့ ဥပဒေအမှတ် ( ၂၈ / ၂၀၁၀) နဲ့ ပြဋ္ဌာန်းခဲ့တယ်။ အရန်တပ်ဖွဲ့ ဥပဒေဖြစ်ပါတယ်။  ကမ္ဘာပေါ်မှာ   စစ်မှုမထမ်းမနေရပြဋ္ဌာန်းထားတဲ့ နိုင်ငံ ၁၈ နိုင်ငံခန့် ရှိကြောင်းကို လေ့လာတွေ့ရှိပါတယ်။ တချို့အပိုင်းတွေမှာတော့ National Service အမျိုးသားစစ်မှုထမ်း စနစ်ဆိုတဲ့ခေါင်းစဉ်မျိုးတွေ    ပြဋ္ဌာန်းထားတာမျိုးတွေ   တွေ့ရပါတယ်။   အမျိုးသားစစ်မှုထမ်းတာဝန် National Service ကို တာဝန်ထမ်းဆောင်တဲ့နေရာမှာတော့ ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ တာဝန်ထမ်းဆောင်ရတာ ကို တွေ့ရပါမယ်။ အကြမ်းဖျင်းလေ့လာကြည့်ရင်တော့ စစ်မှုထမ်းဆောင်ဖို့အတွက် ဥပဒေပြဋ္ဌာန်းပြီးတော့  စစ်မှုထမ်းဆောင်စေခြင်းမရှိတဲ့ နိုင်ငံတွေလည်း   ရှိပါတယ်။  ခုနကပြောတဲ့  စစ်မှုထမ်းဆောင်တဲ့ ဥပဒေ ပြဋ္ဌာန်းပြီး  မဖြစ်မနေ စစ်မှုထမ်းဆောင်စေတဲ့   နိုင်ငံတွေလည်း   ရှိပါတယ်။   နောက်တစ်မျိုးကတော့ ထူးခြားတဲ့ အခြေအနေတစ်ရပ်အတွင်း ဥပဒေပြဋ္ဌာန်းပြီး စစ်မှုထမ်းဆောင်စေတဲ့ နိုင်ငံများဖြစ်ပါတယ်။ နောက်တစ်ခုကတော့ မဖြစ်မနေစစ်မှုထမ်းဆောင်ခြင်းနဲ့ ဆန္ဒအရ စစ်မှုထမ်းဆောင်စေခြင်း ၊ နှစ်မျိုးလုံးကို ကျင့်သုံးနေတဲ့ နိုင်ငံများ ဖြစ်ပါတယ်။ နောက်တစ်မျိုးကတော့   မဖြစ်မနေ   စစ်မှုထမ်းဥပဒေ  ပြဋ္ဌာန်းပြီး စစ်မှုထမ်းဆောင်စေတဲ့ နိုင်ငံများမှာ တပ်မတော်များမှာ တာဝန်ထမ်းဆောင်တဲ့နေရာမှာ အရပ်ဘက် လုပ်ငန်းတွေ၊ လက်နက်မကိုင်ရတဲ့ လုပ်ငန်းတွေ၊ တိုက်ပွဲမဝင်ရတဲ့နေရာတွေမှာ ရွေးချယ်အမှုထမ်းတဲ့ နိုင်ငံတွေလည်း ရှိပါတယ်။ နောက်တစ်မျိုးကတော့ မဖြစ်မနေစစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီး စစ်မှုထမ်းဆောင် စေတဲ့  နိုင်ငံများရဲ့  စစ်တပ်များမှာ တာဝန်ထမ်းဆောင်ရာမှာ  ရွေးချယ်ပိုင်ခွင့်မရှိတဲ့ နိုင်ငံများလည်း ရှိပါတယ်။ အဲဒီလိုဆောင်ရွက်တဲ့နေရာမှာ စစ်မှုမထမ်းမနေရ ဥပဒေပြဋ္ဌာန်းပြီး တာဝန်ထမ်းဆောင်နေတဲ့ လက်ရှိ ၁၈ နိုင်ငံရှိကြောင်းကို တွေ့ရပါတယ်။ ဥပမာအနေဖြင့် ဩစတြေးလျ၊ ဂျာမနီ၊ အီရန်၊ မလေးရှား၊ မက္ကဆီကို၊  နော်ဝေ၊  ရုရှား၊  စင်ကာပူ၊  တောင်ကိုရီးယား၊  ဆွီဒင်၊  ဆွစ်ဇာလန်၊  တူကီယဲ  စတဲ့နိုင်ငံများ ဖြစ်ပါတယ်။ စစ်မှုထမ်းဆောင်ဖို့အတွက် မဖြစ်မနေ ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။  ဒီလိုပါပဲ တချို့နိုင်ငံ တွေမှာ ခုနက ကျွန်တော်ပြောခဲ့တဲ့ ၆ မျိုး ပုံစံမျိုးတွေနဲ့ ရှိပါတယ်။ တချို့နိုင်ငံတွေကတော့ စစ်မှုမထမ်း မနေရစနစ်ကိုပဲ အပျော်တမ်းတပ်ဖွဲ့တွေ၊ အမြဲတမ်းမဟုတ်တဲ့ တပ်ဖွဲ့တွေ၊ ဒီလိုပုံစံမျိုးနဲ့ တာဝန်ထမ်းဆောင် နေတာမျိုးတွေလည်း ရှိပါတယ်။ 
