ပြည်ပနိုင်ငံများသို့ ပို့ကုန်များ ယခုထက်ပိုမိုတင်ပို့နိုင်ရန်လိုအပ်ပြီး သယံဇာတပစ္စည်းများ တင်ပို့ရောင်းချခြင်းထက် စိုက်ပျိုး မွေးမြူရေးထုတ်ကုန်ပစ္စည်းများ တင်ပို့ရောင်းချနိုင်ရေး အားပေးဆောင်ရွက်

အရည်အသွေးပြည့်မီသည့် ထုတ်ကုန်ပစ္စည်းများ တင်ပို့နိုင်မည်ဆိုပါက မိမိတို့နိုင်ငံအတွက် ပြည်ပဝင်ငွေ များစွာရရှိမည်

နေပြည်တော်       ဖေဖော်ဝါရီ       ၂


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့  အစည်းအဝေး  အမှတ်စဉ်(၁/၂၀၂၂)ကို   ယနေ့   နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်း အဝေးခန်းမ၌  ကျင်းပရာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် အမှာစကား ပြောကြားသည်။


အစည်းအဝေးသို့    ပြည်ထောင်စုဝန်ကြီးများ     ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဦးဝဏ္ဏမောင်လွင်၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊  ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊   ဦးဝင်းရှိန်၊   ဦးအောင်နိုင်ဦး၊ ဦးကိုကိုလှိုင်၊ ဒေါက်တာဒေါ်သီတာဦး၊ ဦးမောင်မောင်အုန်း၊ ဦးကိုကို၊ ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊   ဒေါက်တာချာလီသန်း၊   ဦးခင်ရီ၊   ဦးမြင့်ကြိုင်၊ ဒေါက်တာပွင့်ဆန်း၊  ဒေါက်တာညွန့်ဖေ၊  ဒေါက်တာမျိုးသိန်းကျော်၊ ဒေါက်တာသက်ခိုင်ဝင်း၊      ဦးမင်းသိန်းဇံ၊ ဦးရွှေလေး၊ ဒေါက်တာ ဒေါ်သက်သက် ခိုင်၊ ဒေါက်တာဌေးအောင်နှင့် ဦးစောထွန်းအောင်မြင့် တို့ တက်ရောက်ကြသည်။ 


အထိုက်အလျောက်သာ တိုးတက်မှုရရှိ


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်က      အဖွင့်အမှာစကား ပြောကြားရာ၌    ပြီးခဲ့သည့်   ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်တွင်     မိမိတို့အစိုးရတာဝန်ယူ ဆောင်ရွက်မှုမှာ  ၈  လတာကာလရှိခဲ့ပြီး  ယခင် အစိုးရမှ တာဝန်ယူဆောင်ရွက်မှု ၄ လတာကာလ ရှိခဲ့ကြောင်း၊ မိမိတို့ တာဝန်ယူပြီးချိန်နောက်ပိုင်း နိုင်ငံရေးအခြေအနေများကြောင့် နိုင်ငံ၏စီးပွားရေး၊  လုံခြုံရေးအခြေအနေများတွင် အထိုက်အလျောက် သာ တိုးတက်မှုရရှိခဲ့ကြောင်း၊ စီးပွားရေးနှင့်ပတ်သက် ၍ သယ်ယူပို့ဆောင်ရေး၊ ထုတ်လုပ်မှုအတွက် လိုအပ် သည့်  ကုန်ကြမ်းရရှိရေး၊  သွင်းအားစုများရရှိရေး လိုအပ်ပြီး အပြည့်အဝဆောင်ရွက်နိုင်မှု အားနည်း ခဲ့သကဲ့သို့   နိုင်ငံရေးအရ  ဆန္ဒပြမှုများမှတစ်ဆင့် အကြမ်းဖက်သမားများမှ   အကြမ်းဖက်လုယက် သတ်ဖြတ်ခြင်း၊  မိုင်းထောင်ဖောက်ခွဲခြင်း၊  မီးရှို့ ဖျက်ဆီးခြင်း စသည့် အဖျက်အမှောင့်လုပ်ရပ်များ အထိ အဆင့်ဆင့်လုပ်ဆောင်လာခဲ့သဖြင့် လုံခြုံရေး အဖွဲ့အစည်းများက ထိန်းသိမ်းဆောင်ရွက်ခဲ့ကြောင်း၊ အလားတူ      လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပတ်သက်၍လည်း တပ်မတော်အနေဖြင့် ထိရောက် စွာ ထိန်းသိမ်းဆောင်ရွက်ခဲ့ရခြင်းများ ရှိကြောင်း၊ အဆိုပါထိန်းသိမ်းဆောင်ရွက်သည့်   ဖြစ်စဉ်များ အတွင်း အပြစ်မဲ့ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် နိုင်ငံတော်လုံခြုံရေးအတွက် တာဝန်ထမ်းဆောင် လျက်ရှိသည့်       မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ ထိခိုက်သေကျေ ဒဏ်ရာရရှိခဲ့ ရမှုများအတွက်လည်း မိမိအနေဖြင့် စိတ်မကောင်း ဖြစ်ရပါကြောင်း၊ အဆိုပါဖြစ်စဉ်များကြောင့် နိုင်ငံ၏ စီးပွားရေးနှင့်ပတ်သက်ပြီး မိမိတို့အနေဖြင့် ရာနှုန်း ပြည့်ဆောင်ရွက်နိုင်မှု အားနည်းခဲ့ပါကြောင်း။ 


