
ပွင့်ဖြူ မတ် ၉
(၇၉) နှစ်မြောက် တပ်မတော်နေ့ ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး ပွင့်ဖြူ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီး သည့် ပွင့်ဖြူမြို့ ကံ့ကော်လမ်း ကတ္တရာ လမ်းသစ်ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ကျင်းပသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီး ချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်း၊ မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့်မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်တို့က (၇၉) နှစ်မြောက် တပ်မတော်နေ့ ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကတ္တရာလမ်းသစ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
အဆိုပါကတ္တရာလမ်းသစ်မှာ ဒေသခံပြည်သူများနှင့် ခရီးသွား ပြည်သူများ အဆင်ပြေစွာသွားလာ နိုင်ရေးအတွက် မြို့နယ်စည်ပင် သာယာရေးအဖွဲ့က ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်ဒေသဖွံ့ဖြိုးရေး ခွင့်ပြု ရန်ပုံငွေကျပ် သန်း ၂၀ ဖြင့် လမ်း အရှည်ပေ ၅၇၀၊ အကျယ် ၁၈ ပေ၊ အမြင့် ကိုးလက်မ ကတ္တရာလမ်း အဆင့်မြှင့်တင် ဆောင်ရွက်ခြင်း လုပ်ငန်းကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၇ ရက်တွင် အောင်မြင်စွာဆောင် ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေး အဖွဲ့အနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာ နှစ်တွင် မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေးအတွက် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကျပ်သန်း ၂၃၈ ဒသမ ၈၀ ဖြင့် လုပ်ငန်း စုစုပေါင်း ၃၅ ခုကို အကောင် အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ ကြောင်း သိရသည်။
ဆက်လက်၍ ပွင့်ဖြူမြို့နယ် ရွာသာကြီးကျေးရွာတွင် (၇၉) နှစ် မြောက်တပ်မတော်နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ဆည်မြောင်း နှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန (ရေအရင်းအမြစ်)မှ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ် တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြု ရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးသည့် ရွာသာကြီး လျှပ်စစ်ရေတင် လုပ်ငန်း၌ ၂၁၅ ကီလိုဝပ်ဆိုလာ ဓာတ်အားပေးစနစ် တွဲဖက် တပ်ဆင်ခြင်းလုပ်ငန်း ဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက် ၈ နာရီခွဲ က ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
အဆိုပါ ၂၁၅ ကီလိုဝပ် ဆိုလာ ဓာတ်အားပေးစနစ် တွဲဖက်တပ် ဆင်ခြင်းလုပ်ငန်း (ရွာသာကြီး လျှပ်စစ်ရေတင်လုပ်ငန်း) ကို အောင်မြင်စွာ ဆောင်ရွက်ပြီးစီးပြီ ဖြစ်၍ ဒေသခံတောင်သူများ၏ သီးနှံစိုက်ပျိုး လယ်မြေဧက ၅၀၀ အတွက် ရာသီမရွေး စိုက်ပျိုးရေ ဖူလုံစွာဖြင့် စိုက်ပျိုးနိုင်မည်ဖြစ် ကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီး ဌာန (ရေအရင်းအမြစ်) မြို့နယ် တာဝန်ခံထံမှ သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)