ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား နယ်စပ်ဂိတ်အသီးသီးတွင် ဆက်လက်လက်ခံလျက်ရှိ

 

နေပြည်တော်  နိုဝင်ဘာ  ၁၃


ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာ နိုင်ငံသားများအား နယ်စပ်ဂိတ်အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ  နိုဝင်ဘာ ၁၂  ရက်က    ရှမ်းပြည်နယ် (မြောက်ပိုင်း) ချင်းရွှေဟော်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၅၅ ဦး၊ အမျိုးသမီး ၄၄ ဦး၊ စုစုပေါင်း ၉၉ ဦးနှင့်  လောက်ကိုင်မြို့သို့    ပြန်လည် ဝင်ရောက်လာသူ   အမျိုးသားတစ်ဦးတို့ကို လည်းကောင်း၊  ယနေ့တွင်   ကရင်ပြည်နယ် မြဝတီမြို့သို့   ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၂၉၉ ဦး၊  အမျိုးသမီး ၁၉၇ ဦး၊ စုစုပေါင်း ၄၉၆  ဦးတို့ကို   လည်းကောင်း အသီးသီးလက်ခံခဲ့ကြသည်။ 

 


ထိုသို့လက်ခံရာတွင် သက်ဆိုင်ရာပြည်သူ့ ဆေးရုံများမှ ကျန်းမာရေးဆိုင်ရာ   တာဝန် ရှိသူများ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါစစ်ဆေးပေးခြင်း၊ Quaran-tine ဝင်ရောက်ရမည့်   အထောက်အထား စာရွက်စာတမ်းများ ပြုလုပ်ပေးခြင်း၊ ကျန်းမာ ရေးဝန်ကြီးဌာန၏      ညွှန်ကြားချက်များအား ရှင်းလင်းပြောကြားခြင်းတို့ကို      စနစ်တကျ ဆောင်ရွက်ပေးပြီး တိုင်းစစ်ဌာနချုပ်အသီးသီး မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူ များက လိုအပ်သည်များ ကူညီဆောင်ရွက်ပေး ကြသည်။

 


ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ များက စီစဉ်ဆောင်ရွက်ပေးသည့် ခရီးသည် တင်မော်တော်ယာဉ်များဖြင့်   ၎င်းတို့နေရပ် အသီးသီးသို့ လိုက်လံပို့ဆောင်ပေးခဲ့ကြောင်း နှင့် ရောဂါပိုးတွေ့ရှိသူများအား  သက်ဆိုင်ရာ နေရာများတွင် သီးသန့်ထားရှိ၍ လိုအပ်သည့် ကျန်းမာရေးဆိုင်ရာများနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များကို    အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း  သတင်းရရှိသည်။      

 

သတင်းစဉ်