
ပင်းတယ ဧပြီ ၁၀
နွေရာသီ ရေရှားပါးသည့်အချိန်တွင် ပင်းတယမြို့လယ်ရှိ ရှေးဟောင်းသမိုင်း ဝင် ပုန်းတလုတ်ရေကန်အတွင်း ရေခန်း ခြောက်မှုမဖြစ်စေရန် ရည်ရွယ်၍ မြို့၏ အနောက်မြောက်တောင်ခြေရှိ သဘာဝ ဇော်ဂျီရေထွက်ချောင်းမှ ရေများကို ရေကန်အတွင်းသို့ ရေသွင်းပိုက်များဖြင့် ရေဖြည့်တင်းခြင်းကို ဧပြီ ၇ ရက်မှ စတင် ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ပုန်းတလုတ်ရေကန်အတွင်း ရေဖြည့်တင်းခြင်း ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများနှင့် လူငယ်လူရွယ် များက ဧပြီ ၅ ရက်မှစတင်ကာ ပျက်စီး ပေါက်ပြဲနေသော ရေပိုက်များကို ပြင်ဆင် ခြင်း၊ ပြတ်နေသည့်နေရာများအတွက် ရေပိုက်များတပ်ဆင်ခြင်း၊ ပုန်းတလုတ် ရေကန်အတွင်းရှိ အမှိုက်သရိုက်များနှင့် ဖောင်းတောပင်များကို ခုတ်ထွင် ရှင်းလင်းပေးခြင်းနှင့် မိုးရွာသွန်းသည့် အခါ ရေဝင်၊ ရေထွက်ကောင်းမွန်ရေး၊ ရေကန်အတွင်းသို့ ရေဝင်လမ်းကြောင်း များအား လူအင်အား၊ စက်ယန္တရား အင်အားများဖြင့် တူးဖော်ပေးခြင်းများ ပူးပေါင်းဆောင်ရွက်ကြပြီးနောက် ဧပြီ ၇ ရက်မှစတင်ကာ ပင်းတယမြို့နှင့် လေး မိုင်ခွဲခန့်ကွာဝေးသော တောတောင် သဘာဝရေထွက်ပေါက်များမှ ဖြစ်ပေါ် လာသည့် သဘာဝဇော်ဂျီရေထွက်ချောင်း မှရေများကို သွယ်ယူ၍ ရေကန်အတွင်း သို့ ရေဖြည့်တင်းခြင်းဖြစ်သည်။
ရေဖြည့်တင်း ဆောင်ရွက်ရာတွင် တစ်နေ့လျှင် အချိန် သုံးနာရီခန့် တစ် ကြိမ်သာ ရေဖြည့်မည်ဖြစ်ပြီး တစ် ကြိမ်လျှင် ရေဂါလန် တစ်သိန်းဝန်းကျင် ခန့် ပုန်းတလုတ်ရေကန်အတွင်းသို့ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
ပင်းတယမြို့လယ်ရှိ ပုန်းတလုတ် ရေကန် အစဉ်အမြဲ သန့်ရှင်းသာယာ လှပရေးနှင့် ရေကန်အတွင်း ရေများဖြည့် တင်းဆောင်ရွက်နိုင်ရေးအတွက် ရှမ်းပြည် နယ်အစိုးရ၏ ကူညီပံ့ပိုးမှုနှင့်အတူ ပြည်သူများ၏ ထည့်ဝင်လှူဒါန်းငွေများ ဖြင့် ၂၀၁၇ ခုနှစ် မေလမှစ၍ ဆောင်ရွက် ခြင်းဖြစ်သည်။
အကျယ်အဝန်းအားဖြင့် ၈၂ ဒသမ ၇၅ ဧက ဝန်းကျင်ရှိသည့် ပုန်းတလုတ် ရေကန်သည် ပူပြင်းခြောက်သွေ့သည့် နွေရာသီတွင် ရေခန်းခြောက်မှုကြောင့် မူလရေအနက် ၁၄ ပေ ကျော်ရှိခဲ့ရာမှ ယခုအခါ ရေအနက် ခြောက်ပေခန့်သာ ကျန်ရှိတော့သဖြင့် ကန်ရေပြင်အလှ ပျက်စီးမှုမဖြစ်ပေါ်စေရန် ဇော်ဂျီ သဘာဝရေထွက်ချောင်းမှ ရေများ ဖြည့်တင်းဆောင်ရွက်ရခြင်း ဖြစ် ကြောင်းနှင့် ယခုလို ရေဖြည့်တင်ခြင်း ကြောင့် ဇော်ဂျီရေထွက်ချောင်းမှရေများ သိသိသာသာ လျော့နည်းထိခိုက်မှုမရှိစေရန်လည်း ဆောင်ရွက်မည်ဖြစ် ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)