
ဘော့စတွန် ဇွန် ၂၁
အတ္တလန္တိတ်သမုဒ္ဒရာအတွင်း နစ်မြုပ်နေသော ပင်လယ်ရေအောက် တိုက်တန်းနစ်သင်္ဘောအပျက် အစီးများကို ကြည့်ရှုလေ့လာရေး ခရီးစဉ်အတွင်း ပျောက်ဆုံးသွားသော ရေငုပ်ယာဉ်တစ်စင်းကို ကယ်ဆယ်ရေးသမားများက အချိန်လုရှာဖွေလျက် ရှိကြောင်း သိရသည်။
ဘော့စတွန်ရှိ အမေရိကန်ကမ်းခြေစောင့်တပ်ဖွဲ့ အရာရှိတစ်ဦးက ကယ်ဆယ်ရေးသမားများသည် နေ့မနား ညမအား ကြိုးစားရှာဖွေလျက်ရှိသော်လည်း လူငါးဦးတင်ဆောင်သွားသော အဆိုပါ ရေငုပ်ယာဉ် ကို မတွေ့ရှိသေးကြောင်း ဇွန် ၂၀ ရက် မွန်းလွဲပိုင်း တွင် သတင်းထောက်များအား ပြောသည်။
အမေရိကန်ကုမ္ပဏီ OceanGate မှ စီစဉ် ဆောင်ရွက်သော ထိုရေငုပ်ယာဉ်သည် ဇွန် ၁၈ ရက် နံနက်ပိုင်းက ကနေဒါနိုင်ငံ အရှေ့ပိုင်းမှ ထွက်ခွာခဲ့ ပြီး ရေအောက် ငုပ်လျှိုးသွားပြီးနောက် နှစ်နာရီခန့် အကြာတွင် ထောက်ပံ့ရေး သင်္ဘောနှင့် အဆက် အသွယ် ပြတ်တောက်သွားခဲ့ကြောင်း သိရ သည်။
အဆိုပါ ရေငုပ်ယာဉ်သည် ရေအောက်တွင် ၉၆ နာရီကြာနေနိုင်သော်လည်း ယခုသတင်းစာရှင်းလင်း ပွဲ ပြုလုပ်နေချိန်တွင် အောက်ဆီဂျင်ကျန်ရှိမှု နာရီ ၄၀ ခန့်သာ ရှိတော့ကြောင်း အရာရှိတစ်ဦးက ပြော သည်။ အမေရိကန်၊ ကနေဒါစစ်တပ်နှင့် ကမ်းခြေ စောင့်တပ်ဖွဲ့သည် လေယာဉ်၊ ကင်မရာနှင့် စက်ရုပ် လက်တံများ တပ်ဆင်ထားသော အဝေးထိန်း ရေအောက်ယာဉ်များဖြင့် ရေငုပ်ယာဉ်ရှာဖွေမှုများကို ဖြန့်ကြက်လုပ်ဆောင်နေကြောင်း သိရသည်။
၁၉၁၂ ခုနှစ်တွင် ဗြိတိန်မှ အမေရိကန်နိုင်ငံသို့ သွားရာလမ်းခရီး၌ နစ်မြုပ်သွားသော တိုက်တန်းနစ် သင်္ဘောသည် အတ္တလန္တိတ်သမုဒ္ဒရာအလယ်ပိုင်း ရေမျက်နှာပြင်အောက် မီတာ ၄၀၀၀ ခန့်အကွာ သမုဒ္ဒရာကြမ်းပြင်တွင် ရှိသည်။
နောက်ဆုံးရသတင်းများတွင် ကနေဒါရှာဖွေရေး ယာဉ်က အတ္တလန္တိတ် သမုဒ္ဒရာအနက်ပိုင်းမှ အသံများကြားရကြောင်း ဖော်ပြထားသည်။
အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့ရေအောက် ယာဉ်တစ်စင်းက အသံကြားရာသို့ သွားရောက် စစ်ဆေးမှုပြုလုပ်ခဲ့ရာတွင် မည်သည့်အရာမျှ မတွေ့ရှိကြောင်း ပြောသည်။
အင်န်အိတ်ချ်ကေ