
နေပြည်တော် ဧပြီ ၁၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်နှင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းများအား ပြင်ဦးလွင်မြို့၊ နိုင်ငံတော်အစိုးရ ဧည့်ဂေဟာရှိ အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ မြို့ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကောင်စီ တွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဦးခင်မောင်ရီ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ တိုင်းဒေသကြီး စည်ပင် သာယာရေးဝန်ကြီး၊ မြို့တော်ဝန် ဦးကျော်ဆန်း၊ ပြင်ဦးလွင်ခရိုင်မှ ဌာနဆိုင်ရာ ဝန်ထမ်းများ တက်ရောက်ကြသည်။
ဒေသဆိုင်ရာအချက်အလက်များနှင့်
အထွေထွေ လိုအပ်ချက်များကို တင်ပြ
ဦးစွာ ပြင်ဦးလွင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော် ကျော်ထွန်းက ပြင်ဦးလွင်ဒေသအတွင်း ကော်ဖီ စိုက်ပျိုးဆောင်ရွက်မှု အခြေအနေ၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေ၊ ပြည်တွင်း၊ ပြည်ပမှ ခရီးသွားများ လာရောက် လည်ပတ်မှု အခြေအနေ၊ ပြင်ဦးလွင်မြို့ရှိ ရှေးဟောင်းသမိုင်းဝင် အဆောက်အဦများကို ထိန်းသိမ်း၍ ခရီးသွားဧည့်သည်များ လာရောက် လေ့လာနိုင်ရေး ဆောင်ရွက်ထားရှိသည့် အခြေအနေ နှင့် အထွေထွေလိုအပ်ချက်များကို ရှင်းလင်း တင်ပြသည်။
ပြင်ဦးလွင်မြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီး ဌာနအလိုက်နှင့် တိုင်းဒေသကြီးအစိုးရအဆင့် ဆောင်ရွက်လျက်ရှိမှု
ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဦးတင်ထွဋ်ဦး၊ ဦးခင်မောင်ရီတို့က သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် ပြင်ဦးလွင်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် မန္တလေး-ပြင်ဦးလွင်-ဂုတ်ထိပ် ရထားခရီးစဉ် ပြေးဆွဲ ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ ရေနွေး ငွေ့စက်ခေါင်းသုံး ရထားခရီးစဉ်များ ပြေးဆွဲပေးနိုင် ရေး လုပ်ဆောင်လျက်ရှိသည့် အခြေအနေ၊ ဂုတ်ထိပ်တံတား ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ၊ ပြင်ဦးလွင် ဘူတာ ကြီးကို ရှေးမူလက်ရာမပျက် ဆောင်ရွက်လျက်ရှိ သည့် အခြေအနေ၊ အနီးစခန်းလေဆိပ် အဆင့်မြှင့်တင်ရေးအတွက် အကြိုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ ဆက်သွယ်မှုမြန်ဆန်ကောင်းမွန်ရေးအတွက် အစီအစဉ်တစ်ရပ်အနေဖြင့် ဆောင်ရွက် လျက်ရှိသည့် အခြေအနေ၊ ပြင်ဦးလွင် ဒေသအတွင်းရှိ ကော်ဖီခြံများ စည်းစနစ်တကျ ရှိစေရေးအတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်လျက်ရှိပြီး အထွက်ကောင်းမျိုးများနှင့် နည်းပညာများကို ဖြန့်ဖြူးပေးလျက်ရှိသည့် အခြေအနေ၊ ပြည်တွင်း၊ ပြည်ပ ကော်ဖီဈေးကွက်ရရှိမှု အခြေအနေ၊ ချယ်ရီမြို့တော်အဖြစ် ဆောင်ရွက်နိုင် ရေးအတွက် ချယ်ရီပျိုးပင်များ ဆောင်ရွက်ပြီးစီးမှုနှင့် ယခုနှစ်မိုးရာသီတွင် စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ထား ရှိသည့် အခြေအနေ၊ ချယ်ရီပင်များနှင့် သစ်မာပင် များ စိုက်ပျိုးမှုကို ငါးနှစ်စီမံချက်အဖြစ် ရေးဆွဲ ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ စိုက်ပျိုးရေးလုပ်ငန်းများအနေဖြင့် သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများအတိုင်းသာ စိုက်ပျိုးမှု ရှိစေရေး၊ အဆောက်အဦများကို သတ်မှတ်ချက် အတိုင်း ဆောက်လုပ်ရေးတို့အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ညှိနှိုင်းတိုင်ပင် ဆောင်ရွက်လျက်ရှိ သည့် အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေး တင်ပြကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် မြို့တော်ဝန်တို့က ပြင်ဦးလွင်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးအတွက် လမ်းပန်းဆက်သွယ် ကောင်းမွန်စေရေး လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ပေး နေမှု အခြေအနေ၊ အမျိုးသား ကန်တော်ကြီးဥယျာဉ် အတွင်း ရေထိန်းသိမ်းနိုင်ရေး ရေလှောင်ကန်တူး ဖော်ခြင်း၊ ရေထိန်းတံခါး ဆောင်ရွက်ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ မြို့တွင်းလမ်းများ ချဲ့ထွင်ခြင်း၊ ကတ္တရာ အဆင့်မြှင့်တင် ခင်းကျင်းခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေ၊ ဂဲလောင်ချောင်းအတွင်း ရေစစ်ကန်ဆောင်ရွက်ပေး လျက်ရှိသည့် အခြေအနေနှင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ပြင်ဦးလွင်မြို့နယ်အတွင်း လာရောက်သည့် ခရီးစဉ်အတွင်း လမ်းညွှန်မှာကြားချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေ အနေများကို ရှင်းလင်းတင်ပြကြသည်။
ကော်ဖီလုပ်ငန်းရှင်များ၏ တင်ပြချက်များအား ဖြေရှင်းဆောင်ရွက်
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သင်္ကြန်မတိုင်မီက ကော်ဖီလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဆွေးနွေးချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်နှင့် လိုအပ်ချက်များ ဆောင်ရွက်ပေးရန်၊ ဒေသဖွံ့ဖြိုးရေး အတွက် လိုအပ်သည်များကို အဆုံးအဖြတ်ပေးနိုင် ရန်တို့အတွက် ယခုကဲ့သို့ ဝန်ကြီးများ၊ ပြင်ဦးလွင်မြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ထပ်မံတွေ့ဆုံခြင်းပင် ဖြစ်ကြောင်း၊ ကော်ဖီလုပ်ငန်းရှင်များအနေဖြင့် ကော်ဖီစိုက်ပျိုးနိုင်ရေး ၎င်းတို့ကိုယ်တိုင် နိုင်ငံပိုင် မြေဧရိယာများလျှောက်ထားခြင်းဖြစ်ပြီး နိုင်ငံတော် က ခွင့်ပြုပေးခြင်းဖြစ်သည့်အတွက် သတ်မှတ် စည်းမျဉ်းစည်းကမ်းအတိုင်းသာ ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း၊ သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်းအတိုင်းသာ အကောင်အထည်ဖော် ဆောင်ရွက်ကြမည်ဆိုပါက ပြင်ဦးလွင်ဒေသသည် ကော်ဖီအထွက်နှုန်း မြင့်မားမည်ဖြစ်ကာ သစ်ပင် သစ်တောလည်း ဖုံးလွှမ်းမည်ဖြစ်ပြီး ရာသီဥတု ပြောင်းလဲမှုများ ဖြစ်ပေါ်လာမည် မဟုတ်ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဒေသ အလိုက် ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် စည်းမျဉ်းစည်းကမ်းနှင့်အညီသာ ဆက်လက်ဆောင် ရွက်သွားရန်လိုကြောင်း၊ ဒေသ၏ ဖွံ့ဖြိုးတိုးတက်ရေး၊ စိမ်းလန်းစိုပြည်ရေး၊ တရားဥပဒေစိုးမိုးရေးအတွက် ဒေသအလိုက် ဌာနဆိုင်ရာတာဝန်ရှိသူများက စည်းကမ်း၊ ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်ကြ ရန် တာဝန်ရှိမည်ဖြစ်ကြောင်း၊ တင်ပြချက်များတွင် ပါဝင်သည့် ကော်ဖီ association ဖွဲ့စည်းနိုင်ရေး အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တစ်နိုင်ငံလုံးရှိ ကော်ဖီစိုက်ပျိုးသည့် ဒေသအလိုက် တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ ပူးပေါင်း၍ အဖွဲ့အစည်းတစ်ခု ဖွဲ့နိုင် ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကော်ဖီစိုက်ဧကများအလိုက် အဆောက်အဦ ဆောက်လုပ်ခွင့် သတ်မှတ်ချက်များကို ခေတ်ကာလ နှင့်လျော်ညီပြီး လုပ်ငန်းလိုအပ်ချက်နှင့် ကိုက်ညီမှု ရှိစေရန် ပြင်ဆင်သတ်မှတ်ပေးသွားမည်ဖြစ် ကြောင်း။
မိမိတို့ တာဝန်ထမ်းဆောင်နေသည့် ဒေသ၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ဒေသ၏ ထူးခြား သည့် ဝိသေသများကို အကျိုးရှိရှိအသုံးချနိုင်ရမည်
ပြင်ဦးလွင်မြို့သည် တောင်ပေါ်အပန်းဖြေ မြို့တော်၊ ချယ်ရီမြို့တော်၊ ကော်ဖီမြို့တော် ဖြစ် အောင် ယခင်ကတည်းက အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ပေးခဲ့ခြင်းမှာလည်း ဤဒေသ၏ အကျိုးစီးပွားအတွက်ပင်ဖြစ်ပြီး အစိုးရအတွက် လုပ်ဆောင်နေခြင်း မဟုတ်သည်ကို သိရှိနားလည်ကြရန်လိုကြောင်း၊ သင်္ကြန်ကာလ အတွင်း ပြင်ဦးလွင်၌ ဟိုတယ်၊ တည်းခိုခန်းများ အခန်းပြည့်ဖြင့် ပြည်တွင်းပြည်ပမှ လာရောက် အပန်းဖြေကြသည့် ခရီးသွားများကို ကြည့်ပါက ဒေသ၏ သာယာလှပမှုနှင့် ခရီးသွားများ၏ စိတ်ဝင် စားမှုကို တွေ့မြင်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ တာဝန်ထမ်းဆောင်နေသည့် ဒေသ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ အပန်းဖြေ မြို့တော်ဖြစ် သည့်အတွက် ယခုထက် ခရီးသွားလုပ်ငန်းပိုမိုဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဒေသ၏ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို တိုးတက်အောင် လုပ်ဆောင်ပေးခြင်း ဖြင့် မြှင့်တင်နိုင်ရမည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် ထုတ်ကုန်ကို အခြေခံသည့် ပို့ကုန်လုပ်ငန်းကို ဖော်ဆောင်ရမည်ဖြစ်ပြီး ပြင်ဦးလွင်ကော်ဖီသည် ပြည်တွင်း၊ ပြည်ပ၌ နာမည်ကောင်းရပြီးသားဖြစ် သည့်အတွက် ကော်ဖီထုတ်ကုန်ကို အခြေခံသည့် အဆင့်မြင့် ပို့ကုန်လုပ်ငန်းကို ဖော်ဆောင်ရမည် ဖြစ်ကြောင်း။
ထို့ပြင် ပြင်ဦးလွင်မြို့သည် လေကောင်းလေသန့် ရရှိပြီး နှစ်လိုဖွယ်ရာသီဥတု ရှိပြီးဖြစ်သည့်အတွက် ခရီးသွားမြို့တော်၊ အပန်းဖြေမြို့တော်အပြင် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်သည့် ကျန်းမာရေး မြို့တော်အသွင်အဖြစ်လည်း အကောင်အထည်ဖော် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ပညာရေးနှင့် ပတ်သက်၍ အစဉ်အလာကောင်းရှိသည့် မြို့တစ်မြို့ ဖြစ်ပြီး ရာသီဥတုသာယာ၍ အေးချမ်းစွာ ပညာ သင်ကြားနိုင်ရေးကို အထောက်အကူဖြစ်စေ၍ ပညာ ရေးကို အားပေးမြှင့်တင်ဆောင်ရွက်ပေးရမည်ဖြစ် ကြောင်း၊ ပြင်ဦးလွင်သည် ထူးခြားသည့် ဝိသေသ ရှိသည့် မြို့တော်တစ်ခုဖြစ်ကြောင်း၊ ခရီးသွားမြို့တော် ဖြစ်သည်နှင့်အညီ မြို့သန့်ရှင်းသာယာလှပရေးကို ဦးစားပေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ တစ်ဦး ချင်း၊ တစ်အိမ်ချင်း သန့်ရှင်းသပ်ရပ်သည့် ပတ်ဝန်း ကျင်ဖြစ်စေရန်ဆောင်ရွက်ပြီး ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့်လည်း သက်ဆိုင်ရာ ရုံး၊ ဌာန အလိုက် လမ်း၊ တံတား၊ အဆောက်အဦများကို စနစ်တကျ ထိန်းသိမ်းခြင်းဖြင့် မြို့သာယာလှပမှုကို ဖော်ဆောင်ပေးရမည်ဖြစ်ကြောင်း။
