ပြည်ပနိုင်ငံများ၏ ဝယ်လိုအားကြောင့် မန္တလေးဈေးကွက်တွင် မြေထောက်ပဲများ အရောင်းအဝယ်ကောင်း

 

မန္တလေး   ဧပြီ    ၄ 
ယခုနှစ် ပဲရာသီတွင် မန္တလေးပဲဈေးကွက်အတွင်း၌ မြေထောက်ပဲများ  ပြည်ပအိမ်နီးချင်းနိုင်ငံများ၏ ဝယ်လိုအားကြောင့် အရောင်းအဝယ်ကောင်းမွန်နေကြောင်း မန္တလေး ပဲကုန်သည်များထံမှ သိရသည်။
အဆိုပါ မြေထောက်ပဲသည် လက်ရှိအချိန်တွင် မန္တလေးဈေးကွက်အတွင်းသို့   ဗန်းမော်၊   ကသာ၊ ထီးချိုင့်၊ ရွှေကူ၊ ကလေး၊ ကလေးဝ၊ ဂန့်ဂေါစသည့် ဒေသတို့မှ ထွက်ရှိဝင်ရောက်လာကြောင်း၊ ပြီးခဲ့သည့် နှစ် ကာလတူက မြေထောက်ပဲ သုံးတင်းဝင်တစ်အိတ် လျှင် ငွေကျပ် ၂၃၀၀၀၀ ဈေးဖြင့် အဖွင့်ဈေးစခဲ့သော် လည်း၊ ယခုနှစ်တွင်အရောင်းအဝယ်များ သွက်လက် ကောင်းမွန်ကာ သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၃၁၀၀၀၀ နှုန်းအထိ ဈေးနှုန်းမြင့်တက်နေကြောင်း  မန္တလေးမြို့မှ  စိုးဝင်းမြင့်ပွဲရုံပိုင်ရှင် ဦးစိုးဝင်းမြင့်က ပြောသည်။ 
“ဈေးကွက်အတွင်းမှာ    မြေထောက်ပဲတွေ လှိုင်လှိုင်ဝင်ရောက်နေပြီး     အရောင်းအဝယ်တွေ ကောင်းနေပါတယ်။    အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ အန္ဒိယနိုင်ငံတွေက ဝယ်ယူနေတာကြောင့် ဈေးနှုန်းတွေ မြင့်တက်နေတာပါ။ ဒီနှစ်ကအထွက်နှုန်း လည်းကောင်း၊ ဈေးကောင်းလည်း ရရှိနေတာကြောင့် ဘက်စုံကနေ အခြေအနေကောင်းတွေနဲ့ မြေထောက် ပဲစိုက်တောင်သူတွေ   အဆင်ပြေနေကြပါတယ်။ ဒီအချိန် မြေထောက်ပဲက လှိုင်လှိုင်ပေါ်တဲ့ရာသီပါ။ နှစ်စဉ် မြေထောက်ပဲကို ဥရောပနိုင်ငံ၊ အရှေ့အလယ် ပိုင်း နိုင်ငံတွေကနေ ဝယ်ယူမှုတွေကိုတွေ့ရပါတယ်။ ဝယ်ယူတဲ့ဖောက်သည်တွေလည်း    တစ်နှစ်ထက် တစ်နှစ် များပြားလာတဲ့အတွက်  ဈေးကောင်းများ ရရှိနေပါတယ်”ဟု ၎င်းကပြောသည်။ 
အဆိုပါ မြေထောက်ပဲသည် ဆောင်းသီးနှံအဖြစ် တစ်နှစ်လျှင် တစ်ရာသီသာ စိုက်ပျိုးထွက်ရှိကြောင်း၊ ယင်းသီးနှံသည် ပူပြင်းသည့်ရာသီနှင့်  မိုးများသောရာသီ များကို မကြိုက်၍ နေရာဒေသမရွေး စိုက်ပျိုး၍မရနိုင် ကြောင်း၊ ထိုသီးနှံကို ဧရာဝတီမြစ်ဝှမ်းတစ်လျှောက် ရှိ ထီးချိုင့်၊ ကသာ၊  ဗန်းမော်၊  ရွှေကူနယ်များနှင့် ချင်းတွင်းမြစ်ဝှမ်း တစ်လျှောက်ရှိ ကလေး၊ ကလေးဝ၊ ဂန့်ဂေါဒေသများတွင်သာ  စိုက်ပျိုးဖြစ်ထွန်းထွက်ရှိ ကြောင်း သိရသည်။
မင်းထက်အောင် (မန်းကိုယ်ပွား)