ပြန်လည်စစ်ဆေးမည့် ITPEC စာမေးပွဲများအတွက် သင်တန်းများ အပြိုင်အဆိုင်ဖွင့်လှစ်လာ

 

ရန်ကုန်  ဖေဖော်ဝါရီ  ၂


ယခင်က မြန်မာနိုင်ငံတွင် နှစ်စဉ် တစ်နှစ်လျှင်နှစ်ကြိမ် ကျင်းပခဲ့ပြီး ၂၀၂၁ ခုနှစ်အတွင်း မကျင်းပနိုင်ခဲ့သော ITPEC စာမေးပွဲကို ယခုနှစ် ဧပြီနှင့် အောက်တိုဘာလ အတွင်း ပြန်လည်ကျင်းပတော့မည်ဖြစ်ရာ ဖြေဆို လိုသူ များပြားလျက်ရှိသလို စာမေးပွဲအတွက် သင်ကြား ပေးမည့်    သင်တန်းများကိုလည်း   အပြိုင်အဆိုင် ဖွင့်လှစ်လာလျက်ရှိသည်ကို တွေ့ရသည်။

 


ITPEC စာမေးပွဲတွင် IT Passport(IP), Funda-mental IT Engineer(FE)နှင့် Applied IT Engineer (AP)ဟု  အဆင့်သုံးမျိုးရှိပြီး IP မှာ အခြေခံအဆင့် ဖြစ်ကာ လက်ရှိတွင် စာမေးပွဲပြင်ဆင်မှုသင်တန်းများ အများဆုံးဖွင့်နေသော အမျိုးအစားလည်းဖြစ်သည်။ သင်တန်းများဖွင့်ရာတွင် ဧပြီလ စာမေးပွဲအတွက် အချိန်နည်းနေသောကြောင့်   စာမေးပွဲပြင်ဆင်မှု သင်တန်းများအဖြစ် အချိန်တိုဖြင့် သင်တန်းကြေး ကျပ်တစ်သိန်းမှ နှစ်သိန်းအထိနှုန်းဖြင့် ဖွင့်လှစ်လျက် ရှိပြီး အွန်လိုင်းမှရော စာသင်ခန်းမှပါ သင်ကြားသည့် ပုံစံနှစ်မျိုးလုံးဖြင့် ဖွင့်နေသည်ကို တွေ့ရသည်။ IP  သင်တန်းသည်  ပုံမှန်အားဖြင့်  သင်တန်းချိန်  နာရီ  ၂၅၀ ခန့်ရှိ၍ ပုံမှန်သင်တန်းကြေး ကျပ်ခြောက်သိန်း ဝန်းကျင်ရှိရာ အောက်တိုဘာလ စာမေးပွဲအတွက် သင်တန်းများကိုမူ အချိန်ပြည့်သင်တန်းများအဖြစ် သာ ဖွင့်လှစ်မှုများနေသည်ကို တွေ့ရသည်။ 

 


FE နှင့်  AP စာမေးပွဲများမှာမူ IP အောင်မြင် ပြီးသူများသာ ထပ်မံဖြေဆိုနိုင်သည့် စာမေးပွဲဖြစ်ပြီး ယင်းစာမေးပွဲနှစ်ခုမှ တစ်ခုခုတွင် အောင်မြင်သူများ သည် ဂျပန်အပါအဝင် ပြည်ပနိုင်ငံများတွင် အိုင်တီ ပညာရှင် အင်ဂျင်နီယာအဖြစ် အလုပ်လုပ်နိုင်ခွင့်ရှိ သည့်  စာမေးပွဲများဖြစ်သည်။ စာမေးပွဲများအတွက် သင်တန်းချိန်များမှာလည်း  ပုံမှန်   နာရီ   ၂၅၀  ခန့်စီ ရှိကာ ယင်းစာမေးပွဲနှစ်ခုအတွက် သင်တန်းများကိုမူ အကြိုပြင်ဆင်မှုသင်တန်းများအစား    အချိန်ပြည့် သင်တန်းများအဖြစ်သာ ဖွင့်လှစ်မှုများနေသည်ကို တွေ့ရသည်။

 


မြန်မာနိုင်ငံသည် ဂျပန် ITPEC အဖွဲ့ဝင်အဖြစ် ITPEC စာမေးပွဲကို  မြန်မာနိုင်ငံကွန်ပျူတာအသင်း ချုပ်က ကြီးကြပ်၍  ကွန်ပျူတာပညာရှင်အသင်းက ရန်ကုန်မြို့အပါအဝင် အသင်းခွဲများရှိရာ ပြည်နယ်/ တိုင်းဒေသကြီးများတွင်ပါ တစ်ပြိုင်တည်း စစ်ဆေး ပြီး အောင်မြင်သူများသည် မြန်မာနိုင်ငံမှ တက္ကသိုလ် ဘွဲ့တစ်ခုခုမရသော်လည်း  ဂျပန်အပါအဝင် ပြည်ပ နိုင်ငံများတွင် အိုင်တီပညာရှင် အင်ဂျင်နီယာအဖြစ် အလုပ်လုပ်ခွင့်ရှိမည်ဖြစ်သည်။  ထို့ကြောင့် ITPEC စာမေးပွဲများကို  မြန်မာနိုင်ငံမှ စိတ်ဝင်တစားဖြေဆိုသူ များပြားပြီး ယခင်နှစ်များက စစ်ဆေးခဲ့သော စာမေး ပွဲများတွင်    မြန်မာကျောင်းသားများ    ဖြေဆိုမှုမှာ ထောင်ချီရှိခဲ့သလို အောင်မြင်မှုရာခိုင်နှုန်းမှာလည်း တိုးတက်ခဲ့ကြောင်း သိရသည်။


ကိုစိုး