ပင်းတယမြို့နယ် ငရုတ်စိုက်ခင်းများမှထွက်သည့် ငရုတ်သီးခြောက်များ ဈေးကောင်းရလျက်ရှိ

 

ပင်းတယ   နိုဝင်ဘာ  ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယ မြို့နယ်  ကျားကုန်းကျေးရွာအုပ်စုနှင့်     ကျုံးကျေးရွာအုပ်စုရှိကျေးရွာ များ၌   ငရုတ်သီးခြောက်(ဒေသအခေါ် စပ်သီးခြောက်)လုပ်ငန်းဖြင့်   စီးပွားရေးလုပ်ငန်းများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
အဆိုပါ   ငရုတ်သီးခြောက်လုပ်ငန်းနှင့်ပတ်သက်၍  ငရုတ်စိုက် တောင်သူ ဦးမောင်ဝင်းက  “အခုဆိုရင် ကျွန်တော်တို့ကျားကုန်းကျေးရွာ မှာ အိမ်တိုင်းလိုလို  ချင်းစိုက်ခင်းထဲမှာ သီးညှပ်အဖြစ် စိုက်ပျိုးထားတဲ့ ငရုတ်သီးတွေကို  ခူးဆွတ်နေရပြီဖြစ်လို့  အဆင်ပြေနေကြပါတယ်”ဟု ပြောသည်။
ပင်းတယမြို့နယ်၌ ငရုတ်ပင်များကို  ကဆုန်လမှ စတင်စိုက်ပျိုးပြီး တန်ဆောင်မုန်းနှင့် နတ်တော်လများတွင် ခူးဆွတ်ရကြောင်း၊ ငရုတ်သီး အစို လေးပိဿာတွင်   အခြောက်  တစ်ပိဿာ ရရှိကြောင်း၊  နေ့ခဖြင့် ခူးဆွတ်ပါက လူတစ်ဦးလျှင် တစ်နေ့လုပ်အားခ  ကျပ် ၅၀၀၀ ပေးရပြီး ငရုတ်သီးအစိုကို ရောင်းချခြင်းမရှိဘဲ နေလှန်း၍အခြောက်ခံသည့်စနစ် ဖြင့် ပြုလုပ်ကာ  အခြောက်တစ်ပိဿာလျှင်   ကျပ် ၂၀၀၀၀ ရရှိကြောင်း၊ တစ်အိမ်ထောင်တွင် အနည်းဆုံး ငရုတ်သီးပိဿာချိန် ၅၀ မှ  ၂၀၀ အထိ   ရရှိကြောင်း၊ ငရုတ်သီးကို  ဒေသငရုတ်သီးမျိုးသာ စိုက်ပျိုးကြပြီး ယခင်နှစ်က ငရုတ်သီးဈေးနှုန်းမှာ တစ်ပိဿာ ကျပ် ၃၅၀၀ သာရရှိကာ ယခုနှစ်တွင် စျေးနှုန်းသိသိသာသာ တိုးလာသည့်အတွက် ငရုတ်စိုက် သည့် တောင်သူများ အပိုဝင်ငွေများရရှိနေကြောင်း သိရသည်။
မိုးမိုးထွေး