
ပင်လုံမြေကို သက်သေတည်၍
( ၁ )
နွေသို့ပြောင်းစ၊ ဂိမှာန်တလည်း
ဇန်လလက်ကျန်၊ နှင်းဟေမန်တို့
လိမ်းကျံနေဆဲ၊ နှင်းမှုန်ဝဲလျက်
လေလည်းတိုက်ခါ၊ အေးချမ်းပါဘိ
သည်ခါသမယ၊ နှင်းယွန်းစတွင်
မြို့လှပင်လုံ၊ ပန်းမျိုးစုံတို့
ပွင့်ငုံဖူးကြ လွန်လှပ....။
( ၂ )
ထိုကာလတွင်၊ သမိုင်းဝင်သည့်
ပင်လုံသက်သေ၊ တည်ခဲ့လေသည်
ကြားနေအုပ်ချုပ်၊ သွေးခွဲလုပ်သည့်
စက်ဆုပ်ဖွယ်ရာ၊ အဖြာဖြာကို
တွန်းကာလှန်ရင်း၊ ဆွေသားချင်းတို့
ပေါင်းသင်းစည်းကြ၊ ညီညွတ်ကြ၍
ပြည်မတောင်တန်း၊ နိုင်ငံတစ်ဝန်းတွင်
လန်းဆန်းဝေဆာ ရေးထိုးကာ....။
( ၃ )
ဖေလဆယ့်နှစ်ရက်၊ သမိုင်းဆက်၍
အဘက်ဘက်မှ၊ ပြည့်စုံလှသော
ချစ်စွတိုင်းရင်းသား၊ ညီနောင်များတို့
အားရနှစ်ထောင်း၊ သွေးသစ်လောင်းလျက်
အောင်ကြောင်းဖြာဝေ၊ ပျော်ကြလေသည်
နှစ်တွေကြာလည်း၊ ဥမကွဲဘဲ
တွဲလက်ညီညာ၊ လျှောက်လှမ်းပါသည်
ကာလနှစ်ရှည် ကြာခဲ့ပြီ.....။
( ၄ )
ဪ.... ပြည်ထောင်စုနေ့၊ တို့မမေ့တည့်
နေ့သစ်ရောင်နီ၊ ပေါ်ထွန်းပြီမို့
ညီစေလက်များ၊ တူတွဲထားရင်း
စွမ်းအားညီညီ၊ ရှေ့သို့ချီလျက်
ပြည်ရွာအကျိုး၊ သယ်ကာပိုး၍
တိုးတက်မြန်ပြည်၊ ဒီမိုကရေစီနှင့်
ခေတ်မီနိုင်ငံ၊ ပေါ်ထွန်းရန်တွက်
အားမာန်ဝင့်လျက် ချီတက်မည်။
တွဲလက်များလည်း ခိုင်မြဲမည်။
ပင်လုံမြေကို သက်သေတည်။ ။
(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို
ဂုဏ်ပြုလျက်
ရဲမင်းစိုး