တာဝန်ထမ်းဆောင်လျက်ရှိသည့် ပြည်ထောင်စု ဝန်ကြီးများအနေဖြင့်လည်း ဝေဖန်တိုက်ခိုက်မှုများ၊ ဆူပူမှုများကြားမှ ပြည်သူများနှင့်အတူ ပူးပေါင်း ဆောင်ရွက်နိုင်ခဲ့မှုများကြောင့် ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း     အောက်တိုဘာလအထိ ယာယီစာရင်းအရ  ကုန်သွယ်မှုပိုငွေ  အမေရိကန် ဒေါ်လာ ၆၇၇ သန်းရှိခဲ့သည်ကို တွေ့ရှိရကြောင်း၊ ယခုလာမည့်    ဘဏ္ဍာရေးနှစ်အတွင်းတွင်လည်း ကုန်သွယ်မှုပိုငွေများ     ထပ်မံတိုးတက်လာမည် ဖြစ်ကြောင်း၊ ယခုကဲ့သို့ နိုင်ငံ၏ကုန်သွယ်မှုပိုငွေများ အတိုင်းအတာတစ်ခုအထိ   တိုးတက်လာသဖြင့် အောင်မြင်မှုတစ်ခုဖြစ်ပြီး ထိုသို့ ကြိုးပမ်းဆောင်ရွက် ခဲ့သည့် ပြည်ထောင်စုဝန်ကြီးများကိုလည်း ကျေးဇူး တင်ရှိပါကြောင်း၊ ပြည်ပနိုင်ငံများသို့ ပို့ကုန်များ ယခု ထက်ပိုမိုတင်ပို့နိုင်ရန် လိုအပ်ပြီး သယံဇာတပစ္စည်း  များ တင်ပို့ရောင်းချခြင်းထက် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်ပစ္စည်းများကို   တင်ပို့ရောင်းချနိုင်ရေး  အားပေးဆောင်ရွက်ရန်လိုကြောင်း၊ ထုတ်ကုန်များ  ထုတ်လုပ်ရောင်းချနိုင်ရေး      ဆောင်ရွက်ရာတွင် လူအင်အားကို အသုံးချဆောင်ရွက်ရခြင်းဖြစ်သဖြင့်  နိုင်ငံသားများ၏   အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူ ရေးထုတ်ကုန်များ   ယခုထက်   ပိုမိုတင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် လိုကြောင်း။


ထုတ်ကုန်များစွာတင်ပို့နိုင်


ပြည်ပပို့ကုန်များနှင့်ပတ်သက်၍      မိမိတို့၏ အိမ်နီးချင်းနိုင်ငံများ   ဖြစ်ကြသည့်    တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ သို့  မိမိတို့နိုင်ငံမှ  ထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များကို များစွာတင်ပို့နိုင်ကြောင်း၊ အရည် အသွေးပြည့်မီသည့် ထုတ်ကုန်ပစ္စည်းများ တင်ပို့နိုင် မည်ဆိုပါက   မိမိတို့နိုင်ငံအတွက်   ပြည်ပဝင်ငွေ များစွာရရှိမည်ဖြစ်ကြောင်း၊  ဆန်၊ ပဲ၊ ပြောင်းနှင့် မွေးမြူရေးထုတ်ကုန်များသည် မိမိတို့ပြည်သူများ ၏ ၇၀ ရာခိုင်နှုန်းခန့်မှ ဆောင်ရွက်နေသည့် အဓိက စီးပွားရေး အသက်မွေးဝမ်းကျောင်း လုပ်ငန်းများပင် ဖြစ်ကြောင်း၊    ထို့ကြောင့်   ကုန်ထုတ်လုပ်မှုနှင့် ပတ်သက်၍  အဓိကကျသည့်  စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်ပစ္စည်းများကို    တန်ဖိုးမြင့်   ထုတ်ကုန်၊ အရည်အသွေးမြင့်ထုတ်ကုန်များဖြစ်အောင် ကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့အနေဖြင့် ၂၀၂၁ ခုနှစ် အကျပ်အတည်းကာလအတွင်း၌ပင် တိုးတက် အောင်     ဆောင်ရွက်နိုင်ခဲ့ပြီး     ယခုအခြေအနေ တည်ငြိမ်ကောင်းမွန်သည့် အချိန်ကာလတွင် ပို့ကုန် များကို ပိုမိုတင်ပို့နိုင်မည်ဟု ယုံကြည်ကြောင်း။


