
နေပြည်တော် မေ ၉
ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်း၌ ကျင်းပသည်။
တက်ရောက်
အခမ်းအနားသို့ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဌေးအောင်၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာ ကံဇော်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ဒေါ်သန်းသန်းလင်း၊ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်း စီမံခန့်ခွဲမှု အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အရာရှိကြီး များ၊ ဗဟိုအဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနအဖွဲ့ အစည်း ၃၆ ခုမှ သင်တန်သား သင်တန်းသူများ တက်ရောက်ကြသည်။
စဉ်ဆက်မပြတ် စောင့်ကြပ်
ဖွင့်ပွဲအခမ်းအနားတွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က နိုင်ငံတော်၏ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုစနစ် ကျင့်သုံးဆောင်ရွက်ရာတွင် အစိုးရဌာန၊ အဖွဲ့အစည်း များရှိ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားစေရန် ရည်ရွယ်ပြီး ယခုသင်တန်းအား ဖွင့်လှစ်ခြင်းဖြစ် ကြောင်း၊ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများအနေဖြင့် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ်များ၏ ရငွေ၊ သုံးငွေများကို ထိရောက်စွာ စီမံခန့်ခွဲနိုင်ရန်ဖြစ် ကြောင်း၊ ပြည်သူ့အကျိုးပြု စီမံကိန်းများကို ချမှတ် ရေးဆွဲ အကောင်အထည်ဖော်ရာတွင် စီမံကိန်းရေးဆွဲ ခြင်းနှင့် ဘတ်ဂျက်ရေးဆွဲခြင်းဆိုင်ရာ ချိတ်ဆက် ဆောင်ရွက်မှု ခိုင်မာအားကောင်းစေရန်၊ စီမံကိန်း လျာထားချက်များအတိုင်း ပြည့်ဝစွာ အကောင် အထည်ဖော်နိုင်စေရန်၊ စီမံခန့်ခွဲမှု အားနည်းချက် များကြောင့် ပြည်သူ့ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံး မှုများ မဖြစ်ပေါ်စေရန်၊ စီမံကိန်းနှင့် ဘတ်ဂျက် အကောင်အထည်ဖော်မှု အစီရင်ခံစာများကို စနစ် တကျ တင်ပြနိုင်စေရန်နှင့် လုပ်ငန်းဆောင်ရွက် မှုများနှင့်စပ်လျဉ်း၍ စာရင်းစစ်ဆေးခံယူမှုများ စနစ်တကျရှိစေရန် စဉ်ဆက်မပြတ် စောင့်ကြပ် ကြည့်ရှုဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကောင်းမွန် သည့် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုကို တည်ဆောက် နိုင်မှသာ နိုင်ငံတော်အတွက် ရေရှည်တည်တံ့ခိုင်မြဲ သော ဘဏ္ဍာရေးဆိုင်ရာ အထောက်အပံ့ကို ရရှိနိုင် မည်ဖြစ်ကြောင်း ပြောကြားသည်။
လေးပတ်ကြာမြင့်မည်
ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုအထူးမွမ်းမံ သင်တန်းကို အစိုးရဌာနများနှင့် အဖွဲ့အစည်းများ အတွင်း ခိုင်မာသည့် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု စနစ်ကို တည်ထောင်ကျင့်သုံးနိုင်ရေးအတွက် စွမ်းရည်ပြည့်ဝသော နိုင်ငံ့ဝန်ထမ်းများ မွေးထုတ် ပေးရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ယခုဖွင့်လှစ်သည့် သင်တန်းသို့ ဗဟိုအဖွဲ့အစည်း များနှင့် ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးရှိ စီမံ ကိန်းနှင့်ဘဏ္ဍာရေးဆိုင်ရာ တာဝန်ခံ ညွှန်ကြား ရေးမှူးအဆင့် အရာထမ်း စုစုပေါင်း ၃၆ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တ လေးပတ်ကြာမြင့်မည်ဖြစ်ကြောင်း၊ ပြည်သူ့ ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း (Public Finance Management Academy – PFM Aca-demy) ကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၈ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ကာ သင်တန်းကျောင်း စတင်ဖွင့်လှစ် သည့်အချိန်မှ ယနေ့အထိ ပြည်သူ့ဘဏ္ဍာရေးစီမံ ခန့်ခွဲမှုအခြေခံ သင်တန်း သုံးခုနှင့် အထူးကာလတို သင်တန်း ၃၈ ခု ဖွင့်လှစ်ပို့ချခဲ့ပြီး သင်တန်းသား သင်တန်းသူ စုစုပေါင်း ၂၀၆၁ ဦး တက်ရောက် ခဲ့ကြကြောင်း သိရသည်။ သတင်းစဉ်