
နေပြည်တော် မေ ၁၀
ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်များ၊ ပညာရေးဒီဂရီကောလိပ်များကို မေ ၁၂ ရက်မှ ဩဂုတ် ၃၁ ရက် အထိ (စနေ၊ တနင်္ဂနွေ မပါ) စာသင်ရက်ပေါင်း ၈၀ ဖြင့် ပုံမှန်ပညာသင်နှစ်ဝက်ကာလအတိုင်း ပြန်လည် ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ယနေ့နံနက် ၁၀ နာရီ တွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသော ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်ရေး ညှိနှိုင်း အစည်းအဝေးတွင် ပြောကြားသည်။
ဝိုင်းဝန်းပံ့ပိုးပေးကြ
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မေ ၁၂ ရက်မှစတင်၍ တက္ကသိုလ် ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့လုံခြုံစွာ ကျောင်း တက်နိုင်ရေးအတွက် ပံ့ပိုးစောင့်ရှောက်ပေးကြ ရမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်ဥပဓိရုပ် ကောင်းမွန် ရေး၊ စာသင်ခန်းများ သန့်ရှင်းသပ်ရပ်ရေး၊ ရေ၊ မီး၊ အင်တာနက် ဝိုင်ဖိုင် ပြည့်စုံရေး၊ စားသောက်ရေး၊ အဆောင်နေထိုင်ရေး၊ သွားလာရေး၊ ကျန်းမာရေး ကိစ္စရပ်များ အဆင်ပြေချောမွေ့စေရေးအတွက် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်များ စတင်ဖွင့်လှစ်သည့် မေ ၁၂ ရက်မှစတင်၍ စာသင်ကြားကြရမည် ဖြစ်ပါ ကြောင်း၊ သင်ကြား၊ သင်ယူမှု အဆင်ပြေချောမွေ့ စေရေးအတွက် ပါမောက္ခချုပ်များကိုယ်တိုင် ဒုတိယ ပါမောက္ခချုပ်များနှင့်အတူ စာသင်ခန်းများကို နေ့စဉ်လှည့်လည်ကြည့်ရှု ပံ့ပိုးပေးရန် လိုအပ်ပါ ကြောင်း၊ တက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ များကို ကျင်းပပေးကြရမည်ဖြစ်ပါကြောင်း၊ မေ ၂၆ ရက်မှစတင်သော အခြေခံပညာကျောင်းအပ်နှံ ရေး သီတင်းပတ်တွင်လည်း ပါမောက္ခချုပ်များက ဝိုင်းဝန်းပံ့ပိုးပေးကြစေလိုပါကြောင်း ပြောကြား သည်။
ရှင်းလင်းဆွေးနွေး
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် က ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက် များကို အကောင်အထည်ဖော်နိုင်ရေးအတွက် အသေးစိတ် ရှင်းလင်းဆွေးနွေးပြောကြားသည်။
ရှင်းလင်းတင်ပြ
ယင်းနောက် အမြဲတမ်းအတွင်းဝန် ဒေါက်တာ စိုးဝင်း၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာဝင်းထွန်းနှင့် ဆရာအတတ်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နှင်းကြည်တို့က ပညာသင်နှစ် အောင်မြင်စွာ ဖွင့်လှစ်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြ ကြောင်း သိရသည်။
သတင်းစဉ်