ပင်လယ်ကမ်းရိုးတန်းနှင့် အပြာရောင်စီးပွားရေး

Type
4

 

ကျော်မိုး(DMA)

ပင်လယ်သမုဒ္ဒရာများနှင့် ကမ်းရိုးတန်းဒေသများသည်   ကမ္ဘာပေါ် တွင် အကြီးမားဆုံးသော  ဂေဟစနစ်ကြီးဖြစ်ပြီး   လူသားတို့အတွက် အဖိုးတန်လှသော သဘာဝအမွေအနှစ် ဖြစ်ပါသည်။ ကမ္ဘာမြေမျက်နှာ ပြင်ဧရိယာ၏  ၇၀   ရာခိုင်နှုန်းကျော်ကို ရေမျက်နှာပြင်ဖြင့် ဖုံးလွှမ်း ထားသောကြောင့် ကမ္ဘာပေါ်ရှိလူသားများနှင့် သက်ရှိများအတွက် အလွန်အရေးပါလှပါသည်။  သန်းပေါင်းများစွာသော လူသားများ၏ အသက်မွေးဝမ်းကျောင်းနှင့်     စားရေရိက္ခာဖူလုံရေးအတွက်လည်း    များစွာအထောက်အကူပြုလျက် ရှိပါသည်။
နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် ပင်လယ်ကမ်းရိုး တန်းစီးပွားရေးသည် အဓိကကျသော အခန်းကဏ္ဍတွင် ပါဝင်ပါသည်။    ပင်လယ်ကမ်းရိုးတန်းစီးပွားရေးသည် အပြာရောင်စီးပွားရေး (Blue Economy) ၏   အစပျိုးမှုပင်ဖြစ်သည်။ ပင်လယ်ကမ်းရိုးတန်းစီးပွားရေး တစ်နည်းအားဖြင့်    အပြာရောင်စီးပွားရေးကို   နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် အဓိက မောင်းနှင်အားတစ်ခု အဖြစ်  ရှုမြင်လာကြသည်။ ထို့ကြောင့် ယခုအခါ ပင်လယ်ကမ်းရိုးတန်း ပိုင်ဆိုင်သော ကမ္ဘာ့နိုင်ငံအများစုသည်   အပြာရောင်စီးပွားရေးကို အာရုံစိုက်၍ လုပ်ဆောင်လာကြသည်။ 
တိုင်းပြည်တစ်ပြည်၏ GDP ကို များစွာအထောက်အကူပြု
ကမ္ဘာ့လုံးဆိုင်ရာ  စုစုပေါင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (Gross Domestic Product-GDP) ကို ကြည့်မည်ဆိုလျှင်    ပင်လယ် သမုဒ္ဒရာနှင့်   ကမ်းရိုးတန်းအခြေပြုကဏ္ဍများဖြစ်သော ရေကြောင်း သယ်ယူပို့ဆောင်ရေးကဏ္ဍ၊   ငါးဖမ်းလုပ်ငန်း၊    ခရီးသွားလုပ်ငန်း၊ ကမ်းလွန်စွမ်းအင်နှင့် အခြားလုပ်ငန်းများသည် ကမ္ဘာ့ GDP ၏ ၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအထိရှိကြောင်း UNCTAD နှင့် OECD Report အခြားအရင်းအမြစ်များက ဖော်ပြထားကြပါသည်။ အာဆီယံတွင် လည်း အာဆီယံ GDP ၏ ၁၀ ရာခိုင်နှုန်းခန့်အထိရှိကြောင်း တွေ့ရှိ ရပါသည်။ ထိုမျှ တိုင်းပြည်တစ်ပြည်၏ GDP ကို များစွာ အထောက် အကူပြုနေသည့်ကဏ္ဍ   ဖြစ်ပါသည်။ သို့ဖြစ်၍ ပင်လယ်ကမ်းရိုးတန်းနှင့် အပြာရောင်စီးပွားရေးသည် နိုင်ငံ၏ စီးပွားရေးတိုးတက်ရန်အတွက် မောင်းနှင်အားပင် ဖြစ်တော့သည်။
