
ရန်ကုန် ဩဂုတ် ၂၆
ပြည်ပသို့ ရေထွက်ကုန်တင်ပို့ရာတွင် ကုန်တင်သင်္ဘောများလိုအပ်ချက်ကို နိုင်ငံ တော်က ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ရေထွက်ကုန်တင်ပို့မှု ပုံမှန်လည်ပတ်ခဲ့ရာ ၂၀၂၀- ၂၀၂၁ ကာလ၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ရရှိခဲ့သည့် အမေရိကန် ဒေါ်လာ ၇၁၅ ဒသမ ၃၃၇ သန်းကို ပြည့်မီ ရန် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်က ကြိုးပမ်းဆောင်ရွက်နေကြောင်း သိရ သည်။
ပြည့်မီရန်ဆောင်ရွက်လျက်ရှိ
မြန်မာနိုင်ငံမှ ရေထွက်ကုန်များ ပြည်ပသို့ တင်ပို့ရာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၌ အမေရိကန်ဒေါ်လာ ၇၁၅ ဒသမ ၃၃၇ သန်းရရှိခဲ့ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ကာလတွင် ဩဂုတ် ၈ ရက်ထိ အမေရိကန်ဒေါ်လာ ၆၅၀ ဒသမ ၃၆ သန်း ရရှိထားရာ ယမန်နှစ် ဘဏ္ဍာနှစ်ကို ပြည့်မီရန် အမေရိကန်ဒေါ်လာ ၆၄ ဒသမ ၅၀၁ သန်း လိုအပ်သောကြောင့် ရေချို/ရေငန်ရေထွက်ကုန်ပစ္စည်းများ
လည်ပတ်မှုဖြင့် ယခင်ဘဏ္ဍာနှစ်ကိုပြည့်မီရန် ဆောင်ရွက်လျက်ရှိသည်။
“ပထမရေထွက်ကုန်တင်ပို့မှုမှာ ကွန်တိန်နာသင်္ဘောအခက်အခဲရှိလာတော့ နိုင်ငံတော်ရဲ့ ဖြည့်ဆည်းဆောင်ရွက်မှုနဲ့ OSS ကို တင်လိုက် ပြီး မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရဲ့ ဆောင်ရွက်ပေးမှုနဲ့ ဇွန်လပိုင်းကစပြီး ကွန်တိန်နာသင်္ဘောတွေ အဆင်ပြေလာတယ်။ ပြီးတော့ ငါးလုပ်ငန်းနဲ့ ပတ်သက်ပြီး ကိုဗစ်-ရောဂါကာကွယ်ဆေးကို နိုင်ငံတော်က ထိုးနှံပေး မယ်ဆိုတော့ ရေထွက်ကုန်ဝယ်လက်နိုင်ငံတွေလည်း ကျန်းမာရေးအတွက် စိတ်ချမှုရှိလာတယ်။ တိုင်းပြည်မှာ စီးပွားရေးလုပ်ငန်းတွေ ရပ်မသွားဖို့ အရေးကြီးတယ်။ စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍအပါအဝင် သက်ဆိုင်ရာကဏ္ဍတွေ တာဝန်ကျေဖို့လိုမယ်။ ငါးလုပ်ငန်းအဖွဲ့ချုပ် အနေနဲ့ လုပ်ငန်းပုံမှန်လည်ပတ်ဖို့ ခံယူထားပါတယ်။ ပုံမှန်နီးနီးလည်း လည်ပတ်နေပါပြီ။ ငါးလုပ်ငန်းနဲ့ပတ်သက်တဲ့ ကဏ္ဍအားလုံးကိုလည်း ကျေးဇူးတင်တယ်။ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်ကို ပြည့်မီအောင် ဒီနှစ်ဘဏ္ဍာနှစ် မှာ ကျန်တဲ့နှစ်လတာနီးပါးအတွင်း ကြိုးပမ်းဆောင်ရွက်နေပါတယ်”ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ အကြီးတန်းဒုတိယဥက္ကဋ္ဌ ဒေါက်တာ တိုးနန္ဒာတင်က ပြောသည်။
ရေထွက်ကုန် ၁၇၅ မျိုးတွင် ဈေးကွက်ဝင်ရေထွက်ကုန်များကို နိုင်ငံမျိုးစုံသို့တင်ပို့လျက်ရှိပြီး ရေချို၊ ရေငန်ထွက်ကုန်ဖြစ်သော ငါး၊ ပုစွန်၊ ငါးရှဉ့်၊ ကဏန်းကို အဓိကထား တင်ပို့လျက်ရှိသည်။ မြန်မာနိုင်ငံမှ ပြည်ပသို့ ရေထွက်ကုန်တင်ပို့ရာတွင် ၁၀ လအတွင်း အမေရိကန်ဒေါ်လာ ၆၅၀ ဒသမ ၈၃၆ သန်းရရှိခဲ့ပြီး တစ်လလျှင်ပျမ်းမျှဝင်ငွေအဖြစ် အမေရိကန်ဒေါ်လာ ၆၅ သန်းရရှိခဲ့သောကြောင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ် ကာလ၌ ကျန်ရှိသော တစ်လနှင့် သုံးပတ်အတွင်း ယခင်နှစ်ဝင်ငွေကို ပြည့်မီရန် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်အနေဖြင့် ကြိုးပမ်း ဆောင်ရွက်နေကြောင်း သိရသည်။
ညိမ်းသူ(သတင်းစဉ်)၊ ဓာတ်ပုံ-ကနူး