
လွန်းပိုးအိမ်
“သွေး” ဆိုသည်မှာ လူ၏ခန္ခာကိုယ် အတွင်း အရေးအပါဆုံးသော အင်အား တစ်ရပ်ဖြစ်သည်။ သွေး၏ ဖွဲ့စည်းပုံကား မျှတညီညာရသည်။ သွေးလည်ပတ်မှု ဖြစ်စဉ်သည်လည်း တိကျမှန်ကန်ရမည်။ သို့မှသာ ခန္ခာကိုယ်ဖွံ့ဖြိုးကြီးထွား၍ အသက်ရှင် ရပ်တည်နေနိုင်မည်ဖြစ်သည်။ ထို့အတူ ပြည်ထောင်စုမြန်မာနိုင်ငံတော် အတွင်းရှိ သွေးရင်းညီအစ်ကိုမောင်နှမ ၁၃၅ မျိုးတို့သည် စည်းလုံးညီညွတ်စွာ အတူတကွ နေထိုင်ကြရမည်။ အေးအတူ ပူအမျှ တိကျမှန်ကန်သော စည်းကမ်း ကျင့်ဝတ်တို့ကို လိုက်နာစောင့်ထိန်းကြ ရမည်။ သို့မှသာ ပြည်ထောင်စုကြီး အဓွန့် ရှည်တည်တံ့ခိုင်မာ၍ ဖွံ့ဖြိုးတိုးတက်လိမ့် မည်။
လူတို့သည် အစုအဖွဲ့နှင့် နေထိုင် ခြင်း၊ စည်းလုံးညီညွတ်မှုရှိခြင်းတို့ ကြောင့် မည်သည့်အန္တရာယ်မှ မကျ ရောက်နိုင်ပါ။ အန္တရာယ်နှင့် ကြုံတွေ့လာ လျှင်လည်း စုပေါင်းအားနှင့် ဖြိုခွင်းလိုက် ပါက ချမ်းသာခြင်းသို့ ရောက်နိုင်သည်။ နွားကွဲလျှင် ကျားဆွဲမည်မှာ သဘာဝပင် ဖြစ်သည်။ စည်းလုံးညီညွတ်မှု ပျက်ပြား လျှင် ဘေးဒုက္ခနှင့် ကြုံတွေ့ရတတ် ကြောင်း သင်ခန်းစာယူနိုင်ပါသည်။
စုစည်းမှုအင်အား
စုစည်းမှုအင်အားသည် အလွန် အရေးကြီးလှသည်။ ထင်းကို တစ်ချောင်း စီချိုးလျှင် ကျိုးနိုင်သော်လည်း ထင်းစည်း လိုက်ချိုးလျှင်မူ ချိုး၍မရနိုင်ပါ။ ထင်း ချောင်းများကိုစု၍ စည်းထားခြင်းကြောင့် ထင်းများ၏စုစည်းမှု အင်အားကြီးမား ကြောင်း၊ တန်ဖိုးရှိကြောင်း သာဓကပြနေ ခြင်းဖြစ်ပါသည်။ မြန်မာ့ဆိုရိုးစကားတွင် လည်း “ရေများရေနိုင်၊ မီးများမီးနိုင်” ဟူသည်မှာ စုစည်းမှု၏ အင်အားတန်ဖိုး ကြီးမားကြောင်း၊ စည်းလုံးခြင်းသည် ခွန်အားဖြစ်ကြောင်း ပြသနေခြင်းဖြစ် သည်။
အသင်းအဖွဲ့တိုင်းတွင် စည်းလုံး ညီညွတ်မှုသည် အရေးပါကြောင်း လှေပြိုင်ပွဲသာဓကဖြင့် သိနိုင်သည်။ လှေပြိုင်ပွဲတွင် ပြိုင်ပွဲဝင်လှေလှော်သား တို့ မခိုမကပ်၊ မနားတမ်း လှော်ခတ်ပါမှ၊ စည်းလုံးညီညွတ်မှုရှိပါမှ ပန်းတိုင်သို့ ဦးစွာ ရောက်ရှိနိုင်မည်။ တစ်ဦး တစ် ယောက်ကောင်းဖြင့် လှော်ခတ်၍ မရနိုင် ပါ။ လှေလှော်သားအားလုံး ညီညွတ်မှ တက်လည်းညီ၊ လက်လည်းညီ၊ ကြိုးစား အားထုတ်မှုညီနေမှ ပန်းတိုင်သို့ ဦးစွာ ရောက်နိုင်ပါမည်။ ထို့ကြောင့် အရာရာ တိုင်းတွင် စည်းလုံးညီညွတ်ခြင်းသည် အလွန်အရေးပါလှသည်။ ညီညာမှ ပြည်သာယာမည်။
ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ သမိုင်းကြောင်းကို ပြန်ပြောင်းသုံးသပ် ကြည့်လျှင် တိုင်းရင်းသားသွေးချင်းများ ၏ ချစ်ကြည်စုစည်းမှုကို တည်ဆောက် နိုင်သည့်ကာလများတွင် နိုင်ငံ့အင်အား တောင့်တင်းခိုင်မာ၍ စည်ပင်သာယာ ဝပြောခဲ့သော်လည်း အကြောင်းအမျိုးမျိုး ကြောင့် တိုင်းရင်းသားသွေးချင်းများကြား တွင် စည်းလုံးညီညွတ်မှု လျော့ပါးခဲ့သည့် ကာလများတွင်လည်း နိုင်ငံ့အင်အား ဆုတ်ယုတ်ခဲ့ပြီး နောက်ဆုံးတွင် သူ့ကျွန် ဘဝကျရောက်ခဲ့ရသည်ကို ကြုံတွေ့ခဲ့ရ ပြီး ဖြစ်ပါသည်။ သူ့ကျွန်ဘဝတွင် နယ်ချဲ့ အုပ်စိုးသူတို့က ၎င်းတို့၏ စိုးမိုးခြယ်လှယ် မှု အဓွန့်ရှည်တည်တံ့စေရေးအတွက် တိုင်းရင်းသားသွေးချင်းတို့ အကြားတွင် အမျိုးမျိုး သွေးခွဲသပ်လျှိုခဲ့ကြခြင်း ကြောင့် တိုင်းရင်းသားများ၏ စည်းလုံး ညီညွတ်မှုလျော့ပါးခဲ့ရပြီး ပြည်ထောင်စု စိတ်ဓာတ်ပြိုကွဲခဲ့ရသည်မှာလည်း သတိ ပြုဆင်ခြင်ဖွယ် သမိုင်းသင်ခန်းစာတစ်ရပ် ပင် ဖြစ်ပါသည်။
ပြည်ထောင်စုစိတ်ဓာတ်အရင်းခံ
ဆုံးရှုံးခဲ့ရသော နိုင်ငံ့လွတ်လပ်ရေး ပြန်လည်ရရှိရန်အတွက် တိုင်းရင်းသား ပြည်သူများသည် နိုင်ငံ့တပ်မတော်နှင့် အတူလက်တွဲကာ အသက်ပေါင်းများစွာ ပေး၍ မလျှော့သောဇွဲလုံ့လဖြင့် အခက်အခဲ များစွာကို ရင်ဆိုင်ဖြတ်သန်းကြိုးပမ်း ခဲ့ကြပါသည်။ ထိုသို့ ကြိုးပမ်းရာတွင် နိုင်ငံ့ခေါင်းဆောင်များ၏ ဖြောင့်မတ် တည်ကြည်သော ဦးဆောင်မှုဖြင့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အကြား ချစ်ကြည်သွေးစည်းမှုနှင့် ပြည်ထောင်စုစိတ်ဓာတ်ကို အခိုင်အမာ ပြန်လည်တည်ဆောက်နိုင်ခဲ့ကြပါသည်။ ယင်းသို့သော ပြည်ထောင်စုစိတ်ဓာတ် အရင်းခံသည့် သွေးစည်းညီညွတ်မှု၏ အထိမ်းအမှတ်သက်သေအဖြစ် တောင် တန်းနှင့်မြေပြန့် တပေါင်းတစည်းတည်း လွတ်လပ်ရေးရယူကြရန် သန္နိဋ္ဌာန်ဖြင့် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ တွင် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုး နိုင်ခဲ့ကြသည်။ ထိုသို့ တိုင်းရင်းသား သွေးချင်းတို့၏ ပြည်ထောင်စုစိတ်ဓာတ် ကို သက်သေထူနိုင်ခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကို ပြည်ထောင်စုနေ့အဖြစ် သမိုင်းမော်ကွန်းတင် သတ်မှတ်ခဲ့ကြ သည်မှာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် (၇၇) နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။