ကမ်းရိုးတန်းစီးပွားရေး   ဖွံ့ဖြိုးတိုးတက်ရန် များစွာအရေးကြီး ပါသည်။ ကမ်းရိုးတန်းရှိ ဒေသခံပြည်သူလူထု၏ ဝင်ငွေရရှိရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို ပံ့ပိုးပေးရာတွင် အရေးပါ သောအခန်းကဏ္ဍမှ ပါဝင်ပါသည်။   ကမ်းရိုးတန်းဒေသသည် ပင်လယ် ရေကြောင်းမှတစ်ဆင့် ကမ္ဘာ့စျေးကွက်များသို့ ဝင်ရောက်နိုင်သော ကြောင့် နိုင်ငံတကာကုန်သွယ်မှု၏ တံခါးပေါက်ဖြစ်သည်။ သို့ရာတွင်   ကမ်းရိုးတန်းစီးပွားရေးမောင်းနှင်အားများသည်  ကမ်းရိုးတန်းဒေသ တစ်ခုစီ၏ သီးခြားတည်နေရာနှင့် လက္ခဏာများပေါ်မူတည်၍ ကွဲပြား ကြပါသည်။ အလားအလာရှိသော  ကမ်းရိုးတန်းစီးပွားရေးကဏ္ဍများ အနေဖြင့်   ငါးဖမ်းခြင်းနှင့် ငါးပုစွန်မွေးမြူရေးလုပ်ငန်း၊  ကမ်းရိုးတန်း ခရီးသွားလုပ်ငန်း၊ ရေကြောင်းပို့ဆောင်ရေးနှင့် ကုန်သွယ်မှု၊ ဆိပ်ကမ်း များ၊ သင်္ဘောတည်ဆောက်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းများ ပါဝင် သော ရေကြောင်းဝန်ဆောင်မှုလုပ်ငန်းများ၊ ရေနံသဘာဝဓာတ်ငွေ့ အရင်းအမြစ်  ရှာဖွေထုတ်လုပ်ရေးလုပ်ငန်းများ၊ လေ၊ နေရောင်ခြည်နှင့်   ဒီရေစွမ်းအင်ကဲ့သို့သော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်    အရင်းအမြစ် များ၊ ကမ်းရိုးတန်းစိုက်ပျိုးရေး၊ သုတေသနနှင့်   ဆန်းသစ်တီထွင်မှု စသည့်ကိစ္စရပ်များ ပါဝင်ပါသည်။
သို့ရာတွင် အခွင့်အလမ်းနှင့်  စိန်ခေါ်မှုတို့သည်    အမြဲတမ်းဒွန်တွဲ လေ့ရှိသည့်သဘောအရ ကမ်းရိုးတန်းစီးပွားရေးအလားအလာ  အခွင့် အလမ်းများတွင်   စိန်ခေါ်မှုများကိုလည်း   ယှဉ်တွဲတွေ့ရှိရပါသည်။ အဆိုပါစိန်ခေါ်မှုများမှာ အဏ္ဏဝါအရင်းအမြစ်များကို  အလွန်အကျွံ အသုံးချခြင်း၊   ရေရှည်မတည်တံ့နိုင်သော ငါးအလွန်အကျွံဖမ်းခြင်း များ၊ လူတို့၏ လုပ်ဆောင်မှုများနှင့်   သဘာဝဖြစ်စဉ်အမျိုးမျိုးကြောင့် ကမ်းရိုးတန်းတစ်လျှောက် သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီး၍    ကမ်းရိုးတန်းနေသတ္တဝါများ၏ နေထိုင်ကျက်စားရာများ   ပျက်စီးခြင်း၊ ဆီနှင့်ပလတ်စတစ်အပါအဝင် ရေထုညစ်ညမ်းမှုများ၊ ကမ်းရိုးတန်း တိုက်စားမှုများ၊     ဥပဒေစည်းမျဉ်း စည်းကမ်းများနှင့် အုပ်ချုပ်မှုဆိုင်ရာ စိန်ခေါ်မှုများ၊ အဏ္ဏဝါအရင်းအမြစ် အသုံးပြုမှုအပေါ် ပဋိပက္ခများ၊ ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှုနှင့် ပြင်းထန်သော ရာသီဥတု ဖြစ်စဉ် များကဲ့သို့သော ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အကျိုးသက်ရောက်မှု များ စသည်တို့ ဖြစ်ပါသည်။ သို့ဖြစ်၍ အဏ္ဏဝါအရင်းအမြစ်များကိုကာကွယ်ထိန်းသိမ်းလျက်     ကမ်းရိုးတန်းလူမှုအသိုက်အဝန်း၏   