ရန်ကုန် မေ ၁
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်ရှိ ဝဇီရာရုပ်ရှင်ရုံအား နိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံကဇာတ်ရုံအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးအား ဝဇီရာရုပ်ရှင်ရုံရှင်းလင်းဆောင်၌ ဝဇီရာရုပ်ရှင်ရုံ အဆင့်မြှင့်တင်နေမှု လုပ်ငန်းများကို ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံဗိသုကာကောင်စီဥက္ကဋ္ဌနှင့် ရွှေတောင်ကုမ္ပဏီမှတာဝန်ရှိသူတို့က ဝဇီရာရုပ်ရှင်ရုံသမိုင်းကြောင်း၊ ပြန်လည်ပြင်ဆင်မွမ်းမံနေမှုအခြေအနေများနှင့် လုပ်ငန်းဆောင်ရွက် ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဝဇီရာရုပ်ရှင်ရုံသည် ရုပ်ရှင်ရုံတစ်ခုတည်းမဟုတ်ဘဲ ရုပ်ရှင်၊ စာပေ၊ သဘင်၊ ဂီတအနုပညာရပ်များ ဆုံစည်းရာနေရာဖြစ်လာမည်ဖြစ်သဖြင့် ရေရှည်လည်ပတ်ဆောင်ရွက် နိုင်ရန် စီမံဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဝဇီရာရုပ်ရှင်ရုံသည် ရှေးဟောင်းအမွေအနှစ် ရုပ်ရှင်ရုံဖြစ်သဖြင့် တန်ဖိုးထားထိန်းသိမ်းရန်လိုအပ်ပါကြောင်း၊ ရုပ်ရှင်ရုံပြုပြင်ရေးအတွက် နိုင်ငံတော် အကြီးအကဲ လာရောက်ကြည့်ရှုစဉ် လမ်းညွှန်မှာကြားချက်များအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်နှင့် ပြုပြင်တည်ဆောက်ရေးလုပ်ငန်းအား အပိုင်းလိုက်ပြုပြင်ပြီးစီးမှုများ၊ လိုအပ်ချက် များ၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအား စနစ်တကျဆောင်ရွက်ရန် မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ဝဇီရာရုပ်ရှင်ရုံအဆင့်မြှင့်တင် ဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဝဇီရာရုပ်ရှင်ရုံနှင့် မျက်နှာချင်းဆိုင် တွင်ရှိသည့် မြန်မာ့မီးရထားဝင်းအတွင်း ယာဉ်ရပ်နားစခန်း တည်ဆောက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ပေးခဲ့သည်။ မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင် မြှင့်တင်ရေးဌာနခွဲအစည်းအဝေးခန်းမတွင် ရုပ်ရှင်ဆင်ဆာ၊ ဗီဒီယိုဆင်ဆာအဖွဲ့ဝင်များနှင့် တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ရုပ်ရှင်ရုံများ၌ ရုံတင်ခဲ့သည့် မြန်မာရုပ်ရှင်ဇာတ်ကားများ၊ နိုင်ငံခြားရုပ်ရှင်ဇာတ်ကားများ၊ အွန်လိုင်းရုပ်ရှင်ဇာတ်ကားများ၊ ရုပ်သံလိုင်းများက ထုတ်လွှင့်ပြသ သည့် နိုင်ငံခြားရုပ်ရှင်ဇာတ်ကား၊ မြန်မာစာတန်းထိုး နိုင်ငံခြားရုပ်ရှင်ဇာတ်ကားများနှင့် ဇာတ်လမ်းတွဲ များကို ပြဋ္ဌာန်းထားသည့် ရုပ်ရှင်ဥပဒေ၊ ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေများနှင့်အညီ ပြသနိုင်ရန် ဆောင်ရွက်ပေးနေသည့် ဆင်ဆာအဖွဲ့ဝင်များနှင့် ရင်းနှီးနွေးထွေးစွာ တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ ဖွဲ့စည်း ပေးထားသည့် ရုပ်ရှင်ဆင်ဆာအဖွဲ့၊ ဗီဒီယိုဆင်ဆာအဖွဲ့ဝင်များအနေဖြင့်လည်း ဇာတ်ကားများ စိစစ်ကြည့်ရှုစစ်ဆေးပေးရာတွင် ကိုယ်စွမ်းဉာဏ်စွမ်းဖြင့် မိမိ၏ အတွေ့အကြုံဉာဏ်ပညာနှင့် မိမိတို့၏ ကိုယ်ပိုင်အချိန်များစွာကိုပေးပြီး အနစ်နာခံဆောင်ရွက်ပေးသည်ကို ကြားသိရသည့်အတွက် ဆင်ဆာ အဖွဲ့ဝင်များအားလုံးကို ကျေးဇူးအထူးတင်ပါကြောင်း။
ရုံတင်ပြသသည့် မြန်မာ၊ နိုင်ငံခြားရုပ်ရှင် ဇာတ်ကားများပြသခြင်းကို လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းရှင်များ၊ ဝန်ကြီးဌာနနှင့် ဆက်စပ်ဆောင်ရွက်လျက်ရှိသည့် ပုဂ္ဂလိကရုပ်သံလွှင့်ကုမ္ပဏီများ၊ Content Provider များသည် ပြည်သူကို ပညာပေးရန်၊ ဖျော်ဖြေပေးရန် စသည့်တာဝန်များကို မျှဝေလုပ်ဆောင်နေရခြင်းဖြစ်ပါကြောင်း၊ ရုပ်ရှင်အနုပညာဖန်တီးမှုများသည် စိတ်ကူးဉာဏ်စွမ်းဖြင့် တီထွင်ကြံဆဖန်တီးရသည့် ပညာရပ်ဖြစ်၍ အချို့အနုပညာဖန်တီးမှုများသည် လွန်ကဲသော ဖန်တီးမှုမျိုး ဖြစ်ပါက ပြည်သူများအတွက် အဆိပ်အတောက်ဖြစ်နိုင်သော အနုပညာဖန်တီးမှုဖြစ်သွားနိုင်သဖြင့် မူလဖန်တီးထုတ်လုပ်သည့် အနုပညာရှင်များက သတိဝီရိယကြီးစွာဖြင့် ဆောင်ရွက်ရန်လိုအပ်ပြီး ဆင်ဆာ အဖွဲ့ဝင်များအနေဖြင့်လည်း စိစစ်အကဲဖြတ်ပေးရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ရုပ်ရှင်ဆင်ဆာနှင့် ဗီဒီယိုဆင်ဆာအဖွဲ့အတွင်းရေးမှူး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးက ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဆင်ဆာအဖွဲ့ဝင်များကိုယ်စား အကယ်ဒမီ ဒေါ်ဆွေဇင်ထိုက်နှင့် တက်ရောက်လာသူများက ရုပ်ရှင်ဆင်ဆာ၊ ဗီဒီယိုဆင်ဆာနှင့်ပတ်သက်ပြီး အသီးသီးဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ရန်ကုန်မြို့ ဗဟန်းမြို့နယ် သာသနာ့ ရိပ်သာလမ်းရှိ မော်ကွန်းရုပ်ရှင်သို့သွားရောက်၍ ရက်(၁၀၀)စီမံချက်တွင် ပါဝင်သည့် ရုပ်ရှင်သင်တန်းများ ဖွင့်လှစ်မည့် မော်ကွန်းရုပ်ရှင်အဆောက်အအုံအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးအား မော်ကွန်းရုပ်ရှင်အစည်းအဝေးခန်းမ၌ Forever Group ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက Forever Group မှ ဆောင်ရွက်နေသည့် ရုပ်သံလိုင်းများ၊ သင်တန်းကျောင်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ရက် (၁၀၀) စီမံချက်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းတင်ပြ ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး မော်ကွန်းရုပ်ရှင်အဆောက်အအုံ အတွင်းလှည့်လည် ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားသည်။
သတင်းစဉ်



