
နေပြည်တော် မေ ၄
ရွှေဈေးကွက်အတွင်း ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးနှင့် ရွှေကုန်ကြမ်းပြတ်လပ်မှု မရှိစေရေးအတွက် ရွှေလုပ်ငန်းရှင်များက ယနေ့ မေ ၄ ရက်က ဆွေးနွေး ညှိနှိုင်း၍ ဆုံးဖြတ်ချက်များချမှတ်ခဲ့ကြသည်။ အဆိုပါ ဆုံးဖြတ်ချက်များအတွင်း ပြည်ပမှ ရွှေတင်သွင်းနိုင် ရေး၊ ရွှေဈေးနှုန်းကန့်သတ်ခြင်း၊ ရွှေဝယ်ယူမှုအတွက် လုပ်ဆောင်ရန်များနှင့် နယ်စပ်ဖြတ်ကျော်ရောင်းဝယ် မှုများကို တားဆီးနိုင်ရန် ဆောင်ရွက်ခြင်းတို့ ပါဝင် သည်။
ရွှေဈေးကွက်သည် ရွှေတူးဖော်ရေးလုပ်ငန်းများ အခက်အခဲရှိသည့် မိုးတွင်းကာလများ၌ အနည်းငယ် မြင့်တက်နိုင်သည်မှာ နှစ်စဉ်ဖြစ်သော်လည်း ယခုနှစ် တွင်မူ ရွှေဝယ်လိုအား ပိုမိုမြင့်တက်လျက်ရှိသည်ကို လည်း ဈေးကွက်အတွင်း မြင်တွေ့ရသည်။
“ရွှေဈေးနှုန်း သတ်မှတ်ထုတ်ပြန်ရာမှာ ကမ္ဘာ့ ရွှေဈေး၊ ပြည်တွင်းငွေကြေးဈေးကွက် ပေါက်ဈေး တွေကို အခြေခံပြီး တွက်ချက်ထုတ်ပြန်ရတာ ဖြစ်ပါ တယ်။ ဒီကနေ့ ဆုံးဖြတ်ချက်မှာတော့ ရွှေဆိုင်တွေနဲ့ ရွှေကုန်သည်တွေအနေနဲ့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းကနေ နေ့စဉ်ထုတ်ပြန် နေတဲ့ ရွှေဈေးနှုန်းကို ငွေကျပ် ၅၀၀၀ ပေါင်းထည့် ရောင်းဝယ်ပေးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်”ဟု ရန်ကုန် တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ရွှေဆိုင်ပိုင်ရှင်များ၊ ရွှေလုပ်ငန်းရှင်များနှင့် တွေ့ဆုံ ခဲ့ပြီး အစည်းအဝေးဆုံးဖြတ်ချက် ငါးခုဖြစ်သည့် ရွှေဈေးကွက်အတွင်း ရွှေကုန်ကြမ်းပြတ်လပ်မှု မရှိစေ ရေးအတွက် နိုင်ငံခြားမှ တင်သွင်းနိုင်ရေးကို ဆောင် ရွက်ရန်၊ ရွှေဆိုင်နှင့် ရွှေကုန်သည်များမှ အသင်း၏ ရွှေဈေးနှုန်း၏ ၅၀၀၀ ပေါင်းထည့်၍ ရောင်းဝယ်ခြင်း ကို ဆောင်ရွက်ရန်၊ ဗဟိုဘဏ်မှ ရွှေရောင်းချပေးရေး အတွက် တင်ပြရန်၊ ရွှေတွင်းလိုင်စင်ရှိ ပုဂ္ဂိုလ်များနှင့် ဆက်သွယ်၍ ရွှေဝယ်ယူမှုကို ဆောင်ရွက်ရန်၊ နယ်စပ် ဖြတ်ကျော်ရောင်းဝယ်မှုများတွင် တိုင်းပြည်နှင့် ပြည်နယ်အသင်းများနှင့် ဆက်သွယ်၍ တားဆီး ဆောင်ရွက်ရန် စသည့်ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ ကြောင်း သိရသည်။
