ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရာတွင် စနစ်တကျလုပ်ဆောင်နိုင်မှသာ သိသာထင်ရှားသည့်ရလဒ်ကို ပိုင်ဆိုင်နိုင်မည် ==============================


နေပြည်တော် နိုဝင်ဘာ ၈

ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့တွင် ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး အဖွဲ့ (IDA) ထံမှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ချေးငွေရယူရေးကိစ္စ၊ အခြေခံ ပညာဦးစီးဌာန၏ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေတွင်ပါဝင်သော တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုနှင့် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ အစီရင်ခံစာတို့နှင့်စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှပေးပို့ထားသော ပညာရေး ဝန်ကြီးဌာနက လူတိုင်းအကျုံးဝင်အရည်အသွေးမီ ပညာရေးလုပ်ငန်းအစီအစဉ် အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ (IDA) ထံမှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ချေးငွေရယူရေး ကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

တိုင်းရင်းသားဒေသများပါ သင့်တင့်မျှတစွာ ခွဲဝေသုံးစွဲနိုင်ရေး
စီမံဆောင်ရွက်သင့်ပါကြောင်း အကြံပြုဆွေးနွေး
တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးနိုင်မြင့်က ယခုချေးငွေသည် လူတိုင်းအကျုံးဝင်အရည်အသွေးမီ ပညာရေးလုပ်ငန်းအစီအစဉ် ဖြစ်သည့်အတွက် ကလေးများကို အရည်အသွေးမီသော အခြေခံပညာရေးအပြင် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာတိုးတက်စေရန် အနီးကပ်ကြပ်မတ်သင်ကြား ပေးသော ဆရာ ဆရာမများ၏ အခန်းကဏ္ဍကိုလည်း ထည့်သွင်းစဉ်းစားဆောင် ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ထို့ပြင် ပညာရေးဝန်ကြီးဌာန၏ ချေးငွေဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခြင်းဖြစ်သည့် အတွက် မူအားဖြင့် ထောက်ခံပါကြောင်း၊ သို့သော် ချေးငွေကို မလိုလားအပ်သည့် သုံးစွဲမှုများ၊ စီမံခန့်ခွဲမှုအမှားများမဖြစ်စေဘဲ အကျိုးရှိရှိ ထိထိရောက်ရောက် သုံးစွဲရန်နှင့် တိုင်းရင်းသားများ၏ ဒေသဘာသာစကား သင်ကြားနိုင်ရေးအတွက် တိုင်းရင်းသားဒေသများပါ သင့်တင့်မျှတစွာ ခွဲဝေသုံးစွဲနိုင်ရေး စီမံဆောင်ရွက် သင့်ပါကြောင်း အကြံပြုဆွေးနွေးသည်။

လွိုင်လင်မဲဆန္ဒနယ်မှ ဦးခင်မောင်သီက ယခုစီမံကိန်း၏ ဦးစားပေးဆောင် ရွက်ရမည့်လုပ်ငန်းများထဲတွင် ကျောင်းဖွံ့ဖြိုးရေးစီမံချက်များ ရေးဆွဲခြင်းကို ပြည့်ပြည့်စုံစုံရေးဆွဲပေးနိုင်ပါရန် အကြံပြုလိုပါကြောင်း၊ စီမံကိန်းတွင်ပါရှိသောအခြေခံပညာကျောင်းများတွင် လိုအပ်လျက်ရှိသည့် ဆရာ ဆရာမများအား ဆောလျင်စွာ ခန့်အပ်တာဝန်ပေးနိုင်ပါရန် အကြံပြုလိုပါကြောင်း၊ အခြေခံပညာ မူလတန်း ကျောင်းသား ကျောင်းသူများ၏ မြန်မာစာအရေး၊ အဖတ်စွမ်းရည်၊သင်္ချာစွမ်းရည်များအပြင် အင်္ဂလိပ်စာကိုလည်း အရည်အသွေးမြင့်မားစွာဖြင့်သင်ယူတတ်မြောက်မှု အရည်အသွေးကောင်းမွန်လာရန် ဆောင်ရွက်ပေးသင့် ပါကြောင်း၊ ထို့ကြောင့် ချေးငွေရယူရန် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပေး သင့်ပါကြောင်း ထောက်ခံဆွေးနွေးသည်။

