
ပြည် ဒီဇင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ခုတင် ၅၀၀ အထွေထွေရောဂါကုဆေးရုံကြီး၌ လစဉ် ၂၁ ရက်နေ့တိုင်း ဒေသတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အငြိမ်းစားနိုင်ငံ့ဝန်ထမ်း ၁၃၆ ဦးအား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ပြည်ခရိုင်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံ အုပ်ကြီး ဒေါက်တာသီတာစိုး ဦးဆောင်သော အရိုးအကြောအထူးကု ဆရာဝန်ကြီးများ၊ အထွေထွေရောဂါ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းအဖွဲ့က အဆိုပါအငြိမ်းစားနိုင်ငံ့ဝန်ထမ်း ၁၃၆ ဦးကို သွေးပေါင်ချိန်ပေးခြင်း၊ ဆီးချိုသွေးချိုစစ်ဆေးပေးခြင်း အပါအဝင် သက်ဆိုင်ရာကဏ္ဍအလိုက် ဆေးဝါးကုသစစ်ဆေးမှုများနှင့် အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးကြသည်။
ယင်းဆောင်ရွက်မှုကို ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ပြည်)မှ ဗိုလ်မှူး ချုပ်ဆန်းဌေးမောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့ဝင်များ လာရောက်ကြည့်ရှုအားပေးကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)