
နေပြည်တော် ဖေဖော်ဝါရီ ၂၂
ပြည်ပမှ စားအုန်းဆီများအား တင်သွင်း၍ မြန်မာ နိုင်ငံအတွင်းရှိ ဈေးကွက်များသို့ ဖြန့်ဖြူးရောင်းချ လျက်ရှိသော စားသုံးဆီများ၏ အရည်အသွေး၊ ဈေးနှုန်းကိစ္စရပ်များနှင့် ပတ်သက်သော ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။
အကောင်အထည်ဖော်ဆောင်ရွက်
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ပြည်တွင်း၌ စားသုံးဆီဖူလုံ ရေးအတွက် ဆီထွက်သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုး ထုတ်လုပ်ရေး၊ ပြည်တွင်း၌ ထုတ်လုပ်သည့် စားသုံးဆီများ ဈေးကွက်ဝေစုပိုမိုရရှိလာစေရေး၊ ဆီစက်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး၊ ဆီထွက်သီးနှံကဏ္ဍမှ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာစေရေးနှင့် ဆီထွက်သီးနှံကဏ္ဍ (Supply Chain) တစ်လျှောက် ဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက် ပြည်ပမှ စားသုံးဆီတင်သွင်းမှုကို မူဝါဒအရ လျှော့ချပြီး အကန့်အသတ်ဖြင့် တင်သွင်းခြင်းအစီ အစဉ်ကို ယခု Mini Budget မှ စတင်၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုသို့ဆောင် ရွက်ရာတွင် စားသုံးဆီ ကမ္ဘာ့ဈေးနှုန်းမြင့်တက်မှု၊ ပြည်တွင်းဈေးကွက်အခြေအနေ၊ ပြည်တွင်းစားသုံးမှု လျှော့ချနိုင်ရေး၊ ပြည်တွင်းထုတ်လုပ်မှု တိုးတက် စေရေး၊ ပြည်တွင်း၌ စားသုံးဆီများ စုပုံမှုမရှိစေရန် နှင့် ပြတ်လပ်မှုမရှိစေရန်တို့ကို အခြေခံ၍တွက်ချက် ဆောင်ရွက်ခဲ့ပါကြောင်း။
ဦးစားပေးဆောင်ရွက်
အလားတူ စားသုံးဆီတင်သွင်းသူများလည်း နစ်နာမှုမရှိစေရေး၊ စားသုံးသူပြည်သူများအတွက် လည်း ထိခိုက်မှုမရှိစေရေးတို့အတွက် ဗဟိုဘဏ်မှ ရောင်းချပေးသော ဒေါ်လာဈေးဖြင့် သက်သာသော ဈေးနှုန်းတွက်ချက်၍ စီစဉ်ဆောင်ရွက်ပေးခဲ့သည်မှာ ငါးလရှိပြီဖြစ်ပါကြောင်း၊ တင်သွင်းဖြန့်ဖြူးသူများ အနေဖြင့် အရောင်းအဝယ်သဘောအရ အမြတ် ရရှိရေးကိုသာ အဓိကမဟုတ်ဘဲ စားသုံးသူပြည်သူ များအနေဖြင့် အဆင်ပြေမှုရှိစေရန်အတွက် ဦးစားပေး ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ယခုကာလတွင် ကမ္ဘာ့စားသုံးဆီ ဈေးကွက်တွင် ဈေးနှုန်းများ မြင့်တက်လျက်ရှိသည့်အတွက် ပြည်တွင်းဈေးကွက် ကိုရိုက်ခတ်မှုများ ရှိပါကြောင်း၊ ကမ္ဘာ့ဈေးနှုန်း အနေဖြင့် ယခုနှစ် ဇန်နဝါရီလအတွင်း စားသုံးဆီ တစ်တန်လျှင် ပျမ်းမျှ ၁၄၀၇ ဒေါ်လာရှိပြီး ဖေဖော်ဝါရီလ ပထမပတ်အတွင်း ပျမ်းမျှအားဖြင့် ဒေါ်လာ ၁၅၅၀ ခန့်မှ ယခုအပတ်အတွင်း ပျမ်းမျှ အားဖြင့် ဒေါ်လာ ၁၆၄၀ ခန့်ထိ တဖြည်းဖြည်း မြင့်တက်လာခဲ့ပါကြောင်း၊ စားသုံးဆီတင်သွင်းမှု အနေဖြင့် ကာလတူနှိုင်းယှဉ်ချက်အရ ယခင်နှစ်တွင် တန်ချိန် ၃ ဒသမ ၁ သိန်းကျော်ခန့် တင်သွင်းခဲ့ပြီး ယခုနှစ်တွင် ၂ ဒသမ ၃ သိန်းခန့်သာ တင်သွင်း ခဲ့သည့်အတွက် ရာခိုင်နှုန်းအားဖြင့် ၃၀ ရာခိုင်နှုန်း အထိ လျှော့ချထိန်းညှိဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် ပြည်တွင်း စားသုံးဆီ ဈေးနှုန်းတည်ငြိမ်စေရေးနှင့် သင့်တင့် မျှတသည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေးအတွက် စဉ်ဆက်မပြတ် စောင့်ကြည့်ထိန်းကျောင်း ကြပ်မတ် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ဆွေးနွေးပြောကြားသည်။
ရှင်းလင်းဆွေးနွေး
ဆက်လက်၍ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်း မှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ တွဲဖက် အတွင်းရေးမှူး ဗိုလ်မှူးချုပ် ရန်နောင်စိုးက ပြည်တွင်း၌ စားသုံးဆီလက်ကျန် ကျန်ရှိမှု၊ ပြည်ပမှ စားအုန်းဆီသင်္ဘောများ ထပ်မံရောက်ရှိမည့် အခြေ အနေနှင့် ပြည်တွင်းစားသုံးမှု ဖူလုံရန် စီမံဆောင်ရွက် သွားမည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။
ဝိုင်းဝန်းဆွေးနွေး
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာ ကြသည့် စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ အဖွဲ့ဝင်များနှင့် စားသုံးဆီ တင်သွင်းသည့် ကုမ္ပဏီများက မတ်လ အတွင်း စားသုံးဆီ တင်သွင်းရောက်ရှိမည့် အခြေ အနေများနှင့် ဈေးကွက်လိုအပ်ချက်ကို ပြည့်မီ အောင် ဖြည့်ဆည်းပေးနိုင်ရေး စီမံဆောင်ရွက်သွား မည့် အခြေအနေများကို ဝိုင်းဝန်းဆွေးနွေးအကြံပြု ခဲ့ကြသည်။
အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန် မြန်ဆန်စေရေး ဗဟိုကော်မတီ တွဲဖက်အတွင်း ရေးမှူး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များနှင့် စားသုံးဆီ တင်သွင်းသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်