ပင်လည်ဘူးမြို့နယ်အတွင်း အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်ရန် အင်ဂါးကျေးရွာသို့ ရောက်ရှိနေသည့် အကြမ်းဖက်အဖွဲ့များအား  ဝင်ရောက်ဖမ်းဆီး၊ ကျေးရွာသူ၊ ကျေးရွာသားများအား လိုအပ်သည့်ကူညီထောက်ပံ့မှုများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး

 

 

နေပြည်တော်  ဇန်နဝါရီ   ၄
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ်အတွင်း အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် အင်ဂါးကျေးရွာသို့ ရောက်ရှိနေသည့် KIA နှင့် PDF အမည်ခံ အကြမ်းဖက်သမားများအား လုံခြုံရေးတပ်ဖွဲ့ဝင် များက ယနေ့တွင် သွားရောက်ဖမ်းဆီးခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများထံမှ လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့သည်။
ဖြစ်စဉ်မှာ  ယနေ့နံနက်ပိုင်းတွင်  စစ်ကိုင်းတိုင်း ဒေသကြီး   ပင်လည်ဘူးမြို့နယ်အတွင်း  အဖျက် အမှောင့်လုပ်ငန်းများ လုပ်ဆောင်ရန်အတွက်  KIA နှင့် PDF  အမည်ခံ  အကြမ်းဖက်သမားအင်အား ၈၀  ခန့်သည်   အင်ဂါးကျေးရွာသို့  ရောက်ရှိနေကြောင်း  ဆူပူအကြမ်းဖက်မှုကို မလိုလားသည့် ကျေးရွာသား အချို့က ကျေးရွာအနီးဆုံးရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ ထံသို့ လျှို့ဝှက်ဆက်သွယ်အကြောင်းကြား သတင်းပို့ လာသဖြင့်  လုံခြုံရေးတပ်ဖွဲ့ဝင်များက မွန်းလွဲ  ၂ နာရီ ခွဲခန့်တွင်    အဆိုပါကျေးရွာအတွင်းသို့  ဝင်ရောက် ဖမ်းဆီးစဉ် အကြမ်းဖက်သမားများနှင့် ညနေ ၄ နာရီ ခွဲခန့်အထိ အပြန်အလှန်ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွား ခဲ့ကာ အကြမ်းဖက်သမားများ ကျေးရွာ၏ အရှေ့ မြောက်ဘက်သို့ ဖရိုဖရဲ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ၎င်းတို့ထံမှ လက်လုပ်သေနတ် သုံးလက်၊ အိုင်ကွန် အထိုင် စက်(အကြီး)တစ်လုံး၊ လမ်းလျှောက်စကား ပြောစက် တစ်လုံးနှင့် ဖောက်ခွဲဖျက်ဆီးမှုများ ပြုလုပ် ရာတွင်   အသုံးပြုသည့်  ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့သည်။ 
ဆက်လက်၍    လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်း လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ပြီး    ကျေးရွာအတွင်းရှိ အကြမ်းဖက်မှုတွင် ပါဝင်ခြင်းမရှိသည့် ကျေးရွာသူ ကျေးရွာသား ၁၇၉ ဦးတို့အား လိုအပ်သည့် ကူညီ ထောက်ပံ့မှုများနှင့်   ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
အကြမ်းဖက်သမားများအနေဖြင့် ကျေးရွာအချို့ တွင်း    ဝင်ရောက်၍   အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိရာ  ဒေသခံပြည်သူများ အေးချမ်း တည်ငြိမ်စွာ နေထိုင်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ များက  နယ်မြေလုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင် ရွက်လျက်ရှိကြောင်းနှင့်  အကြမ်းဖက်အဖွဲ့များ၏ ဝင်ထွက်သွားလာမှု သတင်းများရရှိပါက သက်ဆိုင်ရာ သို့   လျှို့ဝှက်စွာသတင်းပေး၍  နယ်မြေတည်ငြိမ် အေးချမ်းရေးအတွက် ပူးပေါင်းပါဝင်ကြရန် သတင်း ထုတ်ပြန်အပ်ပါသည်။                        သတင်းစဉ်