ဒါကြောင့်မို့   ကျွန်တော်ပြောချင်တာက   ကမ္ဘာပေါ်မှာတော့ စစ်မှုထမ်းဆောင်ခြင်းဆိုတာသည် နိုင်ငံတော်ကာကွယ်ရေး၊ နိုင်ငံတော်လုံခြုံရေးအတွက် ပြည်သူအားလုံးမှာ တာဝန်ရှိတာနဲ့အညီ ပြဋ္ဌာန်းချက် အမျိုးမျိုး၊   ဥပဒေအမျိုးမျိုးနဲ့   ပြဋ္ဌာန်းသက်ဝင်လှုပ်ရှားနေတာပဲဖြစ်တယ် ဆိုတာကို ပြောလိုပါတယ်။ ကျွန်တော်တို့ ဒေသတွင်းနိုင်ငံများအနေနဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ လာအိုဒီမိုကရက်တစ် ပြည်သူ့သမ္မတ နိုင်ငံဆိုရင် ၁၉၉၁ ခုနှစ်ကတည်းကတိုင် စတင်ပြဋ္ဌာန်း ကျင့်သုံးနေတာဖြစ်ပါတယ်။ အရွယ်ရောက်ပြီးတဲ့ အမျိုးသား ၁၈ နှစ် အထက်နဲ့ အရွယ်ရောက်ပြီးတဲ့ အမျိုးသမီး ၂၀ နှစ်အထက် ကျန်းမာရေးကောင်းမွန်သူ အကုန်လုံးဟာ ပြည်သူ့စစ်ဌာနချုပ်အလိုက် တပ်သားသစ်စာရင်းသွင်းပြီး သင်တန်းပေးလေ့ကျင့် ၃ နှစ် စစ်မှုထမ်းတာဝန် ထမ်းဆောင်ရတာဖြစ်ပါတယ်။ နိုင်ငံ့ဝန်ထမ်းတွေကတော့ စစ်မှုထမ်းဆောင်ရန်မလိုဘဲနဲ့ လေ့ကျင့်ရေးစစ်ပညာ အခြေခံသင်တန်းကို သက်ဆိုင်ရာ ပြည်နယ်စစ်ဌာနချုပ်တွေမှာ ၆ လ သင်တန်း တက်ရတာမျိုး တွေ့ပါတယ်။ အိမ်နီးချင်းနိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာဆိုရင် အမျိုးသားအားလုံး တပ်မတော်မှာ တာဝန်ထမ်းဆောင်ရမယ်လို့ ပြဋ္ဌာန်းထားတာရှိပါတယ်။ အရန်တပ်သားအဖြစ် မှတ်ပုံတင်သူ တွေဟာ အသက် ၂၁ နှစ် ပြည့်တဲ့နှစ်မှာ   မိမိစစ်မှုထမ်းဆောင်ရန်   မှတ်ပုံတင်ထားတဲ့   မြို့နယ်တွေမှာ ဒီဇင်ဘာလ ၃၁ ရက်နေ့မတိုင်မီ စစ်သင်တန်းတက်ရောက်ရန် စာရွက်စာတမ်းများ တောင်းယူရပါတယ်။ 
ပြီးရင် ကျွန်တော်တို့ စာရင်းသွင်းပြီးရင် ဥပဒေအရ စစ်မှုထမ်းဆောင်နိုင်ရေး  ရွေးချယ်မှုအပေါ်မှာ မဲနှိုက်ရပါတယ်။ အနီမဲနဲ့ အနက်မဲဆိုပြီး နှစ်မျိုးရှိပြီး အနီမဲရတဲ့သူတွေက စစ်မှုထမ်းဆောင်ရပြီး၊ အနက်မဲ ရတဲ့သူတွေက စစ်မှုထမ်းဆောင်ရန် ကင်းလွတ်ခွင့် သူ့နေရာနှင့်သူ ပြဋ္ဌာန်းကျင့်သုံးနေတာကို ကျွန်တော် တို့ တွေ့ရပါတယ်။  စင်ကာပူနိုင်ငံဆိုရင် အမျိုးသားစစ်မှုထမ်းမှု ဥပဒေကို ၁၉၆၇ မှာ အသက် ၁၈ နှစ် ပြည့်ပြီးတဲ့သူတိုင်း