ပြည်ပပို့ကုန်များတွင် ပါဝင်သည့် ဝါဂွမ်းစိုက်ပျိုး ရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ တွက်ချက်မှုအရ မိမိတို့နိုင်ငံ၏ ဝါဂွမ်းစိုက်ပျိုးမှုသည် မိမိတို့နိုင်ငံ၏ လိုအပ်ချက်ထက် ကျော်လွန်ထုတ်လုပ် နိုင်မှုရှိသည်ဟု သိရှိရကြောင်း၊ သို့ရာတွင် ၂၀၂၁ ခုနှစ် အတွင်း ချည်ထည်နှင့် ဆက်စပ်ပစ္စည်းမျိုးစုံ ပြည်ပမှ  အမေရိကန်ဒေါ်လာ  ၁၂၈၀ ဒသမ ၁၅၂  သန်းဖိုး တင်သွင်းခဲ့ရသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့နိုင်ငံ မှ  ပြည်ပနိုင်ငံများသို့   ဝါဂွမ်းများ   တင်ပို့ရာတွင် ထိုက်သင့်သည့်အခွန်အခများ ပေးရသကဲ့သို့ မိမိတို့ နိုင်ငံရှိ အထည်ချုပ်စက်ရုံများအတွက် လိုအပ်သည့် ချည်ထည်များ   တင်သွင်းရာတွင်လည်း   ဈေးနှုန်း ကြီးမြင့်စွာပေး၍ ဝယ်ယူနေရကြောင်း၊ မိမိတို့နိုင်ငံမှ ထွက်ရှိသည့် ဝါဂွမ်းများကို ပြည်တွင်း၌ ချည်ချော များအဖြစ် ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နိုင် မည်ဆိုပါက ပြည်ပမှတင်သွင်းမှုများ လျော့ကျသွား မည်ဖြစ်ပြီး ပြည်တွင်းလိုအပ်ချက်နှင့် ပြည်တွင်း အထည်ချုပ်လုပ်ငန်းကို    များစွာအထောက်အကူ ပြုမည်ဖြစ်ကြောင်း၊    ပထမဦးစားပေးအနေဖြင့် ပြည်တွင်းအဝတ်အထည်လိုအပ်ချက်ကို ဖြည့်ဆည်း ပေးရန်ဖြစ်ပြီး ဆက်လက်၍ အထည်ချုပ်လုပ်ငန်း များမှ ပြည်ပနိုင်ငံများသို့ ပို့ကုန်များ တင်ပို့နိုင်ရန်  လိုကြောင်း၊   ထို့ကြောင့်   ပြည်တွင်းရက်ကန်း လုပ်ငန်းများကို အဆင့်မြှင့်တင်ပြီး အရည်သွေးပြည့်မီ သည့်    ချည်ထည်များ  ထုတ်လုပ်နိုင်ရန်အတွက် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ဆောင်ရွက်သွားရန်လိုကြောင်း။


မိမိတို့နိုင်ငံတွင် ချည်မျှင်ရှည်ဝါနှင့် ချည်မျှင်တိုဝါ နှစ်မျိုး စိုက်ပျိုးပြီး အများအားဖြင့် ချည်မျှင်ရှည်ဝါ ကို စိုက်ပျိုးကြကြောင်း၊ ဝါနှင့်ပတ်သက်၍ ကမ္ဘာပေါ် တွင် အီဂျစ်၊ တူရကီ၊ ပါကစ္စတန်နှင့် အိန္ဒိယနိုင်ငံတို့မှာ ထင်ရှားသည့် နိုင်ငံများဖြစ်ပြီး ဗဟိုအာရှနိုင်ငံများ တွင်လည်း ဝါစိုက်ပျိုးမှုနှင့်ပတ်သက်၍ အောင်မြင် သည့်   နိုင်ငံများလည်းရှိကြောင်း၊   ဝါမျိုးကောင်း မျိုးသန့်များ ရရှိရေးနှင့် ချည်မျှင်ရှည်ဝါထုတ်လုပ်ရေး  လုပ်ငန်းများအတွက် အဆိုပါနိုင်ငံများရှိ ပညာရှင် များနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မည်ဆိုပါက မိမိတို့ နိုင်ငံ၏   ဝါစိုက်ပျိုးထုတ်လုပ်မှုအတွက်   များစွာ အကျိုးရှိမည်ဖြစ်ကြောင်း။


