ပြင်ဦးလွင်ဒေသ စိမ်းလန်းစိုပြည်သာယာလှပစေရေး ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောများအား စနစ်တကျထိန်းသိမ်း

နေပြည်တော်  စက်တင်ဘာ  ၁၄


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုနှင့် အတူ ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးပြင်ဦးလွင်မြို့ရှိ သစ်တောဦးစီးဌာနကတည်ထောင် ထားသော ဒိုးကွင်အမြဲတမ်းပျိုးဥယျာဉ်နှင့် သစ်ခွခြံ သို့ ကြည့်ရှုစစ်ဆေးပြီး ပြင်ဦးလွင်ဒေသ စိမ်းလန်း စိုပြည်သာယာလှပစေရေး၊   ကြိုးဝိုင်း၊  ကြိုးပြင် ကာကွယ်တောများအား စနစ်တကျ ထိန်းသိမ်းရေး၊ ပျိုးဥယျာဉ်များတွင် ချယ်ရီနှင့်   ဒေသနှင့်ကိုက်ညီ သည့် သစ်မျိုးများ စနစ်တကျ ပြုစုပျိုးထောင်သွားရန်၊ လာမည့်မိုးရာသီတွင် လမ်းဘေးဝဲ/ယာ တစ်အုပ်တစ်မ  စိုက်ပျိုးခြင်း၊ သဘာဝတောအတွင်း ကွက်လပ်ဖြည့် စိုက်ပျိုးခြင်း၊ သစ်တောစိုက်ခင်း တည်ထောင်ခြင်းများ တိုးမြှင့်ဆောင်ရွက်သွားရန်နှင့် ပျိုးဥယျာဉ်အတွင်း ဝင်ဆံ့နိုင်သည့်   ပျိုးပင်နှစ်သိန်း     ပြည့်မီအောင် ပျိုးထောင်ဆောင်ရွက်သွားရန် မှာကြားသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မေမြို့ ထင်းကြိုးဝိုင်း၊ အကွက်အမှတ် ၁၃၊ ၁၄၊ ၂၃၊ ၂၄ အတွင်း ရှိ ၁/၁၉၈၅ စီးပွားရေးထင်းရှူးစိုက်ခင်း ဧက ၅၀၀ သို့  သွားရောက်၍   စိုက်ခင်းအောင်မြင်ဖြစ်ထွန်းမှု၊ ထိန်းသိမ်းစောင့်ရှောက်ထားရှိမှုနှင့် စိုက်ခင်းအတွင်း ကော်ဖီ ငါးဧကနှင့် ဝဥစမ်းသပ်စိုက်ပျိုးထားရှိမှု အခြေ အနေကို ကြည့်ရှုစစ်ဆေးပြီး  မေမြို့ထင်းကြိုးဝိုင်း သည်    ပြင်ဦးလွင်မြို့နှင့်  နီးကပ်နေသည့်အပြင် အမျိုးသားကန်တော်ကြီးဥယျာဉ်အတွင်းရှိ ရေကန် များ၏ ရေဝေရေလဲဧရိယာတွင် ပါဝင်နေသည့်အတွက် သစ်တောသစ်ပင်များ  ထိန်းသိမ်းကာကွယ်ရေးကို သစ်တောဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက် သွားရန်၊ ခွင့်ပြုပေးထားသော  ပုဂ္ဂလိကသစ်တော စိုက်ခင်း၊    ပုဂ္ဂလိကကော်ဖီစိုက်ခင်းနှင့်   ဒေသခံ ပြည်သူအစုအဖွဲ့ပိုင်   သစ်တောများ    သတ်မှတ် စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်မှု ရှိ/မရှိ စစ်ဆေးသွားရန်နှင့် ကြိုးဝိုင်း၊  ကြိုးပြင်  ကာကွယ်တောများအတွင်း တရားမဝင်ကျူးကျော် ဝင်ရောက်မှုမရှိစေရေး အထူးအလေးပေး စစ်ဆေး ကြပ်မတ်သွားရန် မှာကြားသည်။


မွန်းလွဲပိုင်းတွင်   ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံသစ်တောကျောင်းတွင်   မန္တလေးတိုင်း ဒေသကြီးအတွင်း ဘူမိဗေဒနှင့် ဓာတ်သတ္တုရှာဖွေရေးဆိုင်ရာလုပ်ငန်းနှင့် သတ္တုတူးဖော်ရေးလုပ်ငန်း ဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ တင်ပြဆွေးနွေး ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရ သည်။                       
                 

     သတင်းစဉ်