သာယာဝပြောရေးကို ဖော်ဆောင်နိုင်မည့် မျှတပြီး ရေရှည်တည်တံ့ သော ချဉ်းကပ်မှုကို  ဖော်ဆောင်သင့်ပါသည်။   ထိုသို့ဖော်ဆောင်ရာတွင် အဏ္ဏဝါသဘာဝပတ်ဝန်းကျင်ဆိုင်ရာအချက်အလက်များ၊    လူမှုရေး ဆိုင်ရာ အချက်အလက်များနှင့် စီးပွားရေးဆိုင်ရာအချက်အလက် များကို ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်။
ရေရှည်တည်တံ့သော      ကမ်းရိုးတန်းဖွံ့ဖြိုးတိုးတက်မှုဖြစ်ရန်   အဏ္ဏဝါအရင်းအမြစ်များကို  ကာကွယ်ခြင်းနှင့်   ကမ်းရိုးတန်းလူမှု အသိုက်အဝန်းများ၏      အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို ပံ့ပိုးပေးခြင်းဖြင့် မြှင့်တင်နိုင်ပါသည်။ ထိုသို့မြှင့်တင်ရာတွင် သက်ဆိုင် သူများ (Stakeholders) အားလုံးပါဝင်သော ကျယ်ပြန့်သည့်ချဉ်းကပ် မှုပုံစံ လိုအပ်ပါသည်။   အဆိုပါချဉ်းကပ်မှုအချို့မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က)    ဘက်ပေါင်းစုံပါဝင်သော ကမ်းခြေဇုန်စီမံခန့်ခွဲမှု (Integrated Coastal Zone Management (ICZM)) 
    ဘက်ပေါင်းစုံပါဝင်သော ကမ်းခြေဇုန်စီမံခန့်ခွဲမှု (Integrated Coastal Zone Management-ICZM)  အစီအစဉ်များကို အကောင်အထည်ဖော်ခြင်းသည် ကမ်းရိုးတန်းဒေသများတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုကို ဟန်ချက်ညီအောင် ကူညီပေးနိုင်ပါသည်။ ဘက်ပေါင်းစုံ ပါဝင်သော ကမ်းခြေဇုန်စီမံခန့်ခွဲမှုသည် သက်ဆိုင်သူအားလုံး၏ လိုအပ်ချက်များကို ထည့်သွင်းစဉ်းစားထားပါသည်။  ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို ရေရှည်တည်တံ့ပြီး အားလုံးပါဝင် နိုင်သည့် နည်းလမ်းဖြင့် ဆောင်ရွက်ခြင်း ဖြစ်ပါသည်။
(ခ)    ဂေဟစနစ်အခြေပြုချဉ်းကပ်နည်း   (Ecosystem-Based Approach) 
    ရေနေမျိုးစိတ်များ ပေါက်ပွားမှုနှင့် ရှင်သန်မှုအတွက် အရေးပါ သော ဒီရေတောများ၊ ပင်လယ်မြက်ခင်းများနှင့် သန္တာကျောက်တန်း များကဲ့သို့ အရေးကြီးသော ရေနေသတ္တဝါများ၏ နေရင်းဒေသ များကို ကာကွယ်ခြင်းဖြင့် အဏ္ဏဝါဂေဟစနစ်များကို ထိန်းသိမ်း စောင့်ရှောက်ပြီး ကမ်းရိုးတန်းဖွံ့ဖြိုးတိုးတက်မှုအတွက်   ဂေဟ စနစ်အခြေပြုချဉ်းကပ်နည်းကို ကျင့်သုံးခြင်း ဖြစ်ပါသည်။
(ဂ)    ရေရှည်တည်တံ့သော ငါးဖမ်းခြင်း အလေ့အကျင့်ကောင်းများ (Sustainable Fishing Practices) 