ထိရောက်စွာအသုံးချ


ရေသုံးစွဲမှုနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် ရေကို  စိုက်ပျိုးရေးလုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများနှင့် လူများသုံးစွဲမှုဟူ၍ သုံးမျိုးရှိကြောင်း၊ ၂၀၂၁ ခုနှစ် အတွင်း   ရာသီဥတုကောင်းမွန်ပြီး   မိုးကောင်းစွာ ရွာသွန်းခဲ့မှုကြောင့် နိုင်ငံတစ်ဝန်းရှိ ဆည်များအတွင်း ရေဝင်ရောက်မှုကောင်းမွန်၍ ရေလုံလောက်စွာ ရရှိ ခဲ့ကြောင်း၊ သို့သော် အဆိုပါဆည်များမှ ရေများကို ရေအားလျှပ်စစ် ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်း များရှိကြောင်း၊   ဆည်များရှိရေများအား   ရေအား လျှပ်စစ်ဓာတ်အား သုံးစွဲမှုတစ်ခုတည်းကိုသာမက စိုက်ပျိုးရေးလုပ်ငန်းများတွင်ပါ ထိရောက်စွာ အသုံး ချရန် လိုအပ်ကြောင်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု နှင့်ပတ်သက်၍  LNG ဈေးနှုန်းများ  အဆမတန် ကြီးမြင့်ခြင်းနှင့် သဘာဝဓာတ်ငွေ့များ လုံလောက်စွာ ရရှိမှုမရှိခြင်း၊    သဘာဝဓာတ်ငွေ့သုံး   လျှပ်စစ် ဓာတ်အားပေးစက်များ   ပြုပြင်ရခြင်းများကြောင့် လျှပ်စစ်ထုတ်လုပ်ရေးအတွက်   အခက်အခဲများ ဖြစ်ပေါ်ခဲ့သကဲ့သို့  မဟာလျှပ်စစ်ဓာတ်အားလိုင်း များကို အကြမ်းဖက်သမားများက ဖောက်ခွဲဖျက်ဆီး ခြင်းများရှိခဲ့ကြောင်း၊ ထို့ကြောင့် လိုအပ်သည့် လျှပ်စစ် ဓာတ်အားများ ပြည့်ဝစွာ  ထုတ်လုပ်နိုင်ရေးအတွက် ဆည်များအတွင်း သိုလှောင်ထားသည့် ရေများကို အသုံးပြု၍  လျှပ်စစ်ဓာတ်အား  တိုးမြှင့်ထုတ်လုပ် ရခြင်းများရှိကြောင်း၊    အဓိကအားဖြင့်   ရေကို စနစ်တကျဖြင့် အကျိုးရှိစွာ အသုံးချရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် အသုံးပြုရာတွင် လည်း အဟောသိကံ ဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ ရေသုံးစွဲမှုကိုစနစ်တကျဖြင့် ထိရောက်စွာအသုံးချ ရန် လိုကြောင်း၊ မိမိတို့နိုင်ငံတွင် မြစ်ရေတင်နှင့် ဆည်ရေသောက်စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေ သည့် လယ်ယာမြေများစွာရှိပြီး အဆိုပါလယ်ယာမြေ များတွင် ရေစနစ်တကျသုံးစွဲရေးအတွက် ပညာ ပေးခြင်းများ ဆောင်ရွက်ပေးရန်လိုကြောင်း၊ ယခု အခါ ကမ္ဘာပေါ်တွင် ရေချိုရှားပါးလျက်ရှိသည့် နိုင်ငံ များစွာရှိကြောင်း၊ ဧရာဝတီမြစ်ရေ၏ ၈၀ ရာခိုင်နှုန်း ခန့်သည့် ပင်လယ်အတွင်းသို့ ရောက်ရှိသွားပြီး ၂၀ ရာခိုင်နှုန်းကိုသာ အကျိုးရှိစွာ အသုံးချနိုင်သည်ကို ကျွမ်းကျင်ပညာရှင်များ၏ သုံးသပ်ချက်အရ လေ့လာ သိရှိရကြောင်း၊ အစ္စရေးနိုင်ငံသည် ရေချိုရှားပါးသည့် နိုင်ငံတစ်ခုဖြစ်သော်လည်း စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်မှု၌  ကမ္ဘာပေါ်တွင်  တစ်ဧက စိုက်ပျိုး ထုတ်လုပ်မှုနှုန်း အမြင့်ဆုံးနိုင်ငံတစ်ခုဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင်       သဘာဝရေအရင်းအမြစ်များ ပေါများစွာရှိသဖြင့်    အဆိုပါရေအရင်းမြစ်များအား စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင်    ထိရောက် အကျိုးရှိစွာ အသုံးချနိုင်ရေး တာဝန်ရှိသည့် ဝန်ကြီး ဌာနများအနေဖြင့်           ကြိုးပမ်းဆောင်ရွက်ရန် လိုကြောင်း။


