
ရန်ကုန် စက်တင်ဘာ ၂
ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာမည့်သူများ ထားရှိရန် ထောက်ကြန့်-မင်္ဂလာဒုံ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးစခန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က အဆိုပါစခန်း ဖွင့်လှစ်ထားရှိသည့် မင်္ဂလာဒုံမြို့နယ် အခြေခံပညာဦးစီးဌာန ပညာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း၌ ကျင်းပသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုးက အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း (YMBA) ဒုတိယ ဥက္ကဋ္ဌ၊ ထောက်ကြန့်- မင်္ဂလာဒုံ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် ရေး စခန်းစီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌ ဦးစိုးပိုင်က အဆောင်လေးဆောင်တွင် လေကြောင်း၊ ရေ ကြောင်းနှင့် နယ်စပ်ဝင်ပေါက်များမှတစ်ဆင့် ပြန်လည်ဝင်ရောက်လာသူ ၃၀၀ ထားရှိ ရန် အိပ်ရာ၊ ခြင်ထောင်၊ ခုတင်နှင့် ရေချိုးခန်း၊ အိမ်သာများ၊ တစ်ကိုယ်ရေသုံး ပစ္စည်းများနှင့် အောက်ဆီ ဂျင်ဆလင်ဒါအိုးများ အသင့်ပြင်ဆင်ထားရှိမှု အခြေအနေများနှင့် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီ အစဉ်ဖြင့် ထောက်ကြန့်- မင်္ဂလာဒုံ ကိုဗစ်စခန်း အတွက် ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ် ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန် အထောက်အကူပြု ပစ္စည်းများကို ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ဝန်ကြီးများက ထောက်ပံ့ပေးအပ်လှူဒါန်းသည်။
ယင်းနောက် မြန်မာနိုင်ငံဗုဒ္ဓဘာသာကလျာဏယုဝအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲထွန်းက ကျေးဇူးတင် စကားပြောကြားပြီးဝန်ကြီးချုပ်နှင့်အဖွဲ့အား ပြင်ဆင် ထားရှိမှုအခြေအနေများနှင့် လုပ်ငန်းဆောင်ရွက် ထားရှိမှုအခြေအနေများကို ရှင်းလင်းပြသရာ ရှင်းလင်းတင်ပြချက်များအပေါ် ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားပြီး သက်ဆိုင်ရာဌာနများ နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရ သည်။ ဆန်းကျော်ဦး(ပြန်/ဆက်)