
ရန်ကုန် မတ် ၆
မြန်မာ့ပင်လယ်ပြင်တွင် ကမ္ဘာ့ ရာသီဥတု ပြောင်းလဲလာမှုနှင့် လူတို့ပိုမိုဖမ်းဆီးလာမှုတို့ကြောင့် ငါးသယံဇာတ လျော့နည်းလာမှု ကို ထိန်းချုပ်ကြပ်မတ်နိုင်ရန် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် တွင်ရှိသော တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ငါးလုပ်ငန်းဦးစီး ဌာနများတွင် တပ်ဆင်ထားသော VMS စနစ်စက်ဖြင့် ငါးဖမ်း ရေယာဉ်များနှင့် ငါးသယ်ရေယာဉ် များကို ထိန်းချုပ်စောင့်ကြည့် လျက်ရှိကြောင်း သိရသည်။
အထိုင်စက်များဖြင့် စောင့်ကြည့်
ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း ဒေသကြီး၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးရှိ ပင်လယ်ပြင် ကမ်းနီး၊ ကမ်းဝေး ဧရိယာလေးနေရာတွင် ငါး၊ ပုစွန် နှင့်ရေထွက်ကုန်များကို ဖမ်းဆီး၍ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပ ပို့ကုန်အဖြစ် ရေလုပ်ငန်း လုပ်ဆောင်လျက်ရှိရာ VMS အချက်ပြစနစ် တပ်ဆင်ထား သော ငါးဖမ်းရေယာဉ်နှင့်ငါးသယ် ယာဉ်များသွားလာမှုကို တနင်္သာရီ၊ မွန်ပြည်နယ်၊ ရန်ကုန်၊ ဧရာဝတီ နှင့်ရခိုင်ပြည်နယ်တို့ရှိ ငါးလုပ်ငန်း ဦးစီးဌာနတို့မှ အထိုင်စက်များဖြင့် စောင့်ကြည့်လျက်ရှိသည်။
ငါးဖမ်းရေယာဉ်များနှင့် ငါး သယ် ရေယာဉ်များ သဘာဝဘေး အန္တရာယ်နှင့် တရားမဝင် ဖမ်းဆီး/သယ်ဆောင် ရောင်းဝယ်မှုမရှိစေ ရန် နေပြည်တော်ငါးလုပ်ငန်းဦးစီး ဌာနမှ အဆိုပါထိန်းချုပ်မှုငါးနေရာ အား ထပ်ဆင့်စောင့်ကြည့်သော Control Center အဖြစ် ထိန်းချုပ် စောင့်ကြည့်လျက်ရှိပြီး မြန်မာ့ ရေပိုင်နက်အတွင်း တရားမဝင် ဝင်ရောက်ဖမ်းဆီးသော ပြည်ပ ငါးဖမ်းယာဉ်များကို မြန်မာ့ ရေတပ်မတော်မှ ကြပ်မတ် ဆောင်ရွက်လျက်ရှိသည်။
ငါးသယံဇာတရေရှည်တည်တံ့
“မြန်မာ့ပင်လယ်ပြင် ငါးဖမ်း ကွက်လေးနေရာမှာ ငါးဖမ်းကြတဲ့ ရေယာဉ်တွေနဲ့ ငါးသယ်ရေယာဉ် တွေကို VMS စနစ်နဲ့ စောင့်ကြည့် ပါတယ်။ တားမြစ်ဇုန်နဲ့ ကမ်းနီး ဧရိယာကို ဝင်လာရင် ငါးဖမ်း ရေယာဉ်ကို ဘာအတွက်ဝင်ရောက် တာလည်း ပြီးတော့ ခွင့်ပြုချက်ရှိ/မရှိမေးမြန်းရတယ်။ တိုင်းဒေသ ကြီးနဲ့ ပြည်နယ်ငါးခုမှာရှိတဲ့ VMS စက်တွေကို နေပြည်တော် စက်က ထပ်ဆင့်ကြည့်ပြီး လိုအပ် တာ ညွှန်ကြားတယ်။ အခုလို စောင့်ကြည့်မှုဟာ တရားမဝင် ငါးဖမ်းဆီးမှုနဲ့ ရေသယံဇာတ လျော့နည်းမှုကို ထိန်းချုပ်တာပါ။ ပြီးတော့ ငါးမဖမ်းရရာသီမှာ ငါး၊ ပုစွန်ဖမ်းဆီးမှုကို ထိန်းချုပ်လိုက် တာဖြစ်တဲ့အတွက် မြန်မာ့ပင်လယ် ပြင်ရဲ့ ငါးသယံဇာတရေရှည် တည်တံ့မှုကို အထောက်အပံ့ဖြစ် စေပါတယ်” ဟု ရန်ကုန်အနောက် ပိုင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ဇော်ဝင်းက ပြောသည်။
သိုလှောင်လျက်ရှိ
တစ်နိုင်ငံလုံးတွင် VMS စက် တပ်ဆင်ထားသော ငါးဖမ်း ရေယာဉ်နှင့် ငါးသယ်ရေယာဉ် ၃၀၀၀ ကျော်ရှိပြီး ရန်ကုန်တိုင်း ဒေသကြီးတွင် ငါးဖမ်းရေယာဉ် ၈၅၀ ကျော်နှင့် ငါးသယ်ရေယာဉ် ၁၃၀ ကျော်ရှိကာ ရခိုင်ပြည်နယ် တွင် ငါးဖမ်းရေယာဉ်အစင်း ၂၃၀ နှင့် ငါးသယ်ရေယာဉ် ၁၀ စင်းဖြင့် ငါးသယံဇာတအများဆုံး ဖမ်းဆီး ထုတ်လုပ်လျက်ရှိသည်။ ရန်ကုန် တိုင်းဒေသကြီးတွင် ငါးဖမ်းကွက် မရှိသည့်အတွက် ဧရာဝတီတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး ပင်လယ် ပြင်တို့တွင် ဖမ်းဆီးကြလျက် ရှိပြီး ရန်ကုန်တိုင်းဒေသကြီးတွင် ငါးဖမ်းရေယာဉ်နှင့် ငါးသယ် ရေယာဉ်အများဆုံး တည်ရှိသော ကြောင့် ရေချိုငါးမြစ်ချင်းကို ဘင်္လားဒေ့ရှ်နိုင်ငံနှင့် အခြားသော ရေထွက်ကုန်များကို တနင်္သာရီ တိုင်းဒေသကြီးမှ ထိုင်းနိုင်ငံသို့ ပို့ဆောင်ကာ ရေချို၊ ရေငန်ရေထွက် ကုန်များကို ရန်ကုန်မြို့ အအေးခန်း စက်ရုံများတွင်ထားရှိ ပြည်တွင်း/ ပြည်ပဈေးကွက်အတွက် သိုလှောင် လျက်ရှိသည်။
သတင်း-ညိမ်းသူ
ဓာတ်ပုံ - ကနူး