ပြင်ဦးလွင်တန်ဆောင်တိုင်မီးပုံးပျံပွဲတော် နိုဝင်ဘာ ၄ ရက်မှ ၈ ရက်အထိ ကျင်းပသွားမည်

 

မန္တလေး   အောက်တိုဘာ   ၂၉ 


ပြင်ဦးလွင်မြို့ မဟာအံ့ထူးကံသာ ဆုတောင်းပြည့်မြတ်စွာဘုရား (၁၆)ကြိမ်မြောက် ပြင်ဦးလွင် တန်ဆောင် တိုင်ပွဲတော်ကို နေ့၊ ည မီးပုံးပျံပြိုင်ပွဲများ၊ အားကစားပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ရာ ကြိုတင်ပြင်ဆင်ထားရှိမှုများကို မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုနှင့် တာဝန်ရှိသူများ ယမန်နေ့ မွန်းလွဲပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးသည်။  

 


ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပြင်ဦးလွင် ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌     ပွဲတော်ကျင်းပရေး    လုပ်ငန်း ဆပ်ကော်မတီ  တာဝန်ရှိသူများနှင့်   တွေ့ဆုံပြီး ပြင်ဦးလွင်မြို့၏   အေးချမ်းသာယာမှု၊  ကြွယ်ဝမှုနှင့် တိုင်းဒေသကြီး၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက် အကူဖြစ်စေရန်  ပွဲတော်ကို ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်း၊ ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည် များ   စိတ်ဝင်တစား  လာရောက်ကြည့်ရှုခြင်းဖြင့် ဒေသစီးပွားရေးလုပ်ငန်းများ ပိုမိုအားကောင်းလာမည် ဖြစ်ကြောင်း၊ မြန်မာ့ရိုးရာ မီးပုံးပျံလွှတ်ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြင့်   တစ်ဦးနှင့်တစ်ဦး နားလည်မှု၊ စည်းလုံးညီညွတ်မှု၊ စုပေါင်းဆောင်ရွက် တတ်မှု စသည့်အလေ့အကျင့်ကောင်းများ ရရှိလာ မည်ဖြစ်ကြောင်း၊   ဘုရားဖူးလာသူများနှင့်  ပွဲတော် လာရောက်သူများ  စိတ်ချမ်းမြေ့စွာဖြင့်   ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲရေး        ဆပ်ကော်မတီများအနေဖြင့်  ကဏ္ဍအလိုက် စီမံခန့်ခွဲမှုများ လစ်ဟာမှုမရှိစေရေး အလေးထား     ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။ 

 


ထို့နောက်   တိုင်းဒေသကြီး  ဝန်ကြီးချုပ်သည် ပြင်ဦးလွင်တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကျင်းပမည့် နေရာ၊ ပွဲကြည့်စင်၊ မီးပုံးများ လွှတ်တင်ပူဇော်မည့် ကွင်း၊   ကြိုတင်ပြင်ဆင် ဆောင်ရွက်ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးပြီး   လိုအပ်သည်များကို  ပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 


ပြင်ဦးလွင်တန်ဆောင်တိုင်   မီးပုံးပျံပွဲတော်ကို ၂၀၀၅   ခုနှစ်မှစတင်၍  နှစ်စဉ်နှစ်တိုင်း စည်ကား သိုက်မြိုက်စွာ  ကျင်းပလာခဲ့ရာ  (၁၆)ကြိမ်ရှိပြီဖြစ် သည်။ ပွဲတော်ကို နိုဝင်ဘာ ၄ ရက်မှ နိုဝင်ဘာ ၈ ရက်အထိ     ကျင်းပသွားမည်ဖြစ်ပြီး    မသိုးသင်္ကန်း ရက်ကန်းခတ်ပူဇော်ပွဲကို     ဘုရားရင်ပြင်တော်တွင် လပြည့်နေ့ နံနက် ၅ နာရီအချိန်အပြီး ဆက်ကပ် ပူဇော်သွားမည်ဖြစ်ကာ ယင်းနေ့ ညနေ ၆ နာရီတွင် ဘုရားရင်ပြင်တော်၌ ဆီမီး  ၉၀၀၀ ထွန်းညှိပူဇော် မည်ဖြစ်သည်။

 


မီးပုံးပျံကွင်းတွင်    စိန်နားပန်မီးပုံးပျံ   ၁၆  လုံး၊ ညမီးကျည် မီးပုံးပျံ ၁၄ လုံး၊ နေ့အရုပ်အလှတို့ကို အဖွဲ့ ၄၆ ဖွဲ့မှ မီးပုံးပျံများ ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး နေ့အရုပ်ပြိုင်ပွဲများကို မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီအထိ၊ ညမီးကျည်နှင့်  စိန်နားပန် မီးပုံးပျံလွှတ် ပြိုင်ပွဲများကို ညနေ ၆ နာရီမှ ည ၁၁ နာရီအထိ ကျင်းပသွားမည်ဖြစ်ကာ    ရိုးရာခြင်းအလှခတ်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲ၊ ဖူဆယ် ဘောလုံးပြိုင်ပွဲများကို မီးပုံးပျံကွင်းအတွင်း နိုဝင်ဘာ ၅ ရက်မှစ၍ နေ့စဉ်နံနက်၈နာရီမှ ညနေ ၆ နာရီအထိ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ 

 


ပွဲတော်ကာလအတွင်း မြို့မတေးဂီတအဖွဲ့နှင့် ကျောက်ဆည်ဆင်အကအဖွဲ့ဖြင့် ဧည့်ခံဖျော်ဖြေသွား မည်ဖြစ်ကြောင်းနှင့် ဂုဏ်ပြုဆုငွေများကို ထိုက်တန် စွာ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။ 


သတင်းစဉ်