ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်

ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်

============================================================

 

နေပြည်တော် ဒီဇင်ဘာ ၁၄

 

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် မလေးရှားနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာသင်္ဘောသား ၁၂၀ နှင့် မလေးရှားနိုင်ငံ တွင် ပြစ်ဒဏ်ကျခံပြီးဖြစ်သည့် မြန်မာနိုင်ငံသား ၄၇ ဦးပါဝင်သည့် မြန်မာနိုင်ငံသား စုစုပေါင်း ၁၆၇ ဦးအား ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးမှစီစဉ်သည့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်း(MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ညနေ ၅ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက် ရှိခဲ့ကြသည်။

 

ထို့ပြင် အာရပ်စော်ဘွားများပြည်ထောင်စုတွင် အခက်အခဲကြုံတွေ့ နေရသည့် မြန်မာနိုင်ငံသားများအား ရီယာဒ်မြို့ရှိ မြန်မာသံရုံးမှ စီစဉ်သည့် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်း(MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ည ၁ဝ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ကြသည်။ အဆိုပါ ကယ်ဆယ်ရေးလေယာဉ် တွင် မြန်မာနိုင်ငံသား သင်္ဘောသားအများစုနှင့် ဆော်ဒီအာရေဗျမှ မြန်မာ နိုင်ငံသား လေးဦး၊ အာရပ်စော်ဘွားများပြည်ထောင်စုမှ ၆၃ ဦး၊ အီဂျစ်မှ ကိုးဦး၊ ဗြိတိန်မှ ၁၀ ဦး၊ တောင်အာဖရိကမှ ခြောက်ဦး၊ နယ်သာလန်မှ သုံးဦး၊ ဘရာဇီးမှ သုံးဦး၊ တန်ဇန်းနီးယားမှ လေးဦး၊ မော်လဒိုက်မှ ငါးဦး၊ အီသီယိုးပီးယားမှ လေးဦး၊ ပါကစ္စတန်မှ သုံးဦး၊ အီရန်မှ ကိုးဦး၊ ပြင်သစ်မှ နှစ်ဦး မြန်မာနိုင်ငံသား စုစုပေါင်း ၁၂၅ ဦး လိုက်ပါခဲ့ကြသည်။

 

၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှု ကြီးကြပ်ရေး၊ ကျန်းမာရေးစစ်ဆေးရေး၊ သီးသန့်စီစဉ်ပေးသည့်နေရာ / သတ်မှတ် ဟိုတယ်များ၌ အသွားအလာကန့်သတ်မှု ခုနစ်ရက်နှင့် နေအိမ်တွင် အသွားအလာ ကန့်သတ်မှု ခုနစ်ရက် နေထိုင်စေရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့က သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ပေးခဲ့သည်။

ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများ နှင့် မြန်မာသင်္ဘောသားများအား ပြန်လည်ခေါ်ဆောင်ရန် Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟို ကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာ နိုင်ငံများရှိ မြန်မာသံရုံးများ၊ သင်္ဘော ကုမ္ပဏီများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

 

သတင်းစဉ်