နှစ်နှစ်စစ်မှုထမ်းတာဝန် ထမ်းဆောင်ရတာဖြစ်ပါတယ်။ ဒါတွေသည် ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း စစ်မှုထမ်းဆောင်ခြင်းဆိုတဲ့ အကြောင်းအရာသည် ယခင်ကတည်းကတိုင် ဆောင်ရွက် ခဲ့တာ ဖြစ်ပါတယ်။ ယခင်ကျွန်တော်တို့ အင်္ဂလိပ်လက်ထက် ဂျပန်ခေတ်ကတိုင် ထောင်ပြုမြို့၊ ဆယ်ပြုမြို့၊ ရာပြုမြို့    စတဲ့စစ်မှုထမ်းဆောင်နိုင်ရန်အတွက်    မြို့အလိုက်ကနေပြီးတော့   စစ်မှုထမ်းဆောင်ရန် ဆင့်ခေါ်လျှင် မြို့အလိုက် လူဦးရေ တစ်ထောင်၊ လူဦးရေရာဂဏန်း၊ လူဦးရေဆယ်ဂဏန်း စစ်မှုထမ်း ဆောင်ရန်အတွက်၊ နိုင်ငံတော်တာဝန်ထမ်းဆောင်ရန်အတွက် လုပ်ဆောင်ပေးရတဲ့ဟာတွေ ရှိပါတယ်။
ဒါ့အပြင်လွတ်လပ်ရေးတိုက်ပွဲဝင်ကာလ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ဗမာ့လွတ်လပ်ရေး တပ်မတော် BIA ဖွဲ့စည်းခဲ့ပါတယ်။ ဒီ BIA မှာလည်း စစ်မှုထမ်းဆောင်ဖို့ စစ်စည်းရုံးဖို့ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ဘန်ကောက်မှာ အင်အား ၂၀၀ လောက်နဲ့စတင်ခဲ့တဲ့ BIA ဟာ ၆ လ ၇လအတွင်းမှာ အင်အား ၅ သောင်းအထိ စစ်စည်းရုံးနိုင်ခဲ့ပါတယ်။ ဒါကြောင့်မို့လည်း လွတ်လပ်ရေးကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ ကျင့်သုံးနေတဲ့ စစ်မဟာဗျူဟာသည်  ပြည်သူ့စစ်မဟာဗျူဟာဖြစ်ပါ တယ်။  ဒါမြန်မာနိုင်ငံနှင့်  အသင့်တော်ဆုံးစစ်မဟာဗျူဟာကို  သုံးသပ်ချမှတ်တဲ့နေရာမှာ ၁၉၆၄ခုနှစ် တပ်မတော်တပ်မှူးများညီလာခံကနေစပြီး ပြည်သူ့စစ်မဟာဗျူဟာအကောင်အထည်ဖော်ဖို့ စတင်ဆွေးနွေး ခဲ့ပါတယ်။ ၁၉၆၇ ခုနှစ်မှာ ပြည်သူ့စစ်မဟာဗျူဟာကို လက်ခံရေးဆွဲခဲ့တာဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ စစ်စည်းရုံးနိုင်မှုစွမ်းရည်နဲ့ ပြည်သူ့စစ်မဟာဗျူဟာကို ဖော်ဆောင်နိုင်မှုစွမ်းရည်တွေကို ပြည်ပကျူးကျော်မှု ဖြစ်တဲ့ တရုတ်ဖြူကွန်မင်တန် ကျူးကျော်စစ်ကာလ၊ ပြည်တွင်းသောင်းကျန်းမှု အရှိန်မြှင့်တင်နေတဲ့ကာလ တွေမှာ ကျွန်တော်တို့ ဆောင်ရွက်ခဲ့ရပါတယ်။ မြစ်ဝကျွန်းပေါ်ဒေသ၊ ပဲခူးရိုးမဒေသတွေမှာဆိုရင် ပြည်သူ အားလုံးပါဝင်တဲ့ ပြည်သူ့စစ်မဟာဗျူဟာကျင့်သုံးပြီးတော့ ဆောင်ရွက်ခဲ့တဲ့အတွက်ကြောင့်  ပြည်တွင်း သောင်းကျန်းမှု မြန်မာနိုင်ငံအလယ်ပိုင်းဒေသ အရေးပါတဲ့ဒေသမှာ ပြည်တွင်းသောင်းကျန်းမှုကို အတူတူ ချုပ်ငြိမ်းသွားရခြင်းပဲဖြစ်ပါတယ်။ 
