
ဆန်ဖရန်စစ္စကို ဇန်နဝါရီ ၆
အမေရိကန်ပြည်ထောင်စု အော်ရီဂွန်ပြည်နယ် ပေါ့လန်း၌ ပြင်းထန်သည့်မတော်တဆမှုဖြစ်ပွား ပြီးနောက် အလက်စကာလေကြောင်းလိုင်းသည် ၎င်းတို့လေကြောင်းလိုင်းပိုင် ဘိုးအင်း ၇၃၇ - မက်စ် ၉ အက်စ် လေယာဉ် ၆၅ စင်းစလုံးကို စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန်အတွက် ယာယီရပ်နားထားမည်ဟု ဇန်နဝါရီ ၅ ရက် ညပိုင်းကကြေညာခဲ့သည်။
အလက်စကာလေကြောင်းလိုင်းပိုင် ဘိုးအင်း ၇၃၇ - မက်စ် ၉ အက်ဖ်သည် အမြင့်ပေ ၁၆၀၀၀ တွင် လေယာဉ်ကိုယ်ထည် ပြတင်းပေါက် ကျိုးပျက်သွားခဲ့ သည်။ အဆိုပါလေယာဉ်သည် ကယ်လီဖိုးနီးယားရှိ အွန်တေရီယိုသို့ ဦးတည်သွားနေခြင်းဖြစ်ပြီး ပျံသန်း ပြီး မိနစ် ၂၀ ခန့်အကြာတွင် ပေါ့လန်းသို့ အရေးပေါ် ပြန်လည်ဆင်းသက်ခဲ့ရသည်။ ခရီးသည် ၁၇၁ ဦးနှင့် လေယာဉ်အမှုထမ်း ခြောက်ဦးစလုံး ဘေးကင်းခဲ့သည်။
လုံခြုံစိတ်ချရေးအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် အဆိုပါ ဘိုးအင်းလေယာဉ် ၆၅ စင်း စလုံးကို ပြေးဆွဲမှုရပ်နားထားမည်ဟု အလက် စက လေကြောင်းလိုင်း စီအီးအို ဘန်မီနီကူချီက ပြောသည်။
လာမည့်ရက်အနည်းငယ်အတွင်းစုံစမ်းစစ်ဆေးမှုများ ပြီးဆုံးမည်ဟု မျှော်မှန်းထားကြောင်း ၎င်းက ဆက်ပြောသည်။ ပျက်စီးနေသည့် လေယာဉ်ကို အမျိုးသားသယ်ယူပို့ဆောင်ရေးနှင့် လေကြောင်း လိုင်းစီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့က စုံစမ်းမှုများ စတင် နေပြီဖြစ်သည်။
အချက်အလက်များပိုမိုစုဆောင်းရန် အတူတကွ လုပ်ဆောင်နေပြီး စုံစမ်းစစ်ဆေးမှုတွင် အကူအညီ ပေးရန် နည်းပညာပိုင်းဆိုင်ရာ အကူအညီများလည်း အသင့်ဖြစ်နေပြီဟု ဘိုးအင်းကုမ္ပဏီက ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ဆင်ဟွာ