လျှပ်စစ်ဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်အသုံးပြု ၍  မြစ်ရေတင်စီမံကိန်းများ  ဖော်ဆောင်ပေးရန် လိုကြောင်း၊       လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားများဖြင့်လည်း ဆောင်ရွက်၍ရကြောင်း၊ မြစ်ရေတင်စီမံကိန်းများကို   အမြန်ဆုံးအကောင် အထည်ဖော် ဆောင်ရွက်နိုင်မည်ဆိုပါက အညာဒေသ များတွင်  စိုက်ပျိုးရေးလုပ်ငန်းများကို  အောင်မြင် ဖြစ်ထွန်းအောင်  ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အစိုးရတစ်ရပ်သည်   နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ပြည်သူများ၏စီးပွားဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်မည် ဖြစ်သဖြင့်        စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ပေးရန် လိုအပ်သဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် ဆောင်ရွက် ရန်ရှိသည်များကို ရဲရဲတင်းတင်းဖြင့် ဆောင်ရွက် ကြရန်လိုကြောင်း၊ ထုတ်ကုန်များ ထုတ်လုပ်တင်ပို့ ရောင်းချခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီး ဌာနများနှင့် လုပ်ငန်းရှင်များ ပူးပေါင်းပြီး ဈေးကွက် သို့ အဆက်မပြတ်တင်ပို့နိုင်ရေး ဈေးကွက်ရှာဖွေ ဆောင်ရွက်နေရန် လိုကြောင်း။


ရေသုံးစွဲမှုနှင့်ပတ်သက်၍


လူတစ်ဦးရေသုံးစွဲမှုအနေဖြင့် ပျမ်းမျှအားဖြင့်  တစ်ရက်လျှင် ရေဂါလန် ၅၀ ခန့် သုံးစွဲသည်ကို တွေ့ရှိ ရကြောင်း၊   အချို့နိုင်ငံများတွင်   ရေသုံးစွဲမှုနှင့် ပတ်သက်၍  ကန့်သတ်ထိန်းချုပ်ထားကြောင်း၊ ရေသုံးစွဲမှုနှင့်ပတ်သက်၍ ပြည်သူများကို အသိပညာ ပေးမှုများ ဆောင်ရွက်ပေးရန်လိုကြောင်း၊ အလားတူ ဇီဝဖြစ်စဉ်အရ တိရစ္ဆာန်များအတွက်လည်း ရေများ လိုအပ်သည့်အတွက် မွေးမြူရေးလုပ်ငန်းများတွင် ကောင်းမွန်သည့်ရေများ  ရရှိရန်လိုကြောင်း၊  ရေကို အကျိုးရှိစွာဖြင့်     စနစ်တကျဖြင့်    အသုံးချရန် လိုကြောင်း။
လျှပ်စစ်မီးနှင့်ပတ်သက်၍     မိမိတို့အနေဖြင့် လျှပ်စစ်ဓာတ်အားများ    လုံလောက်စွာ   ရရှိရေး အတွက် အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊ လျှပ်စစ်ဓာတ်အားများ တိုးတက်ထုတ် လုပ်နိုင်ရန် လိုအပ်သကဲ့သို့ ချွေတာသုံးစွဲရန်လည်း လိုအပ်ကြောင်း၊ ပြည်သူများ၏ လူနေမှုဘဝမြင့်မား ရေးအတွက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးသည် ဦးစားပေးအကောင်အထည်ဖော် ဆောင်ရွက်ရမည့်  လုပ်ငန်းတွင်ပါဝင်ကြောင်း၊ ပြည်သူများ၏ လူနေမှု ဘဝ၊ စီးပွားရေးလုပ်ငန်းများ၊ ကုန်ထုတ်လုပ်ခြင်း နှင့် Public Transportation လုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက်နိုင်ရန်အတွက် လျှပ်စစ်ဓာတ်အားများ လုံလောက်စွာထုတ်လုပ်နိုင်ရေး        ဆက်လက် ဆောင်ရွက်ရန်လိုကြောင်း၊ ပြည်သူများ လျှပ်စစ်မီး သုံးစွဲမှုနှင့် ရေသုံးစွဲမှုချွေတာနိုင်ရေးအတွက် ပြည်သူ များကို  အသိပညာပေးခြင်း၊  တိုက်တွန်းနှိုးဆော် ခြင်းများကို    ပြန်ကြားရေးဝန်ကြီးဌာနအပါအဝင် သက်ဆိုင်သည့် ဝန်ကြီးဌာနများအနေဖြင့် စဉ်ဆက် မပြတ်ဆောင်ရွက်နေရန်လိုကြောင်း မှာကြားသည်။