ဒီနေ့ ဒီအချိန်အခါမှာလည်း ကျွန်တော်တို့  နိုင်ငံအနေနဲ့ဖြစ်ပေါ်နေတဲ့ အခြေအနေများအရ ပြည်သူ့စစ် မဟာဗျူဟာ ပြည်သူအားလုံးပါဝင်တဲ့ အမျိုးသားစစ်မှုထမ်းစနစ် မဖြစ်မနေကျင့်သုံးဖို့  လိုအပ်လာပါတယ်။  ဒါတွေကြောင့်  ကျွန်တော်တို့အနေနဲ့   ဒါတွေကို  ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်။ နိုင်ငံတကာမှာလည်း လိုအပ်လာလျှင်   အရင်အမျိုးသားစစ်မှုထမ်းစနစ်ထက်  မြင့်မားတဲ့ စစ်စည်းရုံးမှု  War  Mobilization ဆိုတဲ့ ပုံစံမျိုးအထိ  လုပ်ဆောင်လာတာကို  တွေ့ရမှာဖြစ်ပါတယ်။  ဒီလိုမျိုး   လုပ်ဆောင်လာခြင်းဟာ နိုင်ငံတော်ကာကွယ်ရေး၊ နိုင်ငံတော်လုံခြုံရေးအတွက် လိုအပ်လာလျှင် ဆောင်ရွက်ရခြင်းသာဖြစ်ပါတယ်။ စစ်စည်းရုံးခြင်းဆိုတဲ့ဟာတွေ ဆောင်ရွက်တဲ့အခါမှာတော့ နိုင်ငံတော်မှာ စစ်ကာလ ဒါမှမဟုတ် အရေးပေါ် ကာလရည်မှန်းချက်များကို အောင်မြင်နိုင်ဖို့အတွက် နိုင်ငံရဲ့အရင်းအမြစ်များကို စုစည်းတဲ့၊ ဖွဲ့စည်းတဲ့၊ အသုံးချတယ်ဆိုတဲ့ဟာတွေကို ကျွန်တော်တို့ဆောင်ရွက်ရတာဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်တဲ့နေရာမှာ ယခုကျွန်တော်တို့  လက်ရှိဆောင်ရွက်နေတဲ့   ပြည်သူ့စစ်မှုထမ်း   ဥပဒေထက်မြင့်မားတဲ့ကိစ္စတွေကို ဆောင်ရွက်ရတာဖြစ်ပါတယ်။ ဥပမာ စစ်စည်းရုံးခြင်းတွေမှာဆိုရင်   နိုင်ငံရေးအရ  စစ်စည်းရုံးမှုတွေ၊ စီးပွားရေးအရ  စစ်စည်းရုံးမှုတွေ၊  စက်မှုလက်မှုလုပ်ငန်းများဆိုင်ရာ  စစ်စည်းရုံးမှုတွေ   ဒါကြောင့်မို့  စစ်စည်းရုံမှုပုံစံတွေ   စစ်စည်းရုံးမှုအသွင်သဏ္ဌာန်တွေနဲ့   ဆောင်ရွက်ရတာဖြစ်ပါတယ်။   ဒီလို ဆောင်ရွက်ရခြင်းဟာ ကျွန်တော်တို့အနေနဲ့ စစ်ရေးတာဝန်တစ်ခုတည်းကို ရည်မှန်းပြီးတော့ ဆောင်ရွက်ရ တာပါ။ ပြည်သူ့စစ်မဟာဗျူဟာရဲ့သဘောမှာ အမြဲတမ်းတပ်မတော်နဲ့ ပြည်သူတို့အကြား အဆက်ဆက် ဆိုတာပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီအမြဲတမ်းတပ်မတော်နဲ့ ပြည်သူတို့ရဲ့အကြား   အဆက်ဆက်ကို ပြည်သူ့စစ်မှုထမ်းဥပဒေက ပိုပြီးတော့ ခိုင်မာစေမှာဖြစ်ပါတယ်။ ပိုပြီးတော့ တည်မြဲစေမှာဖြစ်ပါတယ်။ ဒီလိုမျိုးဆောင်ရွက်တဲ့နေရာမှာ ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းခြင်းအားဖြင့် ဖြစ်ပေါ်လာနိုင်တဲ့ အကျိုး ကျေးဇူးတွေအနေနဲ့က စစ်ကိုဟန့်တားနိုင်တဲ့စွမ်းရည် Utterance Power ပိုမိုပြီးရရှိလာမှာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ရှင်းပြရလျှင် ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းခြင်းအားဖြင့် မိမိတို့နိုင်ငံရဲ့ကာကွယ်ရေး အင်အားနဲ့    မိမိတို့ပြည်သူလူထုရဲ့    ကာကွယ်ရေး၊   လုံခြုံရေးဆိုင်ရာအသိစွမ်းရည်တွေကို   ပြသနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုပြသနိုင်ခြင်းအားဖြင့် ပြိုင်ဘက်ရန်သူတွေဟာ ရန်ပြုလိုစိတ်၊ စစ်နဲ့ယှဉ်ပြိုင်လိုစိတ်များ ပျောက်ကွယ်သွားလျှင်   ဟန့်တားရေးမဟာဗျူဟာအောင်မြင်ပါတယ်။   စစ်မဖြစ်ရဘဲ   ဟန့်တားရေး မဟာဗျူဟာအောင်မြင်ခြင်းဖြစ်ပါတယ်။   စစ်ကိုဟန့်တားနိုင်တဲ့     စွမ်းရည်တွေရရှိလာမှာ    ဖြစ်ပါ တယ်။
နောက်တစ်ခုကတော့  ကျွန်တော်တို့   ဒီနိုင်ငံတော်လုံခြုံရေးအတွက်   ကြိုတင်အခြေအနေတွေ ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်သူအားလုံးသည် စစ်မှုထမ်းစနစ်နဲ့ အကျုံးဝင်နေတဲ့အတွက် စစ်ဘက်အရပ်ဘက် ဆက်ဆံရေးလည်း ပိုမိုကောင်းမွန်စေနိုင်မှာဖြစ်ပါတယ်။ ပြီးရင်တော့ အမြဲတမ်း တပ်မတော်ကို အင်အားအကြီးမားဆုံး၊  အခိုင်ခံ့ဆုံး  မတည်ဆောက်ဘဲ  ပြည်သူအားလုံးပါဝင်တဲ့စနစ်ကို  ဖော်ဆောင်မှာဖြစ်တဲ့အတွက် နိုင်ငံတော်ရဲ့စီးပွားရေးတည်ဆောက်မှုနဲ့ ကာကွယ်ရေးတည်ဆောက်မှုတို့ကို ဘက်ညီမျှတစေမှာလည်း ဖြစ်ပါတယ်။ ပြီးရင် စစ်သိပ္ပံနဲ့နည်းပညာဖွံ့ဖြိုးတိုးတက်မှုတွေ ရရှိလာမှာဖြစ်ပါ တယ်။ ပြီးရင်တော့ နိုင်ငံလုံးဆိုင်ရာ စုစည်းညီညွတ်မှုတွေ ပိုမိုတိုးတက်လာစေမှာဖြစ်ပါတယ်။ ဒီအကျိုး ကျေးဇူးတွေရရှိနိုင်မှာ ဖြစ်တဲ့အပြင် ကျွန်တော်တို့ နိုင်ငံရဲ့လိုအပ်နေတဲ့ အမျိုးသားရေးစိတ်ဓာတ်၊ အမျိုးသား ရေး သွေးစည်းညီညွတ်မှု National Sovereignty ဒါတွေလည်း တိုးမြင့်လာနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော့်အနေနဲ့ပြောလိုတာကတော့ နိုင်ငံတော်ကာကွယ်ရေးတာဝန်ဆိုတာသည် စစ်သားမှာတာဝန် ရှိတာမဟုတ်ပါဘူး၊ နိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့   ပြည်သူလူထုတစ်ရပ်လုံးမှာ   တာဝန်ရှိပါတယ်။   နိုင်ငံတော် လုံခြုံရေးတာဝန်ဆိုတာသည် အားလုံးမှာတာဝန်ရှိပါတယ်။ ဒါကြောင့်မို့  ဒီပြဋ္ဌာန်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေကို  အားလုံးက  ဂုဏ်ယူဝမ်းမြောက်စွာနဲ့   တာဝန်ထမ်းဆောင်ကြဖို့   ပြောကြားလိုပါတယ်။   အားလုံးကို ကျေးဇူးတင်ပါတယ်။