
နေပြည်တော် နိုဝင်ဘာ ၃
နိုင်ငံတော်အစိုးရ၏ ယန္တရား ကောင်းမွန်စွာ လည်ပတ်နိုင်ရေး အတွက် ကျရာကဏ္ဍမှ တာဝန် သိစိတ်ဖြင့် ဆောင်ရွက်နေကြ သည့် ဝန်ထမ်းများကို စိတ်လက် ပေါ့ပါးစွာ အပန်းဖြေပျော်ရွှင်မှု ရရှိစေရန် ရည်ရွယ်ပြီး စိတ်ဓာတ် ပိုင်းဆိုင်ရာ အားပေးမြှင့်တင်မှု တစ်ခုအဖြစ် တန်ဆောင်တိုင် ကာလနှင့် တိုက်ဆိုင်ကာ ဝန်ကြီး ဌာနများသို့ လှည့်လည်ဖျော်ဖြေ မည့် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ခေတ်ပေါ်တေးဂီတအဖွဲ့၊ အငြိမ့် ပဒေသာတို့နှင့်အတူ နိုင်ငံကျော် တေးသံရှင်များ ပါဝင်သီဆို တင်ဆက်သည့် ဖျော်ဖြေပွဲကို ယနေ့ညနေပိုင်းတွင် နေပြည် တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။
အဆိုပါ ဖျော်ဖြေပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးမောင် မောင်အုန်းနှင့် ဇနီး၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဇနီးများ၊ အရာထမ်း၊ အမှုထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ ပျော်ရွှင် စွာ ကြည့်ရှုအားပေးကြသည်။ ဂီတဖျော်ဖြေပွဲ မစတင်မီ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန် ရှိသူများသည် ဝန်ထမ်းများနှင့် မိသားစုဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
ဖျော်ဖြေပွဲတွင် မြန်မာ့အသံ နှင့် ရုပ်မြင်သံကြားမှ ခေတ်ပေါ် တေးဂီတအဖွဲ့နှင့် တွဲဖက်၍ မြန်မာ့အသံမှ တေးသံရှင်များက မြန်မာသံစဉ် တေးသီချင်းများ၊ ခေတ်ပေါ် တေးသီချင်းများဖြင့် လည်းကောင်း၊ နိုင်ငံကျော်အဆို တော် မြန်မာပြည်သိန်းတန်က “ငါသာစော်ဘွားဖြစ်ချင်တယ်’’ ၊ “မေတ္တာရေလှိုင်း အသည်းပြင်ရိုင်း”၊ “ရွှေသုန္ဒရီ”၊ “နှင်းပွင့်သစ္စာ”၊ “စနေထောင့်မှာ ပန်းလှူမယ်” စသည့်တေးသီချင်းများဖြင့်လည်း ကောင်း၊ ခေါင်းဆောင်မင်းသမီး မြတ်ဆုချယ်၊ ရှေ့ထွက်မင်းသမီး မြတ်သဇင်သင်း၊ လူရွှင်တော် စောမင်းနောင်၊ ဇော်မင်းထွန်း၊ လင်းဇော်နိုင်၊ ကျော်မင်းစိုး၊ မျိုးကျော်သူနှင့် စိုင်းစည်သူတို့ ပါဝင်သည့် အဉ္ဇလီအငြိမ့်ဖျော်ဖြေ ခန်းဖြင့်လည်းကောင်း ဖျော်ဖြေ တင်ဆက်ရာ ဝန်ထမ်းများ၊ မိသားစု ဝင်များက ပျော်ရွှင်စွာ ပါဝင် ဆင်နွှဲခဲ့ကြသည်။ ကျန်ဝန်ကြီး ဌာနများနှင့် အဖွဲ့အစည်းအသီးသီး တွင်လည်း နိုဝင်ဘာ ၄ ရက်မှ ၁၂ ရက်အထိ အလှည့်ကျ ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်