
မောင်သိက္ခာ(မန်းတက္ကသိုလ်)
အသက်တစ်ရာမနေရသော်လည်း အမှုတစ်ရာကြုံရတတ်သော လူ့ဘောင်လောကတွင် မည်သူမဆို အမှုအခင်းကိစ္စ ကြုံတွေ့လေ့ရှိကြမြဲဖြစ်သည်။ ထိုသို့ ကြုံတွေ့ကြချိန် ကျွမ်းကျင်သောဘာသာရပ်မဟုတ်သဖြင့် ရှေ့နေရှေ့ရပ်များကို အားကိုးတကြီး ငှားရမ်းရင်ဆိုင်ကြရသည်။ သို့သော် အချို့သောဆင်းရဲနွမ်းပါးသူများ၊ ကလေးသူငယ်များ၊ အမျိုးသမီးများ၊ အထူးပြုစုစောင့်ရှောက်ရန် လိုအပ်နေသူများ၊ မသန်စွမ်းသူ၊ ခုခံအားကျဆင်းမှုရောဂါ သို့မဟုတ် အခြားကူးစက်မြန်ရောဂါ ခံစားနေရသူများအနေဖြင့် ရှေ့နေရှေ့ရပ်ငှားရမ်းရန် ခက်ခဲကြရသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၄၇ တွင် “နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာ တွင် တန်းတူညီမျှအခွင့်အရေး ရရှိစေရမည်။ ထို့ပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရပိုင်ခွင့်ပေးရမည်” ဟု ပြဋ္ဌာန်းထားရှိရာ ယင်း ပြဋ္ဌာန်းချက်နှင့်အညီ အထက်ဖော်ပြပါ ဥပဒေဆိုင်ရာ အထောက်အကူ လိုအပ်နေသူများအတွက်၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁၈ ရက်တွင် “ဥပဒေဆိုင်ရာ အထောက်အကူပေးရေး ဥပဒေကို ၂၀၁၆ ခုနှစ် ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ် ၁၀” အဖြစ် စတင် ပြဋ္ဌာန်းခဲ့ပါသည်။
ပြဋ္ဌာန်းချက် အချို့အား
ပြင်ဆင်ခြင်း ပယ်ဖျက်ခြင်း
တစ်ဖန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၁၉/၂၀၂၁ ဖြင့် ဥပဒေဆိုင်ရာ အထောက်အကူပေးရေး ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်း ခဲ့ပါသည်။ ယင်းဥပဒေတွင် အခန်း ၁၄ ခန်း ပါရှိပြီး ပုဒ်မ ၄၈ ခုပါရှိသည်။ ယင်းတို့အနက် ခေတ်ကာလ နှင့် မကိုက်ညီတော့သော ပြဋ္ဌာန်းချက် အချို့အား ပြင်ဆင်ခြင်း ပယ်ဖျက်ခြင်းတို့ကို ပြုလုပ်ခဲ့ပြီး ဖြစ်ပါ သည်။ မည်သို့ပင်ဖြစ်စေ ဤဥပဒေ၏ မူလရည်ရွယ် ချက်ကမူ ပြောင်းလဲခြင်းမရှိပါ။
ဤဥပဒေ အခန်း (၁) တွင် ဥပဒေဆိုင်ရာ အထောက်အကူဆိုသည်မှာ အဘယ်ကိုဆိုလို ကြောင်း ဖော်ပြထားရာ“ဥပဒေဆိုင်ရာအထောက်အကူ ဆိုသည်မှာ ဥပဒေဆိုင်ရာအထောက်အကူ တောင်းပိုင်ခွင့်ရှိသူများအား ဤဥပဒေနှင့်အညီ ရှေ့နေ ငှားရမ်းပေးခြင်း၊ ဥပဒေဆိုင်ရာ အသိပညာ ပေးခြင်း၊ အကြံပေးခြင်း၊ အကူအညီပေးခြင်းနှင့် သတင်းအချက်အလက်ပေးခြင်းတို့ကို ဆိုလိုကြောင်း” အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ ယင်းပုဒ်မ ၁ ပါ ဥပဒေ ဆိုင်ရာ အထောက်အကူ တောင်းခံခွင့်ရှိသူများသည် မည်သူတို့ဖြစ်သည်ကို ပုဒ်မ ၂ တွင် “ဥပဒေဆိုင်ရာအထောက်အကူတောင်းခံခွင့်ရှိသူ ဆိုသည်မှာ ပြစ်မှု တစ်ခုခုဖြင့် တရားစွဲဆိုခြင်း၊ ပြစ်ဒဏ်ချမှတ်ခြင်းခံရ သည့် ဆင်းရဲနွမ်းပါးသူများ၊ ကလေးသူငယ်များ၊ အမျိုးသမီးများ၊ အထူးပြုစုစောင့်ရှောက်ရန် လိုအပ် နေသူများ၊ မသန်စွမ်းသူ၊ ခုခံအားကျဆင်းမှု ရောဂါ သို့မဟုတ် အခြားကူးစက်မြန်ရောဂါခံစားနေရသူများကို ဆိုလိုကြောင်း” ဆက်လက်အဓိပ္ပာယ်ဖွင့်ဆိုထားသည်ကို တွေ့ရမည်ဖြစ်သည်။