ရည်မှန်းချက် ၃ ခု


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ကာကွယ်ရေးစွမ်းပကားမြှင့်တင်ရေးနှင့်ပတ်သက်၍  ပြောကြားရာတွင် “ဒီနှစ် ၂၀၂၂ ခုနှစ်ဟာ ကျွန်တော် တို့အတွက် စိန်ခေါ်တဲ့ နှစ်တစ်နှစ်လည်း ဖြစ်လာ နေပြီ။ ဘာလို့ဆိုတော့ ဒီစီးပွားရေးကို ပြန်ပြီးတော့  မတ်လာအောင်   လုပ်မယ်ဆိုရင်တော့   ကျွန်တော် တို့အပေါ်မှာ   ပြည်သူက   ယုံကြည်မှုရှိလာမယ်။ ကျွန်တော့်ရဲ့ ရည်မှန်းချက် ၃ ခုရှိပါတယ်။ တစ် အချက်ကတော့ တိုင်းပြည်စီးပွားရေးကို ကျွန်တော်  ရအောင်ဆွဲတင်မယ် ပြောထားတယ်။ ပြီးခဲ့တဲ့နှစ် အတွေ့အကြုံအရ   ကျွန်တော်တို့    မလုပ်နိုင်စရာ အကြောင်းမရှိဘူး။   ၂၀၂၂ ခုနှစ်မှာ   စီးပွားရေး အားကောင်းအောင် ကျွန်တော်တို့ တိုးတက်အောင် လုပ်မယ်။ ပြီးရင် ဒုတိယကတော့ ကျွန်တော်တို့ရဲ့ နိုင်ငံရေး၊ ရှေ့လုပ်ငန်းစဉ်မှာ ဖော်ပြထားတဲ့ ပါတီစုံ ဒီမိုကရေစီစနစ်ဖော်ဆောင်ရေးနဲ့     ပတ်သက်တဲ့ လုပ်ငန်းရပ်တွေမှာ ကျွန်တော်တို့ရတဲ့ လမ်းကြောင်း တွေမှာ ကျွန်တော်တို့ အကုန်လုပ်မှာ။ အဲဒီနှစ်ခု  နိုင်ငံရေးကလည်း ကောင်းနေတယ်၊ စီးပွားရေးက လည်း    အားကောင်းလာပြီဆိုရင်      ဒီဘက်က နိုင်ငံတော်ကာကွယ်ရေးအတွက်ကို အားလုံးပါဝင်တဲ့  ကာကွယ်ရေးစနစ်ကို နောင်ကျွန်တော်တို့ သွားရ မယ်။ အားလုံးပါဝင်တဲ့။ ဥပမာ-ကျွန်တော်တို့ဆီမှာ အမျိုးသားစစ်မှုထမ်းဥပဒေ  မကျင့်သုံးရသေးဘူး။ နိုင်ငံသားတိုင်းဟာ    စစ်မှုထမ်းဖို့ တာဝန်ရှိတယ်။ အမျိုးသားစစ်မှုထမ်းဥပဒေ ကျွန်တော်တို့ မကျင့်သုံး ရတာ ဘာဖြစ်လို့လဲဆိုတော့ ပြည်တွင်းလက်နက်ကိုင်  ပဋိပက္ခတွေရှိလို့   ကျွန်တော်တို့  လုပ်လို့မရဘူး။ ခုနကပြောတဲ့ တစ်ရယ်၊ နှစ်ရယ် ကျွန်တော်တို့က ကောင်းကောင်းထိန်းနိုင်ပြီ၊ လုပ်နိုင်ပြီ၊ လက်ထဲမှာ ပိုင်ပိုင်နိုင်နိုင်    ရှိပြီဆိုလို့ရှိရင်    တတိယဖြစ်တဲ့ ကာကွယ်ရေးစွမ်းပကားတွေကို ရအောင် ကျွန်တော် တို့က မြှင့်တင်ရမယ်။ အဲဒီမှာ အမျိုးသားစစ်မှုထမ်း ဥပဒေအရ နိုင်ငံသားတွေ စစ်မှုထမ်းရမယ်။ ၂ နှစ် တန်သည်၊ ၃ နှစ်တန်သည်၊ ဒါသူ့ရဲ့ သတ်မှတ်ထား တဲ့ဟာအတိုင်း  စစ်မှုထမ်းရမယ်။ တစ်နှစ်လည်း ဖြစ်ရင်ဖြစ်မယ်၊ တစ်နှစ်ခွဲလည်း ဖြစ်ရင်ဖြစ်မှာပေါ့။ အခြေအနေအပေါ် မူတည်ပြီးတော့၊  တိုင်းပြည်ရဲ့ အခြေအနေပေါ်မူတည်ပြီးတော့ လုပ်ရမှာ။  ဒါက လုပ်ရမှာ၊ မလုပ်လို့မရဘူး။ ကာကွယ်ရေးစွမ်းအား မကောင်းရင်တော့ ကျွန်တော်တို့ ခံသွားရမှာပေါ့။  သူများက ဖင်ပုတ်၊ ခေါင်းပုတ် လာလုပ်သွားမှာပေါ့။ စီးပွားရေး အားမကောင်းရင်လည်း ပိုက်ဆံမရှိတော့ မျက်နှာငယ်ရတယ်။   နိုင်ငံရေး အားမကောင်းတဲ့ အခါကျတော့  သူများတွေ  ကျွန်တော်တို့ကို မျိုးစုံ ပြဿနာတွေရှာမှာ။   စစ်ရေးအရ   ကာကွယ်ရေး စွမ်းအား   မကောင်းတော့   ဖင်ပုတ်၊   ခေါင်းပုတ် လာလုပ်မယ်။ ကျွန်တော်တို့တွေ စော်ကားခံရလိမ့် မယ်။ ခြံစည်းရိုးတွေလုံမှာ မဟုတ်ဘူး။ ဒီ ၃ ခုက ကျွန်တော်တို့ မဖြစ်မနေလုပ်ရမယ့် ကိစ္စရပ်ဖြစ်ပါ တယ်။ ဒါကို ကျွန်တော်တို့က ဒီနှစ်မှာ တတ်နိုင် သလောက် ဆွဲတင်ပြီးတော့ ဆောင်ရွက်သွားဖို့ ဖြစ်ပါ တယ်” ဟု ပြောကြားသည်။ 


ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြ သည့်  ပြည်ထောင်စုဝန်ကြီးများက  သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြဆွေးနွေး၍ အတည် ပြုချက်ရယူကြသည်။


နိုင်ငံခြားသုံးငွေကို ခြိုးခြံချွေတာ


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် နိုင်ငံခြားငွေသုံးစွဲမှုနှင့်စပ်လျဉ်း၍  ယခင်အစိုးရများလက်ထက်တွင် ကုန်သွယ်မှုလိုငွေ များရှိခဲ့ပြီး ရေရှည်တွင် ကြွေးမြီပြဿနာများ ကြီးမား လာနိုင်ပါကြောင်း၊  ယင်းကို  ကြိုတင်တွက်ဆ၍ ဝန်ကြီးဌာနများအနေဖြင့် နိုင်ငံခြားသုံးငွေကို ခြိုးခြံ ချွေတာပြီး မဖြစ်မနေသုံးစွဲရမည့် ကိစ္စများတွင်သာ သုံးစွဲကြစေလိုကြောင်း၊ ဖြစ်နိုင်ပါက ပြည်တွင်း ငွေကြေးဖြင့်သာ သုံးစွဲကြစေလိုကြောင်းနှင့် ဝန်ကြီး ဌာနများအနေဖြင့် မလိုအပ်သည့် ကိစ္စရပ်များတွင် သုံးစွဲခြင်းမပြုဘဲ   အမှန်တကယ်  လိုအပ်သည့် ရေရှည်တည်တံ့မည့် တည်ဆောက်ရေးလုပ်ငန်းများ တွင်သာ သုံးစွဲကြရန်လိုကြောင်း။