ယနေ့နံနက်ပိုင်းတွင် အသင်းမှ ရွှေဈေးဖွင့်သည့် နှုန်းမှာ အကယ်ဒမီမီးလင်းရွှေ တစ်ကျပ်သားကို ငွေကျပ် ၁၉၈၉၃၀၀ ဖြင့် ဈေးနှုန်းဖွင့်ထားသည်ကို မြင်တွေ့ရပြီး အောင်သမာဓိမှ အလျော့တွက်ပါသော အခေါက်ရွှေထည်၊ အလျော့တွက်ပါသော ၁၅ ပဲရည် ရွှေထည်များကို ရောင်းချသည့် ဈေးနှုန်းအဖြစ် အခေါက်ရွှေ တစ်ကျပ်သားလျှင် ငွေကျပ် ၁၉၉၅၀၀၀ ဈေးဖွင့်ထားသည်ကို မြင်တွေ့ရသည်။ အချို့ရွှေဆိုင် များကမူ အရောင်းရပ်နားထားသည်ကိုလည်း သိရ သည်။ ယနေ့ ကမ္ဘာ့ရွှေဈေးမှာမူ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၈၆၈ ဒသမ ၁၂ ဈေးဖြင့် ဈေးဖွင့်ထားသည်ကို မြင်တွေ့ရသည်။
“ရွှေဈေးနှုန်းက ပုံမှန်နှစ်တိုင်း မိုးရာသီဆိုရင် ဈေးနည်းနည်းတက်လေ့ရှိတယ်။ အဓိက ကတော့ ရောင်းလိုအားနဲ့ ဝယ်လိုအားပေါ့။ မိုးတွင်းဆို ရွှေတူးဖော်ဖို့ အခက်အခဲရှိတော့ ကုန်ကြမ်းအဝင် နည်းတယ်။ အဲဒီကာလနားနီးလာရင် ပုံမှန်ဈေးက တက်လာတာ။ အဲဒီလိုကာလမှာ ဝယ်လိုအားက မြင့်တက်လာရင် ရွှေသမားတွေအတွက် အခက်အခဲ ရှိတယ်။ အခုရက်ပိုင်းမှာ ရွှေဈေးက နည်းနည်း လှုပ်ခတ်တယ်။ အဝယ်ကလည်း လိုက်လာတယ်။ အခုလို ဈေးနှုန်းသတ်မှတ်လိုက်တာလည်း ကောင်း ပါတယ်။ နယ်စပ်ဖြတ်ကျော် အရောင်းအဝယ်တွေ ကိုလည်း ထင်သာမြင်သာ တားဆီးပေးသင့်ပါတယ်။ ဒါတွေတင်မကဘူး။ အွန်လိုင်းကနေ လိုင်စင်မရှိ၊ ရောင်းချနေတာတွေကိုလည်း တားဆီးပေးသင့် တယ်။ ရောင်းမှား ဝယ်မှား မဖြစ်စေချင်သလို ရွှေဈေးနှုန်းလည်း တည်ငြိမ်စေချင်ပါတယ်။ ဈေးကွက်မှာ ကုန်ကြမ်းမပြတ်စေဖို့အတွက်လည်း အသင်းသားတွေအားလုံးအပြင် နိုင်ငံတော်ကလည်း ပံ့ပိုးပေးစေလိုပါတယ်”ဟု ရွှေဆိုင်ပိုင်ရှင်တစ်ဦး ကလည်း သူ့အမြင်ကို ပြောကြားသည်။
သင်္ကြန်ကာလအပြီး အသင်းက ဧပြီ ၂၀ ရက် တွင် ဈေးနှုန်းစတင်ဖွင့်လှစ်ခဲ့သည်ကို မြင်တွေ့ရပြီး ငွေကျပ် ၂၀၇၀၀၀၀ ဝန်းကျင် ဖြစ်ခဲ့သည်။ ရွှေလုပ်ငန်း ရှင်များ တွေ့ဆုံဆွေးနွေးမှုပြုလုပ်သည့် ယနေ့တွင် ယမန်နေ့က ဈေးနှုန်းထက် တစ်ကျပ်သားလျှင် ငွေကျပ် ၄၂၀၀ ကျဆင်းခဲ့သည်။ ကမ္ဘာ့ရွှေဈေးသည် လည်း အမေရိကန်ငွေကြေးဖောင်းပွမှု နောက်ဆက် တွဲ အခြေအနေများကြောင့် ဈေးနှုန်းကျဆင်းလာခဲ့ပြီး ယခုကာလဈေးနှုန်းများသည် ယခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်းတွင် အနိမ့်ဆုံးအရောင်းအဝယ် လုပ်ဆောင်သည့် ဈေးနှုန်းများအဖြစ် စံချိန်တင် ခဲ့သည်။
ခင်ရတနာ၊ ဓာတ်ပုံ - ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်အသင်း