ပြင်ဆင်ချက် ပယ်ဖျက်ချက်များ
ဥပဒေဆိုင်ရာ အထောက်အကူပေးရေးဥပဒေ၏ ရည်ရွယ်ချက်များကို အခန်း (၂) ပုဒ်မ ၃ တွင် အောက်ပါအတိုင်းပြဋ္ဌာန်းထားသည်။
(က) ဥပဒေဆိုင်ရာ အထောက်အကူပေးရာ တွင် ဥပဒေအရာ၌ မျှတမှုနှင့် တန်းတူ ညီမျှ အခွင့်အရေးများ ရရှိစေရန်၊
( ခ) ပြစ်မှုများတွင် ဥပဒေနှင့်အညီ ခုခံချေပ ခွင့်နှင့် အယူခံပိုင်ခွင့်တို့ကို ဆောင်ရွက် ရာ၌ ထိရောက်သည့် ဥပဒေဆိုင်ရာ အထောက်အကူရရှိစေရန်၊ (ပြင်ဆင်)
( ဂ ) ဥပဒေဆိုင်ရာ အထောက်အကူပေးရေး လုပ်ငန်းများကို အများပြည်သူ သိရှိ နားလည် ကျင့်သုံးလာစေရေးအတွက် ပညာပေးဆွေးနွေးမှုများဆောင်ရွက်နိုင် ရန်၊
(ဃ) ပြစ်မှုဆိုင်ရာ ဥပဒေပြဿနာများကို ဖြေရှင်းရာတွင် ပွင့်လင်းမြင်သာပြီး တရားမျှတမှု ရရှိစေခြင်းဖြင့် တရား ဥပဒေစိုးမိုးမှုနှင့် တရားဥပဒေအပေါ် ယုံကြည်မှု ပိုမိုမြင့်မားလာစေရန်၊
( င ) (ပယ်ဖျက်)
( စ ) အမှုများကို မှန်မှန်နှင့်မြန်မြန် စီရင်ဆုံး ဖြတ်နိုင်ရေးအတွက် အထောက်အကူပြု ရန်၊
(ဆ) မှုခင်းကြိုတင်ကာကွယ်ရေးကို အထောက် အကူပြုစေရန် စသည်တို့ ဖြစ်ပါသည်။
လက်ကိုင်ထားရမည့် အခြေခံမူများ
ဆက်လက်၍ ဥပဒေဆိုင်ရာ အထောက်အကူပေး ရေးအဖွဲ့၏ လက်ကိုင်ထားရမည့် အခြေခံမူများကို အခန်း (၃) ပုဒ်မ ၄ တွင် ချမှတ်ပြဋ္ဌာန်းထားပါသည်။
(က) ပြစ်မှုဆိုင်ရာ တရားစီရင်ရေးတွင် အများ ပြည်သူက ယုံကြည်စိတ်ချရပြီး စဉ်ဆက် မပြတ် ထိရောက်စွာ အသုံးပြုနိုင်သော ဥပဒေဆိုင်ရာ အထောက်အကူပေးသည့် စနစ် ဖြစ်ပေါ်စေရေး၊
( ခ ) ပြစ်မှုကျူးလွန်ခြင်းများကို ကြိုတင် ကာကွယ်နိုင်ရေးအတွက် အများပြည်သူ အား ဥပဒေဆိုင်ရာ ဗဟုသုတတိုးပွားလာ စေရန် ပညာပေးရေး၊
( ဂ ) တရားစွဲဆိုခံရသူများနှင့် ပြစ်ဒဏ်ချမှတ် ခြင်းခံနေရသူများကို ဥပဒေဆိုင်ရာ အထောက်အကူပေးရေး၊ (ပြင်ဆင်)
(ဃ) (ပယ်ဖျက်)
( င ) (ပယ်ဖျက်)
( စ ) ဥပဒေဆိုင်ရာ အထောက်အကူ တောင်းခံ ခွင့်ရှိသူများကို လူမျိုး၊ ကိုးကွယ်ရာ ဘာသာ၊ ကိုးကွယ်ယုံကြည်မှု၊ အသက် အရွယ်၊ ကျား မ မခွဲခြားဘဲ ဥပဒေဆိုင်ရာ အထောက်အကူပေးရေး၊
(ဆ) ပြစ်မှုဆိုင်ရာ တရားစီရင်ရေးလုပ်ငန်း အဆင့်ဆင့်တွင် မှန်ကန်မျှတ၍ ထိရောက်သော ဥပဒေဆိုင်ရာ အထောက်အကူ ပေးခြင်းကို ဆောလျင်စွာရရှိရေး၊
( ဇ ) ဥပဒေဆိုင်ရာအထောက်အကူပေးသည့် စနစ်နှင့်သက်ဆိုင်သည့် သတင်းအချက် အလက်များကို အများပြည်သူသိရှိစေ ရေး စသည့်အချက်များကို အခြေခံမူများ အဖြစ် ထားရှိပါသည်။
ဥပဒေဆိုင်ရာ
အထောက်အကူပေးရေးအဖွဲ့များ
