ပြည်နယ်နှင့် တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) ဘော်လီဘောပြိုင်ပွဲနှင့် ယူ-၁၈ အမျိုးသမီးဘောလုံးပြိုင်ပွဲများကျင်းပ

 

နေပြည်တော်   ဒီဇင်ဘာ   ၇


အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂၀၂၃ ခုနှစ်   (၇၅) နှစ်မြောက်    စိန်ရတုလွတ်လပ်ရေးနေ့   အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား        ပြည်နယ်နှင့် တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) ဘော်လီဘော(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲနှင့် အလွတ်တန်းဖိတ်ခေါ် ယူ-၁၈ အမျိုးသမီးဘောလုံး ပြိုင်ပွဲများကို ယနေ့ ဆက်လက်ကျင်းပသည်။  

 


ဘော်လီဘောယှဉ်ပြိုင်


ဘော်လီဘောပွဲစဉ်များကို ယနေ့   နံနက်  ၉  နာရီက နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ဆက်လက်ကျင်းပရာ အမျိုးသမီးပြိုင်ပွဲ၌ မန္တလေးတိုင်းဒေသကြီး အသင်းက ကယားပြည်နယ်အသင်းကို သုံးပွဲ ပြတ်ဖြင့်လည်းကောင်း၊ အမျိုးသားပြိုင်ပွဲ၌ ကယားပြည်နယ်အသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို  သုံးပွဲပြတ်ဖြင့်လည်းကောင်း၊ မန္တလေး တိုင်းဒေသကြီးအသင်းက     ကချင်ပြည်နယ်အသင်းကို     သုံးပွဲပြတ်ဖြင့် လည်းကောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းက ချင်း ပြည်နယ်အသင်းကို သုံးပွဲပြတ်ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အသင်းက  စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို  သုံးပွဲပြတ်ဖြင့်လည်း ကောင်း ယှဉ်ပြိုင်အနိုင်ရရှိသည်။

 


အခမဲ့လာရောက်ကြည့်ရှုအားပေးနိုင်


ဒီဇင်ဘာ ၈ ရက် နံနက် ၉ နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ အမျိုးသမီးပြိုင်ပွဲ၌ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့်   စစ်ကိုင်းတိုင်း ဒေသကြီးအသင်း၊ အမျိုးသားပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဧရာဝတီတိုင်းဒေသ ကြီးအသင်းနှင့် ရှမ်းပြည်နယ်အသင်း၊ ရခိုင်ပြည်နယ်အသင်းနှင့် ကရင် ပြည်နယ်အသင်း၊   ပြည်ထောင်စုနယ်မြေ  နေပြည်တော်အသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်း၊  မွန်ပြည်နယ်အသင်းနှင့်  မကွေးတိုင်း ဒေသကြီးအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ပြီး   မည်သူမဆို  အခမဲ့လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။

 


ဘောလုံးယှဉ်ပြိုင်


ထို့အတူ ယူ-၁၈ (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ ပွဲစဉ်များကို ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်  ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့် ရေးကွင်းအမှတ်(၁)၌ အုပ်စု ပွဲစဉ်တွင် ပဲခူးတိုင်းဒေသကြီးအသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို ရှစ်ဂိုး-တစ်ဂိုးဖြင့် လည်းကောင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ ရှမ်းပြည်နယ်အသင်းက  ကချင်ပြည်နယ် အသင်းကို ခုနစ်ဂိုးပြတ်ဖြင့်လည်းကောင်း အနိုင်ရရှိသည်။

 


ဆက်လက်ယှဉ်ပြိုင်မည်


ဒီဇင်ဘာ ၈ ရက် မွန်းလွဲ ၃ နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်းအမှတ် (၁)၌ အုပ်စုပွဲစဉ်များအဖြစ် စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့်   ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၃)၌   ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားကြမည် ဖြစ်၍   မည်သူမဆို   အခမဲ့လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။                              

အားကာမောင်