
ပွင့်ဖြူ စက်တင်ဘာ ၈
မကွေးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါက်တာစိုင်းမင်းသူထွန်း ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းက ပွင့်ဖြူမြို့ပေါ်ရှိ ဆေးဝါး ပစ္စည်းအရောင်းဆိုင်များသို့ သွားရောက်ပြီး သတ်မှတ် စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ရောင်းချ ခြင်း ရှိ မရှိ ကွင်းဆင်းစစ်ဆေးသည်။
ဆေးဆိုင်များတွင် ပြည်သူလူထုဘေးအန္တရာယ် ဖြစ်စေနိုင်သော သက်တမ်းလွန်ဆေးပစ္စည်းများနှင့် တရားမဝင် မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါး များ ဖြန့်ဖြူးရောင်းချနေမှု ရှိ မရှိ ရှာဖွေစစ်ဆေး ပြီးနောက် ဆေးဆိုင်လုပ်ငန်းရှင်များအနေဖြင့် ဆေးဝါးပစ္စည်းများ ရောင်းချရာတွင် ပြည်သူလူထု ဘေးအန္တရာယ်မဖြစ်စေရေးအတွက် တရားမဝင် မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများနှင့်သက်တမ်း လွန်နေသော ဆေးဝါးများ ဖြန့်ဖြူးရောင်းချခြင်းများ မပြုလုပ်ကြရန်၊ စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေ များနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်မည့် အကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များကို ပူးပေါင်းစစ်ဆေး ရေးအဖွဲ့ဝင်များက အသိပညာပေး ဆွေးနွေးပြော ကြားသည်။
“ကျွန်တော်တို့ မကွေးတိုင်းဒေသကြီး အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေနဲ့ တိုင်းဒေသကြီးအတွင်းရှိ ပြည်သူတွေ ယခုလို ကိုဗစ်- ၁၉ ကာလမှာ ဆေးဝါးပစ္စည်းတွေ ဝယ်ယူရာမှာ မလို လားအပ်တဲ့ ဘေးအန္တရာယ်တွေ မဖြစ်စေဖို့ အတွက် ဆေးပစ္စည်းအရောင်းဆိုင်တွေမှာ သက်တမ်း လွန်ဆေးဝါးပစ္စည်းတွေနဲ့ တရားမဝင် မှတ်ပုံတင် ထားခြင်းမရှိသော ဆေးဝါးများ ဖြန့်ဖြူးရောင်းချမှု တွေမရှိစေရေး ကွင်းဆင်းကြီးကြပ်စစ်ဆေးဆောင် ရွက်လျက်ရှိပါတယ်။ စစ်ဆေးတဲ့အခါမှာ သက်ဆိုင် ရာ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အလိုက် ဌာန ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး စစ်ဆေးတာ ဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့လည်း ဆေးဝါး ပစ္စည်းတွေ ဝယ်ယူစားသုံးရာမှာ သက်တမ်းလွန် နေတဲ့ ဆေးဝါးတွေ ဟုတ်၊ မဟုတ် သေချာစွာ စစ်ဆေးပြီးမှ ဝယ်ယူစားသုံးကြဖို့နဲ့ တရားမဝင် မှတ်ပုံတင်ထားခြင်းမရှိတဲ့ ဆေးဝါးပစ္စည်းတွေဆိုရင် ဝယ်ယူသုံးစွဲခြင်း မပြုကြဖို့ တိုက်တွန်းပြောကြား လိုပါတယ်” ဟု တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးက ပြောကြားသည်။
ရဲဝင်းနိုင်
(ညောင်ဦး)