ပွင့်ဖြူမြို့နယ်၌ နွေသီးနှံစိုက်ပျိုးရာသီတွင် နွေစပါးနှင့် အခြားနွေသီးနှံ ဧကခြောက်သောင်းကျော် စိုက်ပျိုးမည်

 

ပွင့်ဖြူ      ဒီဇင်ဘာ      ၁၀


မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌  လာမည့် ၂၀၂၃ ခုနှစ် နွေသီးနှံ စိုက်ပျိုးရာသီတွင်   နွေစပါး၊   နွေနှမ်းနှင့်    အခြားနွေသီးနှံ ဧက ခြောက်သောင်းကျော် လျာထားစိုက်ပျိုးဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ဒေသခံတောင်သူများ နွေသီးနှံ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် မဲဇလီရေလွှဲဆည်မှ    ဆည်ရေများကို     တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီးတို့မှတစ်ဆင့်    လယ်ယာမြေစိုက်ခင်းများ အရောက်   စနစ်တကျဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့်    ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန   ဦးစီးအရာရှိ ဦးရဲထွဋ်အောင်ထံမှ သိရသည်။ 

 


မြို့နယ်ဆည်မြောင်းနှင့်          ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အနေဖြင့် နှစ်စဉ် မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို ဒေသခံတောင်သူ များ ရာသီအလိုက် သီးနှံများအဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် တောင်မုန်းမြောင်းမကြီးနှင့်  မြောက်မုန်းမြောင်းမကြီးတို့မှတစ်ဆင့် စိုက်ပျိုးရေနှင့်  သီးနှံအောင်ရေများ စနစ်တကျ ဖြန့်ဝေပေးလျက်ရှိရာ လာမည့် ၂၀၂၃ ခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင်လည်း ဒေသခံတောင်သူ များ နွေစပါး၊   နွေနှမ်းနှင့်  အခြားနွေသီးနှံ အချိန်မီစိုက်ပျိုးနိုင်စေရန် ဖေဖော်ဝါရီ ၁၅ ရက်မှစ၍ စိုက်ပျိုးရေများ စတင်ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။ 

 


“ကျွန်တော်တို့ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေနဲ့ လာမယ့် ၂၀၂၃ ခုနှစ် နွေသီးနှံစိုက်ပျိုးရာသီမှာ ဒေသခံ တောင်သူတွေ အချိန်မီ စိုက်ပျိုးနိုင်ဖို့အတွက် ဖေဖော်ဝါရီ ၁၅ ရက်က စပြီးတော့ မဲဇလီရေလွှဲဆည်မှ စိုက်ပျိုးရေ စတင်ဖြန့်ဝေပေးမှာ ဖြစ်ပါ တယ်။ ဆည်ရေပေးဝေးမှုစနစ်ကတော့ တောင်မုန်းမြောင်းနဲ့ မြောက် မုန်းမြောင်းမကြီးတို့မှတစ်ဆင့်  လယ်ယာမြေစိုက်ခင်းများအရောက် စနစ်တကျ ဖြန့်ဝေပေးမှာ ဖြစ်ပါတယ်။   နွေသီးနှံအတွက် ဆည်ရေ ပေးဝေမှု အခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း ဒေသခံတောင်သူတွေ လယ်ယာလုပ်ငန်းခွင် ကြိုတင်ပြင်ဆင်နိုင်အောင် ကြိုတင်ပြီး အသိပေး ထားပြီး   ဖြစ်ပါတယ်။   တစ်မြို့နယ်လုံး နွေသီးနှံလျာထားစိုက်ပျိုးမှု အနေနဲ့ တောင်မုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာမှာ နွေစပါး ၂၉၅၄၈ ဧက၊   မြောက်မုန်းမြောင်းမကြီး   ဆည်ရေသောက်ဧရိယာမှာ နွေနှမ်းနဲ့ အခြားနွေသီးနှံ ဧက ၃၀၈၈၀ စုစုပေါင်း ၆၀၄၂၈ ဧက လျာထား စိုက်ပျိုးမှာဖြစ်ပါတယ်။   နောက်ပြီး    ဒေသခံတောင်သူတွေ ဆည်ရေ   စနစ်တကျသုံးစွဲတတ်စေဖို့အတွက်   ရေအသုံးချသူများအဖွဲ့ (WUG)များ    ဖွဲ့စည်းပေးထားပြီးဖြစ်သလို   လိုအပ်တဲ့  စွမ်းဆောင်ရည်မြှင့် သင်တန်းများကိုလည်း  ဖွင့်လှစ်ပို့ချထားပြီး ဖြစ်ပါတယ်” ဟု   ဦးစီး အရာရှိက ပြောသည်။ 

 


ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် နှစ်စဉ် မဲဇလီ ရေလွှဲဆည်ရေကို အမှီပြု၍ နွေ၊ မိုး၊ ဆောင်း  တစ်နှစ်ပတ်လုံး စိုက်ပျိုးရေး လုပ်ငန်းကို စီးပွားဖြစ် လုပ်ကိုင်ကြပြီး အဓိက စိုက်ပျိုးသည့်သီးနှံများမှာ စပါး၊ နှမ်း၊ မြေပဲ၊ နေကြာ၊ ပန်းနှမ်း၊ ပဲတီစိမ်း၊ ထောပတ်ပဲ၊ ကုလားပဲ၊ ပဲကြီး၊ မတ်ပဲ၊ ပဲစင်းငုံ၊ ဖူးစားပြောင်း၊ နှံစားပြောင်းတို့ဖြစ်ကာ   အချို့ တောင်သူများက စားဖိုဆောင်သီးနှံများဖြစ်သည့် ငရုတ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့်    ဟင်းသီးဟင်းရွက်သီးနှံများကို   တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်ကြပြီး   စိုက်ပျိုးရေအဆင်ပြေသဖြင့်   စိုက်ပျိုးရေး လုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းကြောင်း သိရသည်။  

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)