
နေပြည်တော် ဇန်နဝါရီ ၁၃
ပြည်သူ့အငှားအိမ်ရာ တည်ဆောက်ရေးစီမံကိန်း ဦးစီးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဆောက်လုပ် ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
အစည်းအဝေးသို့ ပြည်သူ့အငှားအိမ်ရာစီမံကိန်း ဦးစီးကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးက Video Message ပေးပို့အမှာစကား ပြောကြားရာတွင် စီမံကိန်းအတွက် သုံးစွဲထားသော နိုင်ငံတော်ဘဏ္ဍာငွေများ လေလွင့်မှု မရှိစေရန် ဆောင်ရွက်ဆဲအဆောက်အအုံနှင့် Infrastructure လုပ်ငန်းများကို ပြီးပြတ်အောင် ဆောင်ရွက်ပြီး နေထိုင်လိုသူ ပြည်သူများအား အလျင်အမြန် အငှားချထားပေးနိုင်ခြင်းအားဖြင့် တိုးတက်လာသော လူဦးရေနှင့် လိုအပ်မည့်အိမ်ရာ များ ဖြည့်ဆည်းပေးနိုင်မည့်အပြင် ငှားရမ်းခဝင်ငွေ များ နိုင်ငံတော်ဘဏ္ဍာငွေသို့ ပြန်လည်စီးဝင်လာမည် ဖြစ်ကြောင်း၊ Phase (1) ၏ တည်ဆောက်ရေးလုပ်ငန်း များ မတ်လနှင့် ဧပြီလတွင် ပြီးစီးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ၌ ကြုံတွေ့နေရသည့် အခက် အခဲများကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြစေလို ကြောင်း၊ အငှားအိမ်ရာချထားပေးနိုင်ရေးအတွက် အိမ်ခန်းအငှားချထားရေး မူဝါဒများကိုလည်း ကြိုတင်ချမှတ်ထားရန် အကြံပြုဆွေးနွေးကြစေလို ကြောင်း ပြောကြားသည်။
ထို့နောက် ဦးစီးကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးမင်းထိန်က ပြည်သူ့အငှားအိမ်ရာ စီမံကိန်းလုပ်ငန်းများကို နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ပုဂ္ဂလိကလုပ်ငန်းရှင် အသင်းအဖွဲ့ များနှင့်ပူးပေါင်း၍ လုပ်ငန်းများအရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ ကိုလည်းကောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက စီမံကိန်း ဆောင်ရွက်ရာတွင် ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲရေး ဆိုင်ရာ ဘဏ္ဍာရေး စည်းမျဉ်း၊ စည်းကမ်းများ၊ ငှားရမ်းနေထိုင်ခွင့်ဆိုင်ရာ အခြေခံမူများ၊ အိမ်ခန်း လျှောက်ထားသူများအတွက် သတ်မှတ်ချက်များ၊ SOP စနစ်တကျ ရေးဆွဲရေး၊ လုပ်ငန်းပိုင်းဆိုင်ရာ အသေးစိတ်သိရှိလိုသည်များ မေးမြန်းဆွေးနွေးခြင်း၊ အတည်ပြုချက်နှင့် ဆုံးဖြတ်ချက်များ ချမှတ်ခြင်း များနှင့်စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးတင်ပြ ကြသည်။
ထို့နောက် ဦးစီးကော်မတီအတွင်းရေးမှူးက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနှင့် နေပြည်တော်ကောင်စီတို့မှ အကြံပြုဆွေးနွေးတင်ပြ မှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှုအစီအစဉ် အရ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်နှင့် ဝင်ငွေနည်းပြည်သူများ၏ နေထိုင်ရေး ဖြေရှင်းပေးနိုင်ရန် ပြည်သူ့အငှား အိမ်ရာစီမံကိန်း အခန်း ၁၀၀၀၀ စီမံကိန်းမှ Phase (1) အဖြစ် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတို့တွင် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် အိမ်ရာအခန်းပေါင်း ၄၄၈ ခန်း၊ အဆောက်အအုံ ၂၈ လုံး၊ ရန်ကုန်မြို့ ဒဂုံတောင် မြို့နယ်တွင် အိမ်ရာအခန်းပေါင်း ၃၁၀၄ ခန်း၊ အဆောက်အအုံ ၁၉၄ လုံးနှင့် မန္တလေးမြို့ ပုသိမ်ကြီး မြို့နယ်တွင် အိမ်ရာအခန်းပေါင်း ၁၄၅၆ ခန်း၊ အဆောက်အအုံ ၉၁ လုံး စုစုပေါင်း ၅၀၀၈ ခန်း အဆောက်အအုံ ၃၁၃ လုံးကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မကြာမီ ပြည်သူများအား အငှားအိမ်ရာများ ချထားပေးနိုင်ရန် လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
သတင်းစဉ်