နိုင်ငံတကာချေးငွေများနှင့်စပ်လျဉ်း၍ အကျိုး ရှိစွာ သုံးစွဲကြရန်လိုအပ်ပြီး ဌာနအတွက် အမှန် တကယ် အကျိုးရှိသော ချေးငွေများဖြစ်ရန် လိုအပ် ကြောင်း၊ အခွန်အကောက်နှင့်စပ်လျဉ်း၍ ဝန်ကြီး ဌာနများအနေဖြင့် ရသင့်ရထိုက်သည့် အခွန်ငွေများ ရရှိရေးဆောင်ရွက်သွားကြရန် လိုကြောင်း၊ ပုဂ္ဂလိက  ထုတ်လုပ်မှုကဏ္ဍတိုးတက်မှသာ ပြည်ပပို့ကုန် ပိုမို  တင်ပို့နိုင်မည်ဖြစ်ပြီး ယင်းဝင်ငွေမှ နိုင်ငံတော်အတွက် အခွန်ငွေများ ရရှိနိုင်မည်ဖြစ်ကြောင်း၊ အခွန်တိုးမြှင့် ကောက်ခံခြင်းထက် ရသင့်ရထိုက်သော အခွန်အခ များ မှန်မှန်ကန်ကန်ရရှိနိုင်ရေး ဝန်ကြီးဌာနများအနေ ဖြင့် ကြိုးစားဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။
ဝန်ထမ်းများ ခန့်အပ်ခြင်းနှင့်စပ်လျဉ်း၍ မလို အပ်ဘဲ ဖွဲ့စည်းခန့်အပ်ခြင်းများ မပြုလုပ်ကြရန်နှင့် ခန့်အပ်ပြီး ဝန်ထမ်းများ၏ အရည်အသွေး တိုးတက် စေရေးနှင့် တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြရန် အတွက်လည်း       ကြပ်မတ်ဆောင်ရွက်သွားရန် လိုကြောင်း။


ကုန်ဈေးနှုန်းကြီးမြင့်မှု ထိန်းချုပ်နိုင်ရန်


လက်ရှိအခြေအနေတွင် ထုတ်လုပ်မှုကုန်ကျစရိတ် ကြီးမြင့်မှု၊ ပို့ဆောင်ရေးစရိတ်ကြီးမြင့်မှုနှင့် ကုန်ကြမ်း ဈေးနှုန်းမြင့်မားမှုတို့ကြောင့် ကုန်ဈေးနှုန်းကြီးမြင့်မှု များ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ကုန်ဈေးနှုန်းကြီးမြင့်မှု ကို ထိန်းချုပ်နိုင်ရန်အတွက် ဝန်ကြီးဌာနအလိုက် သက်ဆိုင်ရာ  တာဝန်ရှိသူများအနေဖြင့်  စဉ်းစား ဆောင်ရွက်ကြရန်လိုကြောင်း၊     ကုန်ဈေးနှုန်း ကြီးမြင့်မှု၏    အဓိကအချက်အားဖြင့်   သယ်ယူ ပို့ဆောင်ရေး   ကုန်ကျစရိတ်များပြားခြင်းကြောင့် ဖြစ်သဖြင့်   အများပြည်သူ   ပို့ဆောင်ရေးစနစ် ကောင်းမွန်အောင်  ဆောင်ရွက်ပေးရန်  လိုအပ် ကြောင်း၊   ယင်းစနစ်ကောင်းမွန်ရန်   ဆောင်ရွက် ပေးခြင်းအားဖြင့်  နိုင်ငံခြားငွေဖြင့်  ဝယ်ယူသုံးစွဲ နေရသည့် စက်သုံးဆီသုံးစွဲမှုကို ထိထိရောက်ရောက် လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် ပြည်တွင်း၌ ထုတ်လုပ်သည့် ကုန်ပစ္စည်းများအတွက် ကုန်ကြမ်း များ လုံလုံလောက်လောက် ရရှိနိုင်ရေးနှင့် ဈေးကွက် အတွင်း ဝယ်လိုအားကို ကာမိသည်အထိ တိုးမြှင့် ထုတ်လုပ်ပေးနိုင်ရန် လိုအပ်ကြောင်း၊   ပြည်တွင်း ထုတ်လုပ်မှုကို အားပေးမှသာ ကုန်ဈေးနှုန်း ကျဆင်း လာမည်ဖြစ်ပြီး   ငွေကြေးခိုင်မာမှု   ရရှိလာမည် ဖြစ်ကြောင်း၊   ယင်းသို့  ဆောင်ရွက်ခြင်းသည် တိုင်းပြည်၏ စီးပွားရေးကို အထောက်အကူဖြစ်စေ ပြီး   အမျိုးသားအကျိုးစီးပွားကို   ကာကွယ်ရာ ရောက်သည့်အတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် သွားရန် တိုက်တွန်းပါကြောင်း၊ ဝန်ကြီးဌာနများ အနေဖြင့်  ကျန်ရှိသည့်   ဘတ်ဂျက်ကာလအတွင်း တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်  နည်းလမ်း ပေါင်းစုံဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြ ရန်လိုကြောင်း မှာကြားခဲ့ကြောင်း သိရသည်။                                              
သတင်းစဉ်