    ငါးအလွန်အကျွံဖမ်းခြင်းကို    တားဆီးရန်နှင့်     ငါးအပါအဝင် ရေနေသတ္တဝါအရင်းအမြစ်စီမံခန့်ခွဲမှုကို မြှင့်တင်ရန်အတွက် ရေရှည်တည်တံ့သော    ငါးဖမ်းခြင်း    အလေ့အကျင့်များကို တွန်းအားပေးဆောင်ရွက်ရန်ဖြစ်ပါသည်။ ငါးဖမ်းကန့်သတ်ချက် များကို      အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ အဏ္ဏဝါဘေးမဲ့နယ်မြေ များ (Marine Protected Areas-MPA) တည်ထောင်ခြင်းနှင့် ငါးဖမ်းပိုက်အပါအဝင် သင့်လျော်သည့် ငါးဖမ်းကိရိယာများဖြင့် ဖမ်းစေခြင်းသည် ငါးနှင့် အဏ္ဏဝါဇီဝမျိုးစုံမျိုးကွဲများကို အကာ အကွယ်ပေးနိုင်ပါသည်။
(ဃ)    အစားထိုးအသက်မွေးဝမ်းကျောင်းလုပ်ငန်းများ (Alternative Livelihoods)
    ကမ်းရိုးတန်းဒေသခံများကို   မိရိုးဖလာငါးဖမ်းခြင်းထက် ဂေဟ စနစ်များ မပျက်စီးစေသည့် ခရီးသွားလုပ်ငန်း (Ecotourism)ကို မြှင့်တင်ခြင်း၊  ရေရှည်တည်တံ့သော ငါးပုစွန်မွေးမြူခြင်း သို့မဟုတ် အဏ္ဏဝါပတ်ဝန်းကျင်ကို မထိခိုက်စေသော အခြား သော ဝင်ငွေရရှိသည့် လုပ်ငန်းများလုပ်ကိုင်နိုင်ရန် သင်တန်းပေး ၍ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်းကဲ့သို့သော ကမ်းရိုးတန်းလူမှုအသိုက်အဝန်းအတွက် အခြားဝင်ငွေရစေမည့် အစားထိုး အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ (Alternative Livelihoods) ဖော်ဆောင်ခြင်းများ ဖြစ်ပါသည်။ 
(င)    ကမ်းရိုးတန်းဒေသခံများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် လုပ်ပိုင် ခွင့်ပေးခြင်း (Community Engagement   and Empower-ment)
    ကမ်းရိုးတန်းဖွံ့ဖြိုးတိုးတက်မှုနှင့် ဆက်စပ်သောလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်  ကမ်းရိုးတန်းနေ ဒေသခံလူထုများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် ဆောင်ရွက် ရန် လုပ်ပိုင်ခွင့်ပေးခြင်း (Community  Engagement and Empowerment) ဖြစ်ပါသည်။
(စ)    အသိပညာပေးဆောင်ရွက်ခြင်း
    ရေရှည်တည်တံ့သော ကမ်းရိုးတန်းဖွံ့ဖြိုးတိုးတက်မှု၏ အရေး ပါမှုနှင့် ပတ်သက်၍ အများပြည်သူများ၊ မူဝါဒချမှတ်သူများနှင့် စီးပွားရေးလုပ်ငန်း ဆောင်ရွက်သူများအကြား အသိပညာပေး ဆောင်ရွက်ခြင်း ဖြစ်ပါသည်။
(ဆ)    ဥပဒေ၊ နည်းဥပဒေများနှင့် ၎င်းတို့အား အာဏာသက်ဝင်အောင် ဆောင်ရွက်ခြင်း
    ကမ်းရိုးတန်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင်     ရေရှည် တည်တံ့ပြီး သဘာဝပတ်ဝန်းကျင်နှင့်     သဟဇာတဖြစ်သည့် စံချိန်စံညွှန်းများကို လိုက်နာစေရန် တည်ဆဲဥပဒေများ၊  နည်း ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများကို ပိုမိုအားကောင်းလာ အောင် ဆောင်ရွက်ခြင်း သို့မဟုတ် လိုအပ်ပါက ဥပဒေအသစ် များ ရေးဆွဲခြင်းတို့ ဖြစ်ပါသည်။ တရားမဝင်ဆောင်ရွက်ချက် များကို တားဆီးရန် ဥပဒေများအား   အသက်ဝင်လာအောင် ဆောင်ရွက်ခြင်းသည် အရေးကြီးပါသည်။