ဥပဒေ အထောက်အကူပေးနိုင်ရေးအတွက် ပြည်ထောင်စုအဆင့်ဥပဒေဆိုင်ရာ အထောက်အကူ ပေးရေးအဖွဲ့ကို အခန်း (၄) ပုဒ် ၅ (က)အရ ဖွဲ့စည်း ခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့များကို အခန်း (၅) ပုဒ်မ ၈ (က) အရ ပြဋ္ဌာန်းဖွဲ့စည်းခဲ့ပါသည်။ တစ်ဖန် အခန်း(၇) ပုဒ်မ ၁၂ (က) ဖြင့် မြို့နယ်ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ကာ ယင်း မြို့နယ်အဖွဲ့များသည် အခန်း(၆) ပုဒ်မ ၁၀ အရ မိမိတို့မြို့နယ်အလိုက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥပဒေ ဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့၊ ခရိုင်ဥပဒေ ဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့များအဖြစ် ပူးတွဲ တာဝန်ယူဆောင်ရွက်ရမည်ဖြစ်ကြောင်း အပ်နှင်း ပြဋ္ဌာန်းထားသည်ကို တွေ့ရသည်။
ဥပဒေဆိုင်ရာ အထောက်အကူ
တောင်းခံခွင့်ရှိသူများ
ဤဥပဒေအခန်း ၉ ပုဒ်မ ၁၇ အရ ဥပဒေဆိုင်ရာ အထောက်အကူတောင်းခံခွင့်ရှိသူများသည် ဥပဒေ ဆိုင်ရာ အထောက်အကူရယူလိုပါက သက်ဆိုင်သည့် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့သို့ သတ်မှတ်ချက်များနှင့်အညီ တင်ပြတောင်းခံနိုင်ပါ သည်။ သက်ဆိုင်သည့် ဥပဒေဆိုင်ရာ အထောက် အကူပေးရေးအဖွဲ့သည် ပုဒ်မ ၁၇ အရ တင်ပြ တောင်းခံချက်ကို လက်ခံရရှိသည့်အခါ ပုဒ်မ ၁၈ (က) သတ်မှတ်ချက်များနှင့် ညီညွတ်ပါက လိုအပ် သော ဥပဒေဆိုင်ရာ အထောက်အကူပေးရန် ဆောင်ရွက်ရမည်။
(ခ) သတ်မှတ်ချက်များနှင့် ညီညွတ်မှုမရှိလျှင် ကျိုးကြောင်းဖော်ပြ၍ ဥပဒေဆိုင်ရာ အထောက်အကူ ပေးရန် ငြင်းဆိုနိုင်ကြောင်း ပုဒ်မ ၁၈ တွင် ဆက်လက် ပြဋ္ဌာန်းထားသည်။
ဥပဒေဆိုင်ရာ အထောက်အကူပေးရေး
အဖွဲ့အဆင့်ဆင့်ထံ တင်ပြတောင်းခံနိုင်
သို့သော် ယင်းပုဒ်မ ၁၈ (ခ) အရ ငြင်းဆိုခြင်းခံရ လျှင် ဥပဒေဆိုင်ရာအထောက်အကူ တောင်းခံခွင့် ရှိသူများသည် ဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့အဆင့်ဆင့်ထံ တင်ပြတောင်းခံနိုင်ပြီး ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်ပါသည်။
ပြည်သူများအနေဖြင့် ပြစ်မှုတစ်ရပ်ရပ်ဖြင့် စွဲဆို ခံရခြင်း၊ ပြစ်ဒဏ်ချမှတ်ခံရခြင်းများ ကြုံတွေ့ရပါက ဤဥပဒေနှင့် ညီညွတ်အကျုံးဝင်သူများအနေဖြင့်မိမိတို့ သက်ဆိုင်ရာမြို့နယ်ရှိ ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့များနှင့် ဆက်သွယ်၍ အကူအညီတောင်းခံနိုင်ကြကြောင်း သိရှိနိုင်ရန် ရေးသား တင်ပြရခြင်းလည်းဖြစ်ပါသည်။
အကျိုးအမြတ်တစ်စုံတစ်ရာ
တောင်းခံခြင်းမရှိစေရန် ကြီးကြပ်ရမည်
ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့များ အနေဖြင့်လည်း အခန်း ၁၃ ပုဒ်မ ၃၇(ခ)အရ ဥပဒေ ဆိုင်ရာ အထောက်အကူပေးသူများက ဥပဒေ အထောက်အကူတောင်းခံသူများထံမှ အခကြေးငွေ သို့မဟုတ် အကျိုးအမြတ်တစ်စုံတစ်ရာ တောင်းခံခြင်း မရှိစေရန် ကြီးကြပ်ရမည်ဖြစ်ကြောင်း တားမြစ် ပြဋ္ဌာန်းထားခြင်းလည်းရှိပါကြောင်း ထပ်လောင်း တင်ပြလိုက်ရပါသည်။ ။
- Log in to post comments