ပြင်ဦးလွင်ဒေသတွင် ရှေးဟောင်းသမိုင်းဝင် အဆောက်အဦ များစွာရှိသည့်အတွက် ရှေးမူမပျက် ထိန်းသိမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တန်ဖိုးရှိသည့် အဆောက်အဦများ ဖြစ်သည့်အတွက် အကျိုးရှိစွာ အသုံးချဆောင်ရွက်သွားရမည်ဖြစ် ကြောင်း၊ နိုင်ငံတော်ပိုင် အဆောက်အဦများအပြင် ပုဂ္ဂလိကပိုင် ရှေးဟောင်း အဆောက်အဦများကိုလည်း ထိန်းသိမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ ထိန်းသိမ်းဆောင်ရွက်သည်ဖြစ်သော်လည်း မြို့တစ် မြို့ ဖွံ့ဖြိုးတိုးတက်လာပါက အထပ်မြင့်အဆောက်အဦ များ၊ မြို့ပြအဆောက်အဦများလည်း လိုအပ်လာမည် ဖြစ်သဖြင့် အထပ်မြင့် အဆောက်အဦများ ဆောက်လုပ် နိုင်ရေးအတွက်လည်း သီးခြားမြေနေရာများကို သတ်မှတ်ဆောင်ရွက်ပေးရမည်ဖြစ်ပြီး စနစ်ကျန သည့် မြို့အကွက်ချပုံစံဖြင့် ရေးဆွဲဆောင်ရွက်ရန်လိုကြောင်း၊ မျက်စိပသာဒ ဖြစ်ပြီး စနစ်ကျနသည့် မြို့ကို ဖော်ဆောင်ရမည်ဖြစ်ပြီး ဘက်ပေါင်းစုံမှ စဉ်းစားလုပ်ဆောင်ကြရန်လိုကြောင်း။
မြို့တွင်းလမ်းများကို စနစ်ကျနမှုရှိစေရေး လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ လမ်းဧရိယာကို ဦးစွာသတ်မှတ်ဆောင်ရွက်ပြီးမှသာလျှင် သစ်ပင် များကို စိုက်ပျိုးရမည်ဖြစ်ပြီး စိုက်ပျိုးရာတွင်လည်း မျက်နှာချင်းဆိုင် သစ်ပင်စိုက်ပျိုးခြင်းအစား Zig Zag စနစ်ဖြင့် စိုက်ပျိုးကြစေလိုကြောင်း၊ သို့မှ သာလျှင် သစ်ပင်များမှတစ်ဆင့် လမ်းပေါ်သို့ ရေကျ ရောက်ပြီး လမ်းပျက်စီးမှုကို ကာကွယ်စေနိုင်မည် ဖြစ်ကြောင်း၊ နေရောင်ခြည်လည်း သင့်တင့်စွာ ရရှိ ရန်လိုကြောင်း၊ လမ်းပျက်စီးမှုသည် ရေနှင့် မြေသား များ ကတ္တရာလမ်းပေါ် ကျရောက်ခြင်းကြောင့် ဖြစ်သဖြင့် လမ်းခင်းကျင်းမှုအပိုင်းကိုလည်း ရေစီး ရေလာ ကောင်းစေရန်နှင့် လမ်းပေါ် ရေတင်ကျန်မှု မရှိစေရေး ဆောင်ရွက်ကြရန်လိုကြောင်း၊ ပြင်ဦးလွင် ဒေသ၌ လမ်းများ၊ ဈေးဆိုင်များ၊ မြေအကွက်ချမှုများ စနစ်တကျရှိစေရေး ဆောင်ရွက်ကြစေလိုကြောင်း၊ စည်းမျဉ်းစည်းကမ်းနှင့် မညီသည်များကို သတ်မှတ် ချက်များအတိုင်းသာ ဆောင်ရွက်ရမည်ဖြစ်ပြီး မိမိတို့အစိုးရအနေဖြင့် စည်းကမ်းစနစ်တကျဖြစ် စေရေးကိုသာ အဓိကထား ထိန်းသိမ်းဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း။
သစ်ပင်များစိုက်ပျိုးရာတွင်လည်း အမှန်တကယ် ရှင်သန်နိုင်မည့် အရွယ်အစားရှိသည့် ပျိုးပင်များကို သာ စိုက်ပျိုးကြစေလိုကြောင်း၊ အပန်းဖြေမည့် ပတ်ဝန်းကျင်၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင် မည့် ပတ်ဝန်းကျင်၊ ပညာရေးမြှင့်တင်မှု ဆောင်ရွက် နိုင်မည့် ပတ်ဝန်းကျင်တို့ကို စနစ်တကျ တွက်ချက် စဉ်းစား ဆောင်ရွက်၍ လုပ်ဆောင်ကြစေလိုကြောင်း၊ ယခင်ကတည်းကပင် ရှိပြီးသားဖြစ်သည့် ပြင်ဦးလွင် ဒေသ၏ အခြေခံကောင်းများကို ခေတ်မီနည်းပညာ၊ အတတ်ပညာတို့ဖြင့် ပေါင်းစပ်အသုံးချလျက် စနစ် တကျနှင့် ပိုမိုပြည့်စုံအောင်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ စိမ်းလန်း စိုပြည်ရေး လုပ်ငန်းများကို ဘက်ပေါင်းစုံ၊ ကဏ္ဍ ပေါင်းစုံမှ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း မှာကြားခဲ့သည်။ သတင်းစဉ်