ပင်လုံစာချုပ်၏ အသီးအပွင့်ရလဒ် အဖြစ် တောင်တန်းနှင့် မြေပြန့်ဒေသများ ညီညွတ်ပေါင်းစည်းပြီး တပ်မတော်နှင့် အတူ မြန်မာ့လွတ်လပ်ရေးကို ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ပြန်လည်ရယူ နိုင်ခဲ့ကြပါသည်။ ယင်းသို့ နိုင်ငံတော် တစ်ဝန်းလုံး စုစုစည်းစည်းဖြင့် လွတ်လပ် ရေးကို ပြန်လည်ရယူပေးနိုင်ခဲ့သည့် ပြည်ထောင်စုစိတ်ဓာတ်ကို တိုင်းရင်းသား သွေးချင်းများအကြား ထာဝစဉ်ကိန်း အောင်း တည်တံ့စေရန် ဆက်လက် ထိန်းသိမ်းကာ ပြည်ထောင်စုမြန်မာ နိုင်ငံတော်ကြီး အဓွန့်ရှည်တည်တံ့ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို မမှိတ်မသုန် ဆက်လက်ကြိုးပမ်းသွားကြရမည် ဖြစ်ပါ သည်။
အတိတ်သမိုင်း၏ လွတ်လပ်ရေး ကြိုးပမ်းမှုတွင် ပြည်ထောင်စုစိတ်ဓာတ် သည် အရင်းခံဖြစ်သလို အနာဂတ်ဒီမို ကရေစီ နိုင်ငံတော်ကြီးတည်ဆောက် ရေး၏ အခြေခံအုတ်မြစ်မှာလည်း ပြည်ထောင်စုစိတ်ဓာတ်ပင် ဖြစ်ပါသည်။ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အားလုံး ညီညွတ်စွာအချင်းချင်းအပြန် အလှန် ချစ်ခင်လေးစားမှုဖြင့် စည်းလုံး ညီညွတ်သည့် ပြည်ထောင်စုကြီး တည် ဆောက်မည်ဟူသော ခိုင်မာသည့်သန္နိဋ္ဌာန် သည် ပြည်ထောင်စုစိတ်ဓာတ်ပင် ဖြစ်ပါ သည်။ ငြိမ်းချမ်းတည်ငြိမ်သည့် ဒီမို ကရေစီနိုင်ငံတော်ကြီးကို ပြည်ထောင်စု စိတ်ဓာတ်ဖြင့်သာ ခိုင်ခိုင်မာမာ တည် ဆောက်မည်ဖြစ်ရာ အရည်အချင်းမြင့်မား ၍ ပြည်ထောင်စုစိတ်ဓာတ်ခိုင်မာသော မျိုးဆက်သစ်များကိုလည်း ပြုစုပျိုးထောင် သွားရမည် ဖြစ်ပါသည်။
တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး အနေဖြင့် တည်ဆဲဥပဒေများကို လေးစား လိုက်နာကြရမည်ဖြစ်ပါသည်။ တည်ဆဲ ဥပဒေများ၏ အသက်သွေးကြော (Mother Law) သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) ဖြစ်ရာ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း ထိန်းသိမ်းစောင့် ရှောက်ကြရမည် ဖြစ်ပါသည်။
သားစဉ်မြေးဆက်အတွက် အရေးသုံးပါး
ဒီမိုကရေစီကို ဖော်ဆောင်ရာတွင် နိုင်ငံတော်အတွက် အရေးအကြီးဆုံး သောလုပ်ငန်းသည် ပြည်ထောင်စုမပြိုကွဲ ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည် တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေး သုံးပါပင် ဖြစ်ပါသည်။ ယင်းကား ပြည်ထောင်စုစိတ်ဓာတ် မြစ်မကြီးဆီမှ ဖြာထွက်လာသော မြစ်လက်တက်များ ဖြစ်သည်။ ထိုတာဝန်များကို သားစဉ် မြေးဆက် ဆက်လက်ထိန်းသိမ်း ဖော်ဆောင်ကာ ညီညီညာညာ ဆောင် ရွက်ခြင်းဖြင့် ကြံ့ခိုင်အေးချမ်းသာယာ ဖွံ့ဖြိုးသောနိုင်ငံတော်အဖြစ် ဆက်လက် ရပ်တည်ကြရမည်ဖြစ်သည်။
