ကင်းလွတ်ခွင့်
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းတာဝန်မှ ကင်းလွတ်ခွင့်ပြုသူများ
(က) ဉာဏ်အရည်အသွေးမမီခြင်းနှင့်အကျင့်စာရိတ္တပျက်ပြားခြင်းတို့ကြောင့် စစ်မှုထမ်းရန် မသင့်လျော်သူများ။
(ခ) ဆေးစစ်ဆေးခြင်းသတ်မှတ်ချက်အရ စိတ်ပေါ့သွပ်သူဖြစ်ခြင်း (သို့မဟုတ်) စိတ်ပေါ့သွပ်နေသည်ဟု သက်ဆိုင်ရာဥပဒေက ပြဋ္ဌာန်းထားသည့်အတိုင်း သတ်မှတ်ခံရသူများ။
(ဂ) နိုင်ငံ့အတွက် တာဝန်ထမ်းဆောင်နေပြီး အစားထိုးရန်မဖြစ်နိုင်သေးသော အသိပညာရှင် (သို့မဟုတ်) အတတ်ပညာရှင်များ။
(ဃ) တိုက်ပွဲတွင်ကျဆုံးခဲ့သည့်တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်အဖွဲ့ဝင်များ ၏ သားသမီးအရင်းအချာများ (ကိတ္ထိမသားသမီးများ၊ မွေးစားသားသမီးများမပါ)။
မှတ်ချက်။ အကယ်၍ ၎င်းသားသမီးအရင်းများသည် ပြည်သူ့စစ်မှုထမ်းဆောင်ရန် သဘောဆန္ဒ အလျောက် ဆန္ဒပြုပါက စစ်မှုထမ်းဆောင်ရန် ခွင့်ပြုနိုင်သည်။
(င) အာဆီယံအဆင့်၊ အာရှအဆင့်၊ ကမ္ဘာ့အဆင့် အားကစားပြိုင်ပွဲများတွင် နိုင်ငံ့ဂုဏ်ဆောင် ရွှေတံဆိပ်၊ ငွေတံဆိပ်၊ ကြေးတံဆိပ်တစ်ခုခုရရှိသော အားကစားသမားများ။
(စ) နိုင်ငံ့ဝန်ထမ်းတာဝန်ထမ်းဆောင်နေသော တစ်ဆက်စပ်တည်း လုပ်သက် ၂ နှစ်နှင့်အထက်ရှိသော ဆရာဝန်နှင့်သူနာပြုများ။
(ဆ) တစ်ဆက်စပ်တည်း လုပ်သက် ၂ နှစ်နှင့်အထက်ရှိသော တပ်မတော်စစ်သည် အစားခန့် အရပ်သား ဝန်ထမ်းများ။
(ဇ) ကင်းလွတ်ခွင့်ပြုရန် မဖြစ်မနေလိုအပ်နေသူများအဖြစ် ကျိုးကြောင်းခိုင်လုံစွာ တင်ပြနိုင်သူများ။
လျှော့ပေါ့ခွင့်
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ပြည်သူ့စစ်မှုထမ်းဆောင်ရမည့်တာဝန်မှ လျှော့ပေါ့ခွင့်ပြုသူများ မှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) လျှောက်ထားသူ၏ မိဘနှစ်ပါးစလုံးသည် နိုင်ငံ့ဝန်ထမ်းအဖြစ် နှစ်ပေါင်း ၂၀ ထက်မနည်း တာဝန် ထမ်းဆောင်နေဆဲ ဖြစ်ပါကလည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သက်ပြည့် အငြိမ်းစားယူခဲ့သူဖြစ်ပါကလည်းကောင်း အဆိုပါလျှောက်ထားသူအား ဥပဒေအရ ၎င်းထမ်းဆောင် ရမည့် ပြည်သူ့စစ်မှုထမ်းရန်ကာလ၏ တစ်ဝက်အထိ လျှော့ပေါ့ပေးနိုင်သည်။
( ခ ) လျှောက်ထားသူ၏ မိဘနှစ်ပါးအနက် တစ်ဦးဦးသည် နိုင်ငံ့ဝန်ထမ်းအဖြစ် နှစ်ပေါင်း၂၀ ထက်မနည်း တာဝန်ထမ်းဆောင်နေဆဲဖြစ်ပါက လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သက်ပြည့်အငြိမ်းစားယူခဲ့သူဖြစ်ပါက လည်းကောင်း၊ အဆိုပါလျှောက်ထားသူအား ဥပဒေအရ ၎င်းထမ်းဆောင်ရမည့် ပြည်သူ့စစ်မှုထမ်းရန်ကာလ၏ သုံးပုံတစ်ပုံအထိ လျှော့ပေါ့ပေးနိုင်သည်။
( ဂ ) ပြည်သူ့စစ်မှုထမ်းတစ်ဦးဦးသည် တာဝန်ထမ်းဆောင်နေသည့်ကာလအတွင်း ထိခိုက်ဒဏ်ရာရရှိခြင်း များရှိခဲ့ပါက ထိခိုက်ဒဏ်ရာရရှိသည့်နေ့နောက်ပိုင်း ဆက်လက်တာဝန်ထမ်းဆောင်ရန် ကျန်ရှိသည့် ကာလအား လျှော့ပေါ့ပေးနိုင်သည်။
ရွှေ့ဆိုင်းခွင့်
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ပြည်သူ့စစ်မှုထမ်းဆောင်ရမည့်တာဝန်မှ ရွှေ့ဆိုင်းခွင့်ပြုသူများ
(က) ဆင့်ခေါ်ရေးအမိန့်စာ လက်ခံရရှိသည့်နေ့မှ သတ်မှတ်ထားသည့်နေ့ရက်အတိုင်း သတင်းပို့ခြင်း မပြုရသေးမီကာလအတွင်း မိဘတစ်ဦးဦးသော်လည်းကောင်း၊ အိမ်ထောင်သည် အမျိုးသားဖြစ်ပါက ဇနီးသော်လည်းကောင်း ရုတ်တရက် သေဆုံးသွားခြင်း။
(ခ) ဆင့်ခေါ်ရေးအမိန့်စာ လက်ခံရရှိသည့်နေ့မှ သတ်မှတ်ထားသည့် နေ့ရက်အတိုင်း သတင်းပို့ခြင်း မပြုရသေးမီကာလအတွင်း မတော်တဆဖြစ်ရပ်တစ်ခုခုကြောင့်ဖြစ်စေ၊ အခြားသူ၏ ပယောဂတစ်ခုခု ကြောင့်ဖြစ်စေ ကိုယ်လက်အင်္ဂါအစိတ်အပိုင်းတစ်ခုခု အပြင်းအထန် ဒဏ်ရာရရှိသူဖြစ်ခြင်း။
(ဂ) ဥပဒေနှင့်အညီ ချုပ်နှောင်ခံနေရသူ၊ သို့မဟုတ် တရားရုံးတစ်ခုခုတွင် အမှုရင်ဆိုင်နေရသူ ဖြစ်ခြင်း။
(ဃ) နိုင်ငံတော်၏ လိုအပ်ချက်အရ ပညာရပ်များကို လေ့လာသင်ယူနေသူဖြစ်ခြင်း။
(င) ပြည်သူ့စစ်မှုထမ်းရမည့်တာဝန်မှ ယာယီရွှေ့ဆိုင်းပေးရန် မဖြစ်မနေ လိုအပ်နေသူဖြစ်ခြင်း