
ပြည်ပနိုင်ငံများ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်
===================================================================
နေပြည်တော် အောက်တိုဘာ ၄
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ဘယ်လ်ဂျီယံ၊ နယ်သာလန်နှင့် အနီးတစ်ဝိုက်ဒေသများ၊ အီဂျစ်နိုင်ငံနှင့် အရှေ့အလယ်ပိုင်း ဒေသတို့တွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၁၇၅ ဦးအား ဘရပ်ဆဲလ်မြို့ မြန်မာသံရုံးမှ ပထမဦးဆုံးအကြိမ်အဖြစ် စီစဉ်သည့် Titan လေကြောင်း စင်းလုံးငှား ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့နံနက် ၇နာရီ ၃၅ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြ သည်။
ထို့ပြင် တရုတ်(တိုင်ပေ) ဒေသတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာသင်္ဘောသား ၁၀၂ ဦး၊ ကျောင်းသား နှစ်ဦး အပါအဝင် မြန်မာနိုင်ငံသား ၁၂၉ ဦးအား ဟောင်ကောင်မြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ စီစဉ်သည့် China Airlines ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။
၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစစ်ဆေးရေး၊ သီးသန့်စီစဉ်ပေးသည့်နေရာ / သတ်မှတ်ဟိုတယ်များ၌ အသွား အလာကန့်သတ်မှု ၁၄ ရက်နှင့်
နေအိမ်တွင် အသွားအလာကန့်သတ်မှု ခုနစ်ရက် နေထိုင်စေရေးတို့ကို အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့က သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ပေးခဲ့သည်။
ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများ အား ပြန်လည်ခေါ်ဆောင်ရန် Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ ၏လမ်းညွှန် ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင် ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
သတင်းစဉ်