ပြည်ပနိုင်ငံများ၌ အခက်အခဲကြုံတွေ့နေရသည့်မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်

ပြည်ပနိုင်ငံများ၌ အခက်အခဲကြုံတွေ့နေရသည့်မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်

=========================================================

 

 

နေပြည်‌တော် အောက်တိုဘာ ၆

 

နိုင်ငံတကာခရီးသည်တင်လေယာဉ်များ ပျံသန်းမှုယာယီ ရပ်ဆိုင်းထားခြင်းကြောင့် နိုင်ငံအရပ်ရပ်၌ အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ကိုရီးယား သမ္မတနိုင်ငံ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ တစ်ဆင့် (၂၅)ကြိမ်မြောက် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်း(MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ည ၈ နာရီတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြသည်။ အဆိုပါ ကယ်ဆယ်ရေး လေယာဉ်တွင် ကိုရီးယားသမ္မတနိုင်ငံမှ ၁၀၀၊ ရုရှားဖက်ဒရေးရှင်းမှ ခြောက်ဦး၊ ဂျာမနီမှ နှစ်ဦး၊ နယူးဇီလန်မှ တစ်ဦး စုစုပေါင်း မြန်မာနိုင်ငံသား ၁၀၉ ဦး လိုက်ပါလာခဲ့သည်။

 

၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေး စစ်ဆေးရေး၊ သီးသန့်စီစဉ်ပေးသည့် နေရာ/သတ်မှတ် ဟိုတယ်များ၌ အသွားအလာကန့်သတ်မှု ၁၄ ရက်နှင့် နေအိမ်တွင် အသွားအလာကန့်သတ်မှု ခုနစ်ရက် နေထိုင် စေရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် တာဝန်ယူ ဆောင်ရွက် ပေးခဲ့ကြသည်။

ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်ရန် Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ၏လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးလျက် ရှိရာ ယနေ့အထိ မြန်မာနိုင်ငံသား စုစုပေါင်း ၁၈၁၈၃ ဦးအား ကယ်ဆယ်ရေးလေယာဉ်/ အထူးလေယာဉ်များဖြင့် ပြန်လည် ခေါ်ဆောင်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

 

သတင်းစဉ်