
ရန်ကုန် စက်တင်ဘာ ၂၀
ကမ္ဘာလှည့်ခရီးသွားများနှင့် ပြည်တွင်းခရီးသွားများကို ဆွဲဆောင် လျက်ရှိသော တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းနှင့် မြိတ်ခရိုင် တို့တွင်ရှိသည့် ကျွန်းစုများ၌ ပွင့်လင်းရာသီ အောက်တိုဘာလတွင် ပြည်တွင်း/ပြည်ပခရီးသွားများ အပန်းဖြေလေ့လာနိုင်ရန် ကြိုတင် ပြင်ဆင်နေကြောင်း နေပြည်တော် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
ခရီးသွားရာသီသို့ ဝင်ရောက်ချိန်တွင် ကော့သောင်းခရိုင်နှင့် မြိတ်ခရိုင်အတွင်းရှိ ကျွန်းစုများတွင် ပြည်တွင်း/ပြည်ပခရီးသွားများ စတင်ဝင်ရောက်လေ့ရှိပြီး ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားချိန်မှစ၍ ခရီးသွားလုပ်ငန်းကျဆင်းခဲ့ရာ နိုင်ငံတော်မှ ခရီးသွား ကဏ္ဍ ဖော်ဆောင်မှုဖြင့် ၂၀၂၂ ခုနှစ် ဧပြီ ၁၇ ရက် တွင် ပြည်တွင်း/ပြည်ပလေကြောင်းလိုင်းနှင့် နိုင်ငံ တစ်ဝန်း ခရီးသွားကဏ္ဍကို ဖွင့်လှစ်ခဲ့သည်။ ကော့သောင်းနှင့် မြိတ်ကျွန်းစု အပန်းဖြေခရီးစဉ်တွင် ကနဦးအနေဖြင့် ပြည်တွင်းခရီးသွားများ ဝင်ရောက်၍ နိုင်ငံခြားသားခရီးသွားများ ဆက်လက်လည်ပတ် နိုင်ရန် ဆောင်ရွက်ထားကြောင်း၊ ကော့သောင်းနှင့် မြိတ်ကျွန်းစု အပန်းဖြေခရီးသွားလုပ်ငန်းတွင် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကြိုတင်ကာကွယ်ရေး အစီအမံ များဖြင့် ခရီးသွားကဏ္ဍကို ဖွင့်လှစ်ရန် ပြင်ဆင် ဆောင်ရွက်ထားသည်။
ကျွန်းပေါင်း ၈၀၀ ကျော်ရှိ
တနင်္သာရီတိုင်းဒေသကြီးတွင် ကျွန်းပေါင်း ၈၀၀ ကျော်ရှိပြီး မြိတ်ကျွန်းစု၌ ကျွန်းပေါင်း ၂၀၀ ကျော် ရှိရာ မြန်မာနိုင်ငံတွင် တစ်ခုတည်းသော အဏ္ဏဝါ ဥယျာဉ်ဖြစ်သည့် လန်ပိကျွန်းတည်ရှိရာ ကျွန်းစု ဖြစ်သည်။ အဏ္ဏဝါပညာရှင်များသုတေသနပြုချက် အရ ကုန်းမြေနှင့်ရေစပ်တို့တွင် ပေါက်ရောက်သော အမြဲစိမ်းသစ်တောအမျိုးအစား ၁၉၅ မျိုး၊ ဒီရေတော နှင့် သဲခုံတောများတွင် ပေါက်ရောက်သည့် သဘာဝ ပေါက်ပင်အမျိုးအစား ၆၃ မျိုး ရှင်သန်ပေါက်ရောက် လျက်ရှိပြီး သန္တာကျောက်တန်းများ၌ နို့တိုက်သတ္တဝါ ၁၉ မျိုးနှင့် သွေးအေး/သွေးနွေးမျိုးစိတ်များ ရှင်သန် လျက်ရှိသည်။
ကော့သောင်းခရိုင်တွင် လန်ပိကျွန်း၊ ဗိုလ်ချို ကျွန်း၊ လှိုင်ဂူကျွန်း၊ စေတန်ကျွန်း၊ ကိုဖော့ကျွန်း၊ တောင်လပို့ကျွန်း၊ ညောင်ဦးဖီးကျွန်း၊ နတ်သမီး ရေတွင်းကျွန်း၊ ဒုံးကျွန်း၊ ဒုံးရေတံခွန်ကျွန်း၊ ငမန်း ကျွန်း၊ ၂၅၄ နှင့် ၂၅၆ ကျွန်း၊ မြန်မာဘမ်းကျွန်း၊ အောက်နီးကျွန်း၊ တောင်တော်ဝင်ကျွန်း၊ မြောက် တော်ဝင်ကျွန်း၊ ခရင်းခွကျွန်း၊ ကျွန်းဖီလာနှင့် နာနတ် သီးကျွန်းတို့သည် ပြည်တွင်း/ပြည်ပ ခရီးသွား အများဆုံး အပန်းဖြေလည်ပတ်ရာကျွန်းများဖြစ်ပြီး မြိတ်ကျွန်းစုရှိကျွန်းများတွင် သဘာဝအလှနှင့် ပြည့်စုံ သော သမီးလှကျွန်း၊ တောင်ပံကြီးကျွန်း၊ ဘေလီကျွန်း တို့ကို ခရီးသွားများ နှစ်သက်လေ့ရှိကာ ကျွန်းဘုရင် (ခေါ်) လေးကျွန်းနှင့် စမတ်ကျွန်း(ခေါ်)ပါပကျွန်း၊ အသဲပုံကျွန်းနှင့် 115 ကျွန်းနှင့် ဝအလယ်ကျွန်းတို့သည် အပန်းဖြေခရီးစဉ်တို့တွင် လူကြိုက်များနာမည်ကြီး သော နေရာများဖြစ်သည်။
မြိတ်ကျွန်းစုခရီးသွားလုပ်ငန်းကို ၂၀၁၄ ခုနှစ် တွင် စတင်အကောင်အထည်ဖော်ခဲ့ပြီး ၂၀၁၉ ခုနှစ် အထိ တနင်္သာရီတိုင်းဒေသကြီး ခရီးသွားလုပ်ငန်း တိုးတက်ကောင်းမွန်ခဲ့ပြီး ရက်ရှည်ရုံးပိတ်ရက်တို့တွင် လာရောက်လည်ပတ်အပန်းဖြေသူ တစ်ရက်လျှင် ခရီးသွား ၂၀၀ မှ ၃၀၀ အထိရှိခဲ့ရာ ခရီးသွားများအဆင် ပြေစေရန် Speed Boat နှင့် အမြန်ရေယာဉ်များ ပြေးဆွဲခြင်း၊ ဧည့်လမ်းညွှန်များက ခရီးသွားများ အန္တရာယ်ကင်းရှင်းစေရန်နှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုမရှိစေရန် သက်ဆိုင်ရာဌာနဆိုင်ရာတို့၏ လမ်းညွှန်မှုနှင့်အညီ ဒေသခံများ ပူးပေါင်းဆောင်ရွက် မှုဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ခဲ့ကြောင်း သိရသည်။
အကောင်းဆုံးနေရာ
“ဒီနှစ်ပွင့်လင်းရာသီမှာ ခရီးသွားလုပ်ငန်းကို မျှော်လင့်ထားပါတယ်။ ပြည်တွင်းခရီးသွားနဲ့ စတင် ဖို့ ရည်ရွယ်ထားတာကြောင့် ပြင်ဆင်နေပါတယ်။ ဟိုတယ်တွေ ဖွင့်လှစ်ထားပြီး အချို့လည်း ပွင့်လင်း ရာသီအတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။ တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ပြီး ခရီးသွားနိုင်ဖို့ ဝက်ဆိုဒ်တွေ၊ မီဒီယာတွေမှာ ဖော်ပြ ထားတာရှိတယ်။
အဓိကဟိုတယ်များမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး သတ်မှတ်စည်းကမ်းနဲ့ အညီ ယုံကြည်စွာဝန်ဆောင်မှုကို လက်ခံနိုင်ဖို့ HSP နဲ့ ညီညွတ်တဲ့ဟိုတယ်များကို နိုင်ငံတော် အဆင့် အသိအမှတ်ပြု တံဆိပ်ထုတ်ပေးထားတာ ကြောင့် ခရီးသွားများ စိတ်ချစွာတည်းခိုနိုင်အောင် ဆောင်ရွက်ထားတာရှိပါတယ်။ ဧည့်လမ်းညွှန်တွေ ကိုလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်မှုနဲ့ ပတ်သက် ပြီး ဌာနကသင်တန်းပို့ချပေးထားပါတယ်။ ဒါကြောင့် ခရီးသွားတွေအနေနဲ့ မိမိတို့ ခရီးစဉ်ဒေသမှာ စိတ်လက်ပေါ့ပါးစွာ အပန်းဖြေတည်းခိုနိုင်အောင်ဆောင်ရွက်နေပါတယ်။ ကော့သောင်းနဲ့ မြိတ်ကျွန်းစု ဟာ အပန်းဖြေမှုနဲ့ လေ့လာရေးခရီးစဉ် နှစ်မျိုးရနိုင် တဲ့ အကောင်းဆုံးနေရာဆိုရင် မမှားပါဘူး” ဟု နေပြည်တော် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇေယျာမျိုးက ပြောသည်။
ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန အနေဖြင့် ၂၀၂၂ ခုနှစ် ဩဂုတ်လတွင် ဆိုးလ်မြို့တွင် ကျင်းပသော အပြည်ပြည်ဆိုင်ရာ ခရီးသွားပြပွဲတွင် နိုင်ငံကိုယ်စားပြုအဖြစ်လည်းကောင်း၊ ဗီယက်နမ် နိုင်ငံတွင် ကျင်းပသော ဟိုချီမင်းခရီးသွားပြပွဲတွင် လည်းကောင်း မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍ အတွက် ဖိတ်ခေါ်ခဲ့ပြီး ၂၀၂၃ ခုနှစ် ခရီးသွားရာသီတွင် နိုင်ငံအတွင်း ခရီးသွားလည်ပတ်နိုင်ရန် တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လာရောက်လေ့လာ
ကျွန်းစုများတွင် လာရောက်အပန်းဖြေလေ့လာ ကြသည့် ခရီးသွားများအနေဖြင့် Sea Gipsy ဟု တင်စားခေါ်ဝေါ်ကြသည့် ဆလုံလူမျိုးများ ကဗန်း လှေဖြင့် ပင်လယ်အတွင်း လှည့်လည်သွားလာနေထိုင် သော လူနေမှုဘဝပုံစံများ၊ ပင်လယ်ပြင်နှင့် ကျွန်းစု များ၏ သဘာဝအလှ၊ ပင်လယ်ရေအောက် သန္တာ ကျောက်တန်းများနှင့် ငါးမျိုးစိတ်များကို ရေငုတ်၍ လေ့လာခြင်း၊ ငါးမျှားအပန်းဖြေခြင်း၊ ဝေလငါးနှင့် လင်းပိုင်များကို လေ့လာခြင်း၊ ကျွန်းစုများတွင်ရှိသော ပင်လယ်လိပ်၊ ပင်လယ်ဖျံ၊ အောက်ချင်းငှက်၊ ပင်လယ်လိပ်ပြာ၊ မလိငှက်၊ ဇီဝစိုးငှက်နှင့် ငှက်မျိုး စိတ်များကို လာရောက်လေ့လာလေ့ရှိသည်။
ကမ္ဘာတွင် အကောင်းဆုံးရွှေရောင်ပုလဲ ထွက်ရှိ ရာ ကော့သောင်းနှင့် မြိတ်ကျွန်းစုသို့ ပွင့်လင်းရာသီ၌ ခရီးသွားများ ပိုမိုဝင်ရောက်လာရန် ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ ဧည့်လမ်းညွှန်များ၊ ရေယာဉ်မောင်းသူများနှင့် ဒေသခံ များကလည်း မျှော်လင့်ထားကြောင်း သိရသည်။
ညိမ်းသူ(သတင်းစဉ်)၊ ဓာတ်ပုံ - ကနူး