တိုင်းရင်းသားလူမျိုးစုများစွာ မှီတင်း နေထိုင်လျက်ရှိသည့် မိမိတို့နိုင်ငံအတွက် အချင်းချင်း သွေးစည်းညီညွတ်မှုရှိမှသာ ပြည်ထောင်စုကြီးမပြိုကွဲဘဲ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲမည်ဆိုသည်ကို အတိတ်သမိုင်းမှ သင်ခန်းစာရရှိခဲ့ပြီး ဖြစ်ပါသည်။ နောင်ခေတ်အဆက်ဆက် အနာဂတ်ကာလများတွင်လည်း အလားတူ ပင် တိုင်းရင်းသားညီအစ်ကိုမောင်နှမ များ၏ ကျစ်လျစ်ခိုင်မာသည့် ညီညွတ် သောစုပေါင်းအားကို ဆက်လက်ကြိုးပမ်း တည်ဆောက်သွားကြရမည် ဖြစ်ပါသည်။
စည်းလုံးညီညာအောင်ကြောင်းဖြာ
လွတ်လပ်သော ပြည်ထောင်စုမြန်မာ နိုင်ငံတွင် တိုင်းရင်းသားအားလုံး လက်တွဲ ညီညီ ရှေ့သို့ချီလျက်ရှိကြသည်။ မြေပြန့် နှင့် တောင်ပေါ်၊ မြစ်ဝကျွန်းပေါ်နှင့် မြစ်ဖျားဒေသ၊ တောင်နှင့်မြောက်၊ အရှေ့ နှင့်အနောက် “ကူးလူးဆက်နွှယ်ချစ်ကြိုး သွယ်”နိုင်စေရန် တောင်တွေ့လျှင် လမ်း ဖောက်၊ မြောင်းတွေ့လျှင် တံတား ဆောက်၊ တစ်ယောက်တစ်လက် ဝိုင်းကူ ဖက်ခဲ့ကြသည်။ ထို့ကြောင့် လမ်းပန်း ဆက်သွယ်ရေး လွယ်ကူချောမွေ့ကာ စီးပွားရေးတိုးတက်ဖွံ့ဖြိုးခဲ့သည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံဖြစ်သည်နှင့်အညီ စိုက်ပျိုးစွမ်းအား ပြည်ထွန်းကားစေရန် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ အသွင်ကူးပြောင်းလာခဲ့သည်။ နိုင်ငံ တစ်ဝန်း စိမ်းလန်းစိုပြည်ဝင်းဝါသော လယ်ယာရှုခင်းများဖြင့် လှပတင့်တယ် လာခဲ့ခြင်းမှာ နွေ၊ မိုး၊ ဆောင်းရာသီမရွေး သီးထပ်သီးညှပ်စိုက်ပျိုးနိုင်စွမ်းကြောင့် ဖြစ်သည်။ ဤစွမ်းအားသည် တစ်ဦး တစ်ယောက်တည်းအားနှင့် ရခဲ့ခြင်း မဟုတ်။ စုပေါင်းညီညာ လုပ်အားဖြာ ခဲ့ခြင်းကြောင့် ဖြစ်သည်။
တစ်ဖက်တွင်လည်း နိုင်ငံတော်၏ အန္တရာယ်ဖြစ်သော မူးယစ်ဆေးဝါးကို လည်း စစ်ဆင်ရေး အဆင့်ဆင့်ဖြင့် တိုက်ဖျက်ပေးခဲ့ပြီး တိုင်းရင်းသားတို့၏ ဘဝလုံခြုံရေး၊ တိုးတက်မြင့်မားရေးကို ကြိုးစားဆောင်ရွက်ပေးခဲ့သည်။ ထိုသို့ ဆောင်ရွက်ရာတွင် ပြည်သူတစ်ရပ်လုံး ကလည်း ပူးပေါင်းပါဝင်ကြရမည်ဖြစ် သည်။ “ညီညာမှ ပြည်သာမည်” ဖြစ်ရာ နိုင်ငံတော်အား ထိပါးလာမည့် ပြည့်ရန် စွယ်အပေါင်းကို တိုင်းရင်းသားအားလုံး ဥမကွဲသိုက်မပျက် လက်တွဲတိုက်ဖျက်ကြရမည် ဖြစ် သည်။
စည်းလုံးခြင်းသည် ခွန်အား၊ ညီညွတ် ခြင်းသည် အင်အားပင် ဖြစ်သည်။ သူတစ်လူ ငါတစ်မင်းကြောင့် ဖြစ်ပွားခဲ့ရ သော အတိတ်သမိုင်းတို့ကို သင်ခန်းစာ ယူပြီး အေးချမ်းသာယာ ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်သစ်ဆီသို့ ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ချီတက်ကြ ရမည် ဖြစ်သည်။
ယဉ်ကျေးမှုဟူသည် တစ်ဦးကောင်း၊ တစ်ယောက်ကောင်းဖြင့် တည်ဆောက် ရသည့် ဗိမာန်ကြီးမဟုတ်ပါ။ မြန်မာ လူမျိုးတို့၏ ယဉ်ကျေးမှုအမွေအနှစ် အနုပညာလက်ရာများ၊ စေတီပုထိုး ဂူကျောင်းများ၊ ရိုးရာဓလေ့ ထုံးတမ်း စဉ်လာများသည် တစ်ဦးတစ်ယောက် တည်းကြောင့် ဖြစ်တည်လာရခြင်း မဟုတ်ဘဲ စုပေါင်းအားဖြင့် မတည်လာ ခဲ့ခြင်း ဖြစ်သည်။
စည်းလုံးညီညွတ်စွာ ဆောင်ရွက်ခဲ့ သောကြောင့် မည်သည့်အခက်အခဲကို မဆို အောင်မြင်စွာ ကျော်လွှားနိုင်မည်ဖြစ် ကြောင်း မျက်မှောက်ခေတ် ကိုဗစ်-၁၉ ကပ်ရောဂါဘေးကြီးနှင့် ရင်ဆိုင်ကြုံ တွေ့ခဲ့ရပုံကိုကြည့်လျှင် သိနိုင်ပါသည်။ ကမ္ဘာ့ကပ်ရောဂါ ဆိုးကြီးအတွက် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးစီမံ ချက်များရေးဆွဲကာ အစိုးရနှင့်ပြည်သူ ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ခဲ့သည့် အတွက် ဆိုးရွားသည့် အခြေအနေသို့ မရောက်ခဲ့ပါ။ စေတနာ၊ မေတ္တာထားကာ စည်းလုံးညီညွတ်မှုဖြင့် ပူးပေါင်းဆောင် ရွက်ပါက အရာရာကို အောင်မြင် နိုင်ကြောင်း လက်တွေ့မြင်တွေ့ခဲ့ရပြီး ဖြစ်ပါသည်။
ပြည်သာဖို့ရေး မျှော်ရှုတွေး
“သမဂ္ဂါနံ တပေါ ၊သုခေါ” ညီညွတ် ခြင်းသည် ချမ်းသာကြောင်း အကျင့် ကောင်းဖြစ်သည်ဟူသော “ဓမ္မပဒ ဗုဒ္ဓဝဂ်” လာ မြတ်စွာဘုရား ဟောကြားတော်မူ သည့် ဒေသနာတော်အရ လောက၌ ညီညွတ်ခြင်းသည် ရန်အပေါင်းကို အောင်မြင်စေသည်။ အေးချမ်းမှုကို ရစေ သည်။ ကြီးပွားမှုကို ဖြစ်စေသည်။ နိုင်ငံသားများအနေဖြင့် မိမိတို့၏ဘိုးဘွား တို့ပေးခဲ့သော“ပြည်ထောင်စုစိတ်ဓာတ်” အမွေကို ထာဝစဉ်ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပြီး စည်းလုံးညီညာ အောင်ကြောင်းဖြာ၊ ပြည်သာဖို့အရေး မျှော်ရှုတွေး၍ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုကြ ရင်း အေးချမ်းသောရွှေပြည်တော်သစ်ဆီ သို့ စုပေါင်းအားဖြင့် ချီတက်ကြပါစို့။ ။
- Log in to post comments