
v “အို . . . အာဠာဝက၊ ဤလောက၌
ဘဝအတွက်၊ အသက်မွေးမှု
အစုစုကို
စေ့ငုသေချာ၊ ဆန်းစစ်ပါသော်
ပညာဉာဏ်ဖြင့်၊ တံခွန်လွှင့်လျက်
ထောက်ချင့်တွေးမှတ်၊ သက်မွေးတတ်မှု
အမြတ်ဆုံးပင်၊ မှတ်လော့သင်..” ဟု
မြတ်ရှင်ဗုဒ္ဓ၊ ဟောထုတ်ပြသည်
သုတ္တ အာဠာဝက၌။
v ပညာစကား၊ ပညာနားနှင့်
နာကြားရစိမ့်၊ သည်းရင်စိမ့်မျှ
သိမ့်သိမ့်လှိုက်ဖို၊ ကျေးဇူးပို၏
သို့ဆိုဘိကာ၊ ဤလောကာ၌
စာပေဝတ္ထု၊ ရတုကဗျာ
လင်္ကာပန်းခင်း၊ ပြုစုခြင်းလျှင်
ရင်တွင်းဥစ္စာ၊ ရတနာကို
ပညာဉာဏ်ထပ်၊ ဖန်ဆင်းအပ်သည့်
မြတ်သော အသက်မွေးခြင်းတည်း။
v ဪ...အသက်မွေးမှု၊ စင်ကြယ်မှုဖြင့်
အမြုတေစစ်၊ ပညာနှစ်ကို
မလှစ် မချန်၊ ရေးသားမှန်သော...
နိုင်ငံလူမျိုး၊ ချစ်မြတ်နိုးလျက်
အမျိုးသားထု၊ အကျိုးပြုသော. . . .
ပြည်သူ့စာပေ၊ ဉာဏ်ကဝေဖြင့်
နေနှယ်ထိန်လင်း၊ လနှယ်ဝင်းအောင်
ဖန်ဆင်းနိုင်စွမ်း၊ ပိုင်ပိုင်ကျွမ်းသော
လမ်းပြမှူးသွင်၊ ပညာရှင်တို့
စုံလင်ဆုံတွေ့၊ သည်ယနေ့ဝယ်
ကြည်မွေ့နှလုံး၊ ကိုယ်စီပြုံးကြ
အပြုံးထဲတွင်၊ ငါတို့မြင်သည်
“တိုင်းခွင်ပြည်ကျိုး၊ ဆောင်သယ်ပိုးမည့်
အမျိုးသားမာန်၊ နိုးကြားဟန်ဖြင့်
အောင်လံလွှင့်ချီ၊ ရှေ့ဆက်မည်ဟု”
ကိုယ်စီနှုတ်ခွန်း ညွှန်းဟန်တကား။ ။
(မြန်မာနိုင်ငံစာရေးဆရာအသင်း တတိယအကြိမ်
ညီလာခံကို ဂုဏ်ပြုလျက် - )