
နေပြည်တော် ဖေဖော်ဝါရီ ၁၄
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်ခြောက်ဦးမေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်းများနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးလှမြင့် (ခ) ဦးလှမြင့်သန်း၏ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက်ပိကျေးရွာ အခြေခံပညာအလယ်တန်း ကျောင်းရှိ အန္တရာယ်ရှိကျောင်းဆောင်ကို ဖျက်သိမ်းပြီး နှစ်ထပ်ကျောင်းဆောင် တစ်ဆောင် အသစ်ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ကျိုက်ထိုမြို့နယ် ကျိုက်ပိကျေးရွာ အခြေခံ ပညာအလယ်တန်းကျောင်းတွင် ပေ(၁၁၀ x ၃၀) နှစ်ထပ်ဆောင် အသစ် တစ်ဆောင် ဆောက်လုပ်ရန်အတွက် လိုအပ်သောရန်ပုံငွေကို ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းတည်ဆောက်ရေးရန်ပုံငွေ ခေါင်းစဉ်အောက်တွင် ဦးစားပေးအစီအစဉ်အရ စိစစ်လျာထားဆောင်ရွက်ပြီး ဖြစ်ပါကြောင်းနှင့် ဘဏ္ဍာငွေခွင့်ပြုချက်ရရှိပါက ကျောင်းဆောင်အသစ်ဆောက်လုပ်ပေးရန် အစီ အစဉ်ရှိပါကြောင်း ဖြေကြားသည်။
ပလက်ဝမြို့နယ် မီးလက်ဝကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) တွင် RC တစ်ထပ်ဆောင် အသစ်တစ်ဆောင် ဆောက်လုပ်ပေးမည်
ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးဝှေ့တင်း၏ ချင်းပြည်နယ် ပလက်၀မြို့နယ် ရုပ်ဝကျေးရွာအုပ်စု မီးလက်ဝကျေးရွာ အခြေခံပညာအထက် တန်းကျောင်း (ခွဲ) တွင် RC တစ်ထပ်ကျောင်းဆောင်အသစ် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပလက်ဝမြို့နယ် မီးလက်ဝကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) တွင် RC တစ်ထပ်ဆောင် အသစ်တစ်ဆောင် ဆောက်လုပ်ရန် လိုအပ်သည့် ရန်ပုံငွေများကို ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း တည်ဆောက်ရေး ရန်ပုံငွေတွင် ဦးစားပေးအစီအစဉ်အရ လျာထားဆောင်ရွက်ပြီးဖြစ်ပါကြောင်း နှင့် ဘဏ္ဍာငွေခွင့်ပြုချက်ရရှိပါက ကျောင်းဆောင်အသစ်တစ်ဆောင် ဆောက်လုပ် ပေးမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးစိုင်းစံအောင်၏ “ဝ”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့နယ် ရွှေဝါကျေးရွာအုပ်စုရှိ ရွှေဝါကျေးရွာ အခြေခံ ပညာအလယ်တန်းကျောင်းအား အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အဖြစ် လည်းကောင်း၊ မိန်းပန်းကျေးရွာအုပ်စုရှိ မိန်းပန်းကျေးရွာ အခြေခံပညာမူလတန်း ကျောင်းအား အခြေခံပညာမူလတန်း(လွန်)ကျောင်းအဖြစ်လည်းကောင်း အဆင့် တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/ မရှိ မေးခွန်းတို့နှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက လွှတ်တော်ကိုယ်စားလှယ်တင်ပြထားသည့် ဟိုပန်မြို့နယ် ရွှေဝါကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းနှင့် မိန်းပန်းကျေးရွာ အခြေခံ ပညာမူလတန်းကျောင်းတို့ကို ကျောင်းအဆင့်မြှင့်တင်ရေးမူများနှင့် စိစစ်ပြီး အဆင့်မြှင့်တင်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ထန်တလန်မြို့နယ်ရှိ ဒေါန်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းတွင် ကျောင်းဆောင်အသစ် ဆောက်လုပ်ရန် ဦးစားပေးအစီအစဉ်အရ လျာထားဆောင်ရွက်
ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဘွဲခိန်း၏ ချင်းပြည်နယ် ထန်တလန်မြို့နယ် ဒေါန်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း နှစ်ထပ် အဆောင်(၁)သည် ဟောင်းနွမ်းပျက်စီးနေသဖြင့် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်တွင် RC နှစ်ထပ်ဆောင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပညာရေးဝန်ကြီးဌာနအနေဖြင့် ချင်းပြည်နယ် ထန်တလန်မြို့နယ်ရှိ ဒေါန်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းဆောင်အသစ် ဆောက်လုပ်ရန် လာမည့် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းတည်ဆောက်ရေးရန်ပုံငွေ ခေါင်းစဉ်အောက်တွင် ဦးစားပေးအစီ အစဉ်အရ လျာထားဆောင်ရွက်ပေးပြီးဖြစ်ပါကြောင်းနှင့် ရန်ပုံငွေခွင့်ပြုချက် ရရှိပါက ကျောင်းဆောင်အသစ်တစ်ဆောင် ဆောက်လုပ်ပေးမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးလှဦး၏ စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့နယ်ရှိ သုံးပန်လှကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းအား အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အဖြစ် အဆင့် တိုးမြှင့်ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ချောင်းဦးမြို့နယ် သုံးပန်လှအခြေခံပညာ အလယ်တန်း ကျောင်း၏ လက်ရှိကျောင်းအဆင့် သက်တမ်းမှာ သုံးနှစ်ခန့်သာ ရှိသေးပါကြောင်း၊ အလယ်တန်းအဆင့်သင် ကျောင်းသား ကျောင်းသူဦးရေမှာလည်း (၁၇၈)ဦးသာ ရှိသည့်အပြင် အနီးဆုံးအထက်တန်းအဆင့်သင်ကျောင်းဖြစ်သည့် တောကျောင်း ကြီး အခြေခံပညာအထက်တန်းကျောင်းနှင့်လည်း နှစ်မိုင်ခန့်ခရီးအတွင်းသာ ရှိသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ သုံးပန်လှအခြေခံပညာအလယ် တန်းကျောင်းကို ကျောင်းအဆင့်တိုးမြှင့်ရေးအတွက် လာမည့် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်တွင် ဦးစားပေးအစီအစဉ်အနေဖြင့် သတ်မှတ်လျာထားခြင်းမရှိ ပါကြောင်း၊ နောင်လာမည့်နှစ်များတွင် ဘဏ္ဍာရေးခွင့်ပြုချက်ရရှိသည်နှင့်အညီ ကြိုးပမ်းဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးကျော်သောင်း၏ မြန်မာနိုင်ငံတွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ အထက်တန်းရှေ့နေ (H.G.P) သင်တန်းတက်ရောက်နိုင်ရန်အတွက် အထက်တန်းရှေ့နေ (H.G.P) သင်တန်းများဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယ ဝန်ကြီး ဦးဝင်းမော်ထွန်းက လွှတ်တော်ကိုယ်စားလှယ်တင်ပြသည့် အထက်တန်း ရှေ့နေ (H.G.P) စာမေးပွဲသည် ပညာရေးဝန်ကြီးဌာနမှ ဆောင်ရွက်သည့် စာမေးပွဲမဟုတ်ဘဲ ဝန်ထမ်းရွေးချယ်ရေးအဖွဲ့က ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ အဆိုပါစာမေးပွဲသည် သင်တန်းအမျိုးအစားထဲတွင် မပါဝင်ပါကြောင်း၊ သင်တန်း များလည်း ဖွင့်လှစ်ပေးခြင်းမရှိပါကြောင်း၊ ဖြေဆိုရမည့် သင်ရိုးညွှန်းတန်းများကို ထုတ်ပြန်ကြေညာထားပြီး အပိုင်းခွဲ၍ စာမေးပွဲစစ်ဆေးသတ်မှတ်ခြင်းသာ ဖြစ်ပါ ကြောင်း။
အဆင့်မြင့်ပညာဦးစီးဌာန လက်အောက်တွင်ရှိသည့် တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်များတွင် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများအတွက် ဥပဒေဘွဲ့(LLB) သင်တန်းများကို နေ့သင်တန်းနှင့် အဝေးသင်သင်တန်းများအဖြစ် နှစ်စဉ်ဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါသင်တန်းများမှ ကျောင်းဆင်းသွားသည့် ဥပဒေဘွဲ့ (LLB) ရရှိသူများသည် Chamber တစ်နှစ်ဆင်းပြီးပါက အထက်တန်း ရှေ့နေ (H.G.P)အဖြစ် တရားရုံးချုပ်တွင် လျှောက်ထားဆောင်ရွက်နိုင်ပါကြောင်း ဖြေကြားသည်။
ထို့နောက် ကျန်းမာရေးမှူးကောင်စီဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဧရာဝတီ တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဆန်းမြင့်၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးစိုးသိန်း (ခ) ဦးမောင်စိုးနှင့် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်ကြီးဒေါ်သန်းသန်းဝင်းတို့က ဆွေးနွေးကြသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ၂၀၁၂ ခုနှစ် အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၇ နှင့်၂၀၁၅ ခုနှစ် အမျိုးသား လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၆ တို့အရ အမျိုးသားလွှတ်တော်တွင် ဖွဲ့စည်း ထားသော ရေးရာကော်မတီ (၁၂)ခု၏ သက်တမ်းအား တစ်နှစ်ပြည့်မြောက်သည့် နေ့မှစတင်၍ ၂၀၁၅ ခုနှစ် အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၇ အရ နောက်ထပ်သက်တမ်းတစ်နှစ် တိုးမြှင့်သတ်မှတ်ကြောင်း လွှတ်တော်သို့ အသိပေးကြေညာသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်း အဝေး အဋ္ဌမနေ့ကို ဖေဖော်ဝါရီ ၁၈ ရက်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
အောင်ရဲသွင် (သတင်းစဉ်)
ဓာတ်ပုံ - စိုးဝင်းထွန်း