
ပွင့်ဖြူ စက်တင်ဘာ ၂၆
မကွေးတိုင်းဒေသကြီး ပွင့်ဖြူ မြို့နယ်အတွင်းရှိ အညာ ကျေးလက်ဒေသများတွင် ဒေသခံ တောင်သူများက မဲဇလီရေ လွှဲဆည်ရေနှင့် မြေအောက်ရေကို စနစ်တကျအသုံးချပြီး ငှက်ပျောစိုက်ပျိုးရေးလုပ်ငန်းကို နှစ်စဉ် စီးပွားဖြစ် စိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် ငှက်ပျောစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ငှက်ပျော အထွက်နှုန်း ကောင်းမွန်သော် လည်း ဈေးကောင်းမရကြောင်း ပွင့်ဖြူမြို့နယ်ရှိ ငှက်ပျောစိုက်ပျိုး တောင်သူများထံက သိရသည်။
ပွင့်ဖြူမြို့နယ်သည် စိုက်ပျိုး ရေအဆင်ပြေမှုကြောင့် ဒေသခံ ကျေးလက်နေ တောင်သူများမှာ ရာသီမပြတ် စိုက်ပျိုးရေးလုပ်ငန်း အား စီးပွားဖြစ်လုပ်ကိုင်ကြပြီး အဓိကစိုက်ပျိုးသည့် သီးနှံများမှာ စပါး၊ နှမ်း၊ ကုလားပဲ၊ ပဲထောပတ်၊ ပဲတီစိမ်း၊ နေကြာ၊ မြေပဲသီးနှံနှင့် စားပင် သီးနှံမျိုးစုံတို့ကို စိုက်ပျိုး ကြကြောင်း သိရသည်။ အချို့ တောင်သူများမှာ ဥယျာဉ်ခြံမြေ များ ပြုလုပ်ကာ ဖီးကြမ်းငှက်ပျော၊ ငှက်ပျောချဉ်၊ သီးမွှေးငှက်ပျော၊ ရခိုင်ငှက်ပျောတို့ကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရ သည်။
“ကျွန်တော်တို့ ဒေသမှာ အများဆုံး စိုက်ပျိုးတဲ့ ငှက်ပျော ကတော့ ဖီးကြမ်းငှက်ပျော ဖြစ်ပါ တယ်။ ဖီးကြမ်းငှက်ပျောက ဈေး ပိုရတဲ့အတွက် တောင်သူတွေ အများစုက အားထားစိုက်ပျိုးကြ တာဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ငှက်ပျောအထွက်နှုန်း ကောင်းပေ မယ့် ဈေးကောင်းမရလို့ တွက်ချေ မကိုက်ကြဘူး။ ပြီးခဲ့တဲ့နွေတုန်း ကတော့ ငှက်ပျောဈေးကွက်က ဖီးကြမ်းတစ်ဖီးကို ငွေကျပ် ၉၀၀၊ ၁၀၀၀ ရောင်းချရပါတယ်။ ယခု မိုးတွင်းပိုင်းမှာတော့ ဈေးကပြန် ကျသွားတယ်။ တစ်ဖီးကို ငွေကျပ် ၆၀၀၊ ၇၀၀ လောက်ပဲ ရောင်းနေ ရတယ်။ ငှက်ပျောဈေးကွက် မကောင်းတဲ့အတွက် စိုက်ပျိုး တောင်သူတွေရော၊ တစ်ဆင့် ပြန်လည်ရောင်းချတဲ့ ဈေးသည် တွေပါ လုပ်ငန်းအဆင်မပြေကြ ပါဘူး” ဟု ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ ငှက် ပျောစိုက်ပျိုး တောင်သူတစ်ဦးက ပြောသည်။
ရဲဝင်းနိုင်
(ညောင်ဦး)