(ဇ)    နိုင်ငံတကာဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း
    ပင်လယ်သမုဒ္ဒရာနှင့်ပတ်သက်သော    နယ်စပ်ဖြတ်ကျော် ပြဿနာများကို ဖြေရှင်းရန်နှင့် အဏ္ဏဝါအရင်းအမြစ်များကို ထိထိရောက်ရောက်ထိန်းသိမ်းရန် အာဆီယံအဖွဲ့ဝင်နိုင်ငံများအပါအဝင် ပင်လယ်သမုဒ္ဒရာထိစပ်သော အိမ်နီးချင်းနိုင်ငံများ အကြား ပူးပေါင်းဆောင်ရွက်မှုကို   မြှင့်တင်ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ အကောင်းဆုံး အလေ့အကျင့်များကို မျှဝေခြင်း၊ သုတေသနလုပ်ငန်းများ ပူးတွဲဆောင်ရွက်ခြင်းနှင့် ရေထုညစ်ညမ်း မှုကို တုံ့ပြန်ရန် ပူးပေါင်းကြိုးပမ်းမှုများ ပါဝင်နိုင်ပါသည်။
(ဈ)    ရာသီဥတုပြောင်းလဲမှုနှင့်    လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်ခြင်း
    ကမ်းရိုးတန်းဒေသများရှိ     ရာသီဥတုပြောင်းလဲမှုကြောင့် သက်ရောက်နိုင်ခြေရှိမှုများ (ဥပမာ-ရာသီဥတုပြောင်းလဲမှုကြောင့်   ငါးဖမ်းရရှိနှုန်း   ကျဆင်းနိုင်ခြေနှင့်  ကမ်းရိုးတန်းတိုက်စားမှု များစသည်)ကို ထည့်သွင်းစဉ်းစားပြီး ကမ်းရိုးတန်းနေ လူမှု အသိုက်အဝန်းနှင့်   ဂေဟစနစ်များကို   ကာကွယ်ရန်အတွက် ရာသီဥတုနှင့်  လိုက်လျောညီထွေဖြစ်စေမည့် မဟာဗျူဟာများ နှင့် ချဉ်းကပ်မှုများကို ဖော်ဆောင်ခြင်းဖြစ်ပါသည်။ 
ရေရှည်တည်တံ့သော ကမ်းရိုးတန်းဒေသဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ဆောင်ရွက်ရာတွင် စဉ်ဆက်မပြတ် စောင့်ကြည့်ခြင်း၊ အကဲ ဖြတ်ခြင်းနှင့် ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်အောင် စီမံခန့်ခွဲခြင်း များလိုအပ်ပါသည်။ အစိုးရ၊ ဒေသခံလူထုများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းများအကြား ပူးပေါင်းကြိုးပမ်း ဆောင်ရွက်ရန် လိုအပ်ပါသည်။
အာဆီယံကိုကြည့်မည်ဆိုလျှင် အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံး သည် အပြာရောင်စီးပွားရေးနှင့်   ပတ်သက်၍  ပူးပေါင်းဆောင်ရွက်ဖို့ ကတိကဝတ်ပြုထားကြပါသည်။ ၂၀၂၁ ခုနှစ်တွင် ကျင်းပခဲ့သည့် (၃၈) ကြိမ်မြောက်  အာဆီယံထိပ်သီးအစည်းအဝေး (38th ASEAN Summit)တွင် အာဆီယံခေါင်းဆောင်များသည် အာဆီယံအပြာရောင် စီးပွားရေးဆိုင်ရာ ကြေညာစာတမ်း (ASEAN Leaders' Declaration on Blue Economy) ကို သဘောတူ အတည်ပြုချမှတ်ခဲ့ကြပါသည်။ အဆိုပါ  ကြေညာစာတမ်းကို   အကောင်အထည်ဖော်ရန်အတွက် အာဆီယံအပြာရောင်စီးပွားရေးမူဘောင် (ASEAN Blue Economy Framework) ကို ချမှတ်ရန်ရှိပါသည်။ ယခုအခါ နောက်ဆုံးမူကြမ်း ထွက်ရှိလာပြီးဖြစ်၍ အတည်ပြုကြမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံသည် ရှည်လျားသောကမ်းရိုးတန်းနှင့် ကျယ်ပြော သောပင်လယ်ပြင်ကို ပိုင်ဆိုင်ထားပါသည်။ ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တစ်လျှောက် ၂၃၃၃ ကီလိုမီတာခန့်ရှည်လျားသော ကမ်းရိုးတန်းနှင့် ၄၉၇၀၃၇ စတုရန်းကီလိုမီတာခန့် ကျယ်ဝန်းသော ရေပြင်တို့ကို ပိုင်ဆိုင်ထားပါသည်။ မြန်မာနိုင်ငံ၏ သီးသန့်စီးပွားရေးဇုန် (Exclusive Economic Zone-EEZ) သည် အခြေခံမျဉ်း (Baseline)မှ ပင်လယ်ဘက်သို့ ရေမိုင် ၂၀၀ အထိ ရှိပါသည်။ ထို့အပြင် အိန္ဒိယ သမုဒ္ဒရာ အပြည်ပြည်ဆိုင်ရာ ရေကြောင်းကုန်သွယ်မှုလမ်းကြောင်းနှင့် နီးကပ်စွာ မဟာဗျူဟာကျကျ တည်ရှိနေပါသည်။   အပြာရောင် စီးပွားရေးအတွက် အလားအလာရှိသော အချက်ဖြစ်ပါသည်။ ထိုကဲ့သို့ ပိုင်ဆိုင်ထားခြင်းသည်   မြန်မာနိုင်ငံအတွက်   သဘာဝကပေးသည့် အမွေအနှစ်ပင် ဖြစ်ပေတော့မည်။
မြန်မာနိုင်ငံသည်   ထိုကဲ့သို့  ရှည်လျားသော   ကမ်းရိုးတန်းနှင့် ကျယ်ပြန့်သော ပင်လယ်ပြင်တို့ကို ပိုင်ဆိုင်ထားသောကြောင့် ပင်လယ် ကမ်းရိုးတန်းစီးပွားရေးနှင့် အပြာရောင်စီးပွားရေးတို့ကို ရေရှည်ဖွံ့ဖြိုး တိုးတက်ရန် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာ စေနိုင်ပါသည်။ ကမ်းရိုးတန်းစီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် Public Private Partnership (PPP)စနစ်ဖြင့် အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှုလည်း  လိုအပ်ပါသည်။   အဏ္ဏဝါအရင်းအမြစ်များကို ကာကွယ်ပြီး ကမ်းရိုးတန်းဒေသခံလူထု၏ အသက်မွေးဝမ်းကျောင်း များကို ပံ့ပိုးပေးရင်း ရေရှည်တည်တံ့သည့် ကမ်းရိုးတန်းဖွံ့ဖြိုးတိုးတက် ရေးကို မြှင့်တင်ရန် လိုအပ်ပါသည်။ ကမ်းရိုးတန်းနှင့် အပြာရောင် စီးပွားရေးကဏ္ဍသည် ကမ်းရိုးတန်းရှိ တိုင်းဒေသကြီးများနှင့် ပြည်နယ် များ၊ ဆက်စပ်ဌာနများနှင့် ပုဂ္ဂလိကကဏ္ဍတို့  များစွာပါဝင်နေကြ ပါသည်။ သို့ဖြစ်၍ ဆက်စပ်သူများအားလုံး ပါဝင်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန် အထောက်အကူ ဖြစ်နိုင် ပါကြောင်း တင်ပြလိုက်ရပေသည်။    ။