ပင်လောင်းမြို့နယ်၌ လက်ဖက်ခူးလုပ်သားရှားပါးလျက်ရှိ

 

ပင်လောင်း  ဧပြီ  ၂၀


ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ ပင်လောင်းမြို့နယ်မှ ဒေသခံလူငယ်၊ လူရွယ်၊ လူလတ်ပိုင်းများ ပြည်ပသို့ထွက်ခွာ၍ အလုပ်လုပ်သူ များပြားလျက်ရှိသောကြောင့် ယင်းဒေသရှိ လက်ဖက် စိုက်ခင်းများတွင်  လက်ဖက်ခူး   လုပ်သားရှားပါးမှု ဖြစ်ပေါ်ကာ   လက်ဖက်ထုတ်လုပ်မှု   ကျဆင်း‌နေ ကြောင်း ‌ဒေသခံအချို့ထံမှ သိရသည်၊၊

 


“ပင်လောင်းမြို့နယ်က    လူငယ်၊   လူရွယ်၊ လူလတ်ပိုင်း  အတော်များများက   ထိုင်းနိုင်ငံကို ထွက်ခွာပြီး   အလုပ်လုပ်ကြတာ   များပါတယ်၊၊ သက်ကြီးရွယ်အိုတွေလောက်ပဲ နေအိမ်မှာ ကျန်ရစ် ခဲ့ကြတာပါ၊၊ လက်ဖက်ခူးလုပ်သားရှားပါးတော့ အချို့ လက်ဖက်စိုက်ခင်းတွေဆိုရင် မခူးနိုင်လို့ ဒီအတိုင်း ပစ်ထားရပါတယ်” ဟု ပင်လောင်းမြို့နယ် တောင်ထီဗွာ ကျေးရွာနေ   လက်ဖက်စိုက်တောင်သူ   တစ်ဦးက ပြောသည်၊၊

 


ပြီးခဲ့သည့်  ကိုဗစ်-၁၉  ရောဂါ နှစ်နှစ်ခန့်ကာလ အတွင်း   လက်ဖက်ခြောက်များကို   ဝယ်သူမရှိ သလောက် အခြေအနေဖြစ်ပေါ်ခဲ့သော်လည်း ယခု အခါ ခရီးသွားဧည့်သည် များပြားလာခြင်းနှင့်အတူ ဝယ်လိုအားပြန်လည်တိုးလာသောကြောင့် လက်ဖက် ခြောက်များကို  ပြန်လည်ထုတ်လုပ် ရောင်းချနေကြ ရပြီဖြစ်ကြောင်း ၎င