
ဘာလင် အောက်တိုဘာ ၂၇
ပြင်သစ်နိုင်ငံနှင့် ဂျာမနီနိုင်ငံတို့အကြား ကနဦး ဆွေးနွေးသဘောတူညီ ချက်များအရ နှစ်နိုင်ငံအကြား ဓာတ်ငွေ့ပိုက်လိုင်းမှတစ်ဆင့် ဂျာမနီ နိုင်ငံက ပြင်သစ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့ပေးဝေရန် သဘောတူညီမှု ရရှိခဲ့ကြသည်။ ပြင်သစ်နိုင်ငံသမ္မတ Mr. Emmanuel Macron နှင့် ဂျာမနီနိုင်ငံဝန်ကြီးချုပ် Mr. Olaf Scholz တို့သည် စက်တင်ဘာလ အတွင်းက စွမ်းအင်ကဏ္ဍအကျပ်အတည်းကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီမှုတစ်ခုကို ဆွေးနွေးရရှိခဲ့ခြင်း ဖြစ်သည်။
နှစ်နိုင်ငံအကြား ဆွေးနွေးညှိနှိုင်းမှုများအရ မူလအစီအစဉ်ကို ပြန်လည်ပြင်ဆင်၍ ပိုက်လိုင်းအတွင်း နည်းပညာပိုင်းဆိုင်ရာ ပြင်ဆင် ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပြီး ပထမဦးဆုံးအကြိမ်အဖြစ် ပြင်သစ်နိုင်ငံ ဘက်မှ ဂျာမနီနိုင်ငံဘက်သို့ အောက်တိုဘာ ၁၃ ရက်တွင် ဓာတ်ငွေ့ စတင်ပို့လွှတ်ခဲ့သည်။
ဥရောပဓာတ်ငွေ့ပေးဝေမှု ဦးဆောင်ကုမ္ပဏီကြီးဖြစ်သည့် GRTgaz က အီးယူဒေသတွင်း အကျပ်အတည်း ကြုံတွေ့နေရချိန်တွင် ပြင်သစ်နိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံအချင်းချင်း ပေါင်းစည်းညီညွတ်မှု ကို ဓာတ်ငွေ့တိုက်ရိုက်ပို့ဆောင်ခြင်းဖြင့် ပြသလိုက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပြင်သစ်နိုင်ငံသည် မူလကပင် ရုရှားနိုင်ငံမှ စွမ်းအင်တင်သွင်းမှု အပေါ် ဂျာမနီနိုင်ငံကဲ့သို့ များစွာမှီခိုခဲ့ခြင်းမရှိသော်လည်း နိုင်ငံတွင်းရှိ နျူကလီးယားဓာတ်ပေါင်းဖို(nuclear reactors) ၅၆ ခု၏ ထက်ဝက် ခန့်သည် ပြုပြင်ထိန်းသိမ်းမှု သို့မဟုတ် လုံခြုံရေးအရစစ်ဆေးမှုများပြုလုပ်နေသည့် အခြေအနေတွင် ရှိနေသည်။ ဂျာမနီနိုင်ငံအနေဖြင့် ပြင်သစ်နိုင်ငံမှ ဓာတ်ငွေ့ပို့ဆောင်မှုဖြင့် လျှပ်စစ်ဓာတ်အားထုတ်ယူရရှိနိုင်ပြီး ပြင်သစ်နိုင်ငံ ပါဝါဂရစ်လိုင်းများဘက်သို့လည်း ပြန်လည် ပို့ဆောင်နိုင်ရန် စီစဉ်ထားရှိသည်။ အဆိုပါ လျှပ်စစ်ဓာတ်အားကို ဂျာမနီနိုင်ငံ အနောက်တောင်ပိုင်းနယ်စပ်ဒေသကို ဖြတ်သန်း၍ တစ်ရက်လျှင် ၃၁ gigawatt-hours နှုန်းဖြင့် စီးဆင်းပို့ဆောင်နိုင် မည်ဖြစ်ပြီး လျှပ်စစ်ဓာတ်အား အများဆုံးထုတ်လုပ်နိုင်စွမ်းအားမှာ တစ်ရက်လျှင် ၁၀၀ gigawatt-hours ဖြစ်ကြောင်း သိရသည်။
သတင်းရင်းမြစ်များ- မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စီးပွားရေးသံမှူးများ၏ ပေးပို့မှုအချက်အလက်များ။ ခင်ရတနာ စုစည်းဖော်ပြသည်၊၊