
ပွင့်ဖြူ ဩဂုတ် ၃၁
မကွေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ် မှုဖြင့် မင်းဘူးခရိုင်အတွင်း ငါးသယံဇာတများ ရေရှည် စဉ်ဆက်မပြတ် ပေါများစေရေး၊ ငါးမျိုးပြုန်းတီးမှု လျော့ပါး စေရေး၊ ဒေသနေပြည်သူများ ငါးစားသုံးမှုနှုန်း မြင့်မားစေရေး တို့အတွက် မြစ်ချောင်းများ၊ သဘာဝရေပြင်များနှင့် ဆည်/တမံ ရေလှောင်ကန်များအတွင်းသို့ နှစ်စဉ်ငါးမျိုးစိုက်ထည့် ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၃၀ ရက်က ပွင့်ဖြူမြို့နယ် သက်တော်ရှည်ရပ်ကွက်အနီး သဘာဝရေပြင် မုန်းချောင်းအတွင်းသို့ နှစ်လက်မအရွယ် ငါးမြစ်ချင်းနှင့် ငါးခုံးမကြီး ငါးသားပေါက်ကောင်ရေ လေးသိန်း ငါးမျိုးစိုက် ထည့်ခဲ့သည်။
အခမ်းအနားသို့ ပွင့်ဖြူမြို့နယ် ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်ကွပ်ကဲရေးကော်မတီဥက္ကဋ္ဌ၊ ပွင့်ဖြူမြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် တာဝန်ရှိသူများ၊ သက်တော်ရှည်ရပ်ကွက် ပြည်သူများက ပွင့်ဖြူငါးလုပ်ငန်း စခန်းမှ နှစ်လက်မအရွယ်ရှိ ငါးမြစ်ချင်း သုံးသိန်းနှင့် ငါးခုံးမ ကြီး တစ်သိန်း စုစုပေါင်းငါးသားပေါက်ကောင်ရေ လေးသိန်း တို့ကို မုန်းချောင်းအတွင်းသို့ ငါးမျိုးစိုက်ထည့်ကြောင်း သိရသည်။ သတင်းစဉ်