
ပင်းတယ ဇူလိုင် ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီက မြို့နယ်ဓမ္မာရုံ၌ ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံပေးခြင်းမပြုမီ ပါးစပ် နှင့် နှာခေါင်းစည်းများကို စနစ်တကျ တပ်ဆင် စေခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင် ချိန်တိုင်းခြင်း၊ ကာကွယ်ဆေးထိုးလာရောက်သူ များအား စိစစ်၍ မှတ်ပုံတင်ခြင်းများ ဆောင်ရွက် ခြင်း၊ ကာကွယ်ဆေးထိုးနှံပေးပြီးနောက် ဆေး၏ဘေးထွက်ဆိုးကျိုးလက္ခဏာ တစ်စုံ တစ်ရာ ဖြစ်ပေါ်လာပါက ချက်ချင်းအရေးပေါ် တုံ့ပြန်ဆောင်ရွက်နိုင်ရန် မိနစ် ၃၀ ခန့် စောင့် ကြပ်ကြည့်ရှုပေးခြင်းတို့ကို သက်ဆိုင်ရာ တာဝန်ရှိသူများက ဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းကို ပင်းတယမြို့နယ်ဆရာဝန်ကြီး ဒေါက်တာ မို့မို့ကြည်က ကြီးကြပ်၍ လက်ထောက်ကျန်းမာရေးမှူး၊ မိခင်နှင့်ကလေးကျန်းမာရေး ဌာနမှ အမျိုးသမီးကျန်းမာရေး ဆရာ ဆရာမ ကိုးဦးတို့က ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ လမ်းညွှန် ချက်များနှင့်အညီ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီး ယခုကာကွယ်ဆေးထိုးနှံသူ ၂၂၅ ဦးမှာ ဇွန်လဒုတိယပတ်တွင် အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံထားသည့်သူများဖြစ်ကြောင်း သိရသည်။
ယနေ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်မိုးလွင်နှင့် ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင် များက ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပင်းတယ(ပြန်/ဆက်)