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကိုကိုနိုင်က ပညာရေး ကဏ္ဍကို ပြုပြင်ပြောင်းလဲသည့်အခါတွင် နှစ်ရှည်ပြောင်းလဲမှုကို စနစ်တကျ လုပ်ဆောင်နိုင်မှသာ သိသာထင်ရှားသည့်ရလဒ်ကို ပိုင်ဆိုင်နိုင်မည်ဖြစ်ပါကြောင်း၊ မြန်မာ့ပညာရေးကို စိုက်ထူကြမည့်သူများအနေဖြင့် မြန်မာ့ပညာရေး၏ မြေပြင် ပကတိအခြေအနေမှန်များကိုလည်း မျက်ခြည်မပြတ်ရန် အလေးအနက်ထား တိုက်တွန်းလိုပါကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံ၏ ပညာရေးပြဿနာများကို လက်တွေ့ကျကျ ကိုင်တွယ်ဖြေရှင်းနိုင်မည့်သူများ လိုအပ်နေချိန်ဖြစ်သကဲ့သို့ ပြဿနာကို ဖြေရှင်းမည့်ပညာရှင်များအနေဖြင့် အတွေးအခေါ်သစ်များကို ပိုင်ဆိုင်ထားပြီး လက်တွေ့ကျကျ ဖြေရှင်းနိုင်သူများဖြစ်ရန် လိုအပ်မည်ဟု ယူဆမိပါကြောင်း၊ ယခုပညာရေးဝန်ကြီးဌာနက ရည်ရွယ်ချက်ကောင်းများနှင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် လူတိုင်းအကျုံးဝင်အရည်အသွေးမီ ပညာရေးလုပ်ငန်းများကို စနစ်တကျဖြင့် အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် ဆန္ဒပြုပါကြောင်း ဆွေးနွေးသည်။

ယင်းကိစ္စနှင့်စပ်လျဉ်း၍ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁)မှ ဦးကျော်သောင်း၊ ပွင့်ဖြူမဲဆန္ဒနယ်မှ ဦးထွန်းထွန်း၊ တနင်္သာရီတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၇)မှ ဦးဇော်ဟိန်း၊ ပုဏ္ဏားကျွန်းမဲဆန္ဒနယ်မှ ဦးဦးထွန်းမောင်၊ သံတောင်ကြီး မဲဆန္ဒနယ်မှ ဦးစောဗစ်တာခလိုက်၊ ကျောင်းကုန်းမဲဆန္ဒနယ်မှဦးသိန်းထွန်း၊ မကွေးမဲဆန္ဒနယ်မှ ဦးမြင့်ဦး၊ ဖာပွန်မဲဆန္ဒနယ်မှ ဦးစောထွန်းမြ အောင်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးဝင်းမြင့်နှင့် တွံတေး မဲဆန္ဒနယ်မှ ဦးမြင့်လွင်တို့က ဆက်လက်ဆွေးနွေးကြသည်။

ယင်းနောက် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန၏ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်ခွင့်ပြုရန်ပုံငွေတွင် ပါဝင်သောတည်ဆောက်ရေးလုပ်ငန်း များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုအခြေအနေနှင့် ၎င်းအပေါ် ပြည်သူ့ ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက် အစီရင်ခံစာအမှတ်စဉ် (၁၅/၂၀၁၉) တို့နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် များက ဆွေးနွေးကြသည်။

ကုမ္ပဏီများကိုလည်း တာဝန်ခံမှုနှင့် တာဝန်ယူမှုရှိရန်နှင့်
ငွေကြေးလည်ပတ်မှု လျင်မြန်ရန်လည်းလိုအပ်

မင်းလှမဲဆန္ဒနယ်မှ ဦးကျော်ကြီး(ခ) ဦးအုန်းခင်က တည်ဆောက်ရေး လုပ်ငန်းများကို မြို့နယ်တည်ဆောက်ရေးကော်မတီက ကြီးကြပ်ပါက လျင်မြန်၍ အချိန်နှင့်တစ်ပြေးညီ ကြီးကြပ်နိုင်မည်ဖြစ်ပြီး ရပ်ကွက်နှင့် ကျေးရွာကြီးကြပ်ရေး အဖွဲ့များနှင့်လည်း အဆင်မပြေမှုများကို ညှိနှိုင်းပေါင်းစပ်ဖြေရှင်းပေးနိုင်မည် ဖြစ်ပါကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများတွင် အသုံးပြုမည့်ပစ္စည်းများကို လည်း သီးခြားတင်ဒါခေါ်ယူဆောင်ရွက်ပါက လုပ်ငန်းပို၍ လျင်မြန်မည်ဟု သုံးသပ်ရရှိပါကြောင်း၊ ထို့ပြင် ဝန်ကြီးဌာနမှ အတည်ပြုဒီဇိုင်းများကို တိုင်းဒေသ ကြီးနှင့် ပြည်နယ်များသို့ အချိန်မီဖြန့်ဝေနိုင်ရေး လိုအပ်ပါကြောင်း၊ ကုမ္ပဏီ များကိုလည်း တာဝန်ခံမှုနှင့် တာဝန်ယူမှုရှိရန်နှင့် ငွေကြေးလည်ပတ်မှု လျင်မြန် ရန်လည်း လိုအပ်ပါကြောင်း ဆွေးနွေးသည်။

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ ဦးကျင့်ခန့်ပေါင်က ကျောင်းဆောက် လုပ်ရေးလုပ်ငန်း မြန်ဆန်စွာဆောင်ရွက်နိုင်ရေးအတွက် ငွေကျပ် သိန်း ၂၀၀၀ အောက် လုပ်ငန်းများကို ကျောင်းကော်မတီအား ဆောက်လုပ်ခွင့်ပေးနိုင်ရန်အကြံပြုလိုပါကြောင်း၊ ကျောင်းကော်မတီမှ တာဝန်ယူဆောက်လုပ်ခြင်းအား ဖြင့် လုပ်ငန်းများဆောလျင်စွာ စတင်နိုင်ခြင်း၊ ငွေပိုလျှံပါက ကျောင်းအတွက် အသုံးပြုနိုင်ခြင်း၊ ရပ်ရွာတစ်ခုလုံးက ကြီးကြပ်နိုင်ခြင်း၊ တစ်ထပ်ကျောင်းအားနှစ်ထပ်ကျောင်းအဖြစ် ဆောက်လုပ်နိုင်ခြင်း၊ တင်ဒါထပ်ဆင့်ရောင်းစားနိုင်မှု မရှိခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ကျောင်းဆောင် သစ်များကို ကျောင်းကော်မတီက တာဝန်ယူတည်ဆောက်နိုင်ပါက ဝေးလံခက်ခဲ သည့် ကျောင်းများအတွက် ဒေသထွက်ပစ္စည်းများနှင့် ဆောက်လုပ်နိုင်ရေး အစီအစဉ်တစ်ခု ခွင့်ပြုပေးနိုင်ရန်နှင့် တင်ဒါကို ထပ်ဆင့်ရောင်းစားသည့် ကုမ္ပဏီ များကို အရေးယူပေးရန် တင်ပြလိုပါကြောင်း ဆွေးနွေးသည်။

ဌာနနှင့်ကုမ္ပဏီချုပ်ဆိုထားသည့် စာချုပ်မိတ္တူများကို
သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များကို ပေးအပ်ထားသင့်


ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးထိန်ဝင်းက မိမိ၏ မဲဆန္ဒနယ်မြေအတွင်း လှည့်လည်သွားလာရင်း ဆောက်လုပ်ဆဲကျောင်းဆောင် များကို ဝင်ရောက်စစ်ဆေးကြည့်ရှုလေ့ရှိပါကြောင်း၊ ထိုသို့စစ်ဆေးရာတွင် လုပ်ငန်းခွင်အတွင်း အင်ဂျင်နီယာကို မည်သည့်အခါမှ တွေ့ရှိခြင်းမရှိပါကြောင်း၊ တကယ်တွေ့ရှိရသည်မှာ ပန်းရန်ခေါင်းဆောင်နှင့် နေ့စားအလုပ်သမားများကိုသာ တွေ့ရှိရပါကြောင်း၊ ထို့ပြင် လုပ်ငန်းဆောင်ရွက်နေသည့် ကုမ္ပဏီ၏ အမည်၊ ဘဏ္ဍာရေးနှစ်၊ စီမံကိန်းလုပ်ငန်းအမည်၊ စီမံကိန်းတန်ဖိုး၊ တာဝန်ခံအင်ဂျင်နီယာ၊ ကုမ္ပဏီ၏တည်နေရာနှင့် ဆက်သွယ်ရန်ဖုန်းနံပါတ် စသည့် အချက်အလက်များ ရေးသားထားသည့် ဆိုင်းဘုတ်စိုက်ထူထားခြင်းမျိုးလည်း မတွေ့ရှိသည်မှာ များပါကြောင်း၊ ထို့ပြင် ဌာနနှင့် ကုမ္ပဏီချုပ်ဆိုထားသည့် စာချုပ်မိတ္တူများကို သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များကို ပေးအပ်ထားသင့်ပါကြောင်း၊ သို့မှသာ စာချုပ်တွင်ပါဝင်သည့် အချက်အလက်များနှင့် မြေပြင်တည်ဆောက် ရေးလုပ်ငန်းများကို တိုက်ဆိုင်ကြည့်ရှုစစ်ဆေး၍ မှန်ကန်မှုမရှိပါက ထောက်ပြ ပြောဆိုရမည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။

 

အဆိုပါတည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက် နိုင်မှုအခြေအနေနှင့် အစီရင်ခံစာအမှတ်စဉ် (၁၅/၂၀၁၉)တို့နှင့်စပ်လျဉ်း၍ အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချို၊ ငပုတောမဲဆန္ဒနယ်မှ ဦးသန်းအောင်၊ ကသာ မဲဆန္ဒနယ်မှ ဦးမြင့်ကြည်၊ မင်းဘူးမဲဆန္ဒနယ်မှ ဦးဝင်းဝင်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၆)မှ ဦးဝင်းမောင်၊ အင်္ဂပူမဲဆန္ဒနယ်မှ ဦးအေးဝင်း၊ မကွေးတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၅) မှ ဦးတင်အောင်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၄)မှ ဦးသန်းစိုး (ခ) သန်းစိုး (ဘောဂဗေဒ)၊ ကျောက်ပန်း တောင်း မဲဆန္ဒနယ်မှ ဦးရွှေကို၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးကျော်မြင့်ဦးနှင့် လက်ပံတန်းမဲဆန္ဒနယ်မှ ဦးကျော်မင်းတို့က ဆက်လက် ဆွေးနွေးကြသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်း အဝေး စတုတ္ထနေ့ကို နိုဝင်ဘာ ၁၃ ရက်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။


အောင်ရဲသွင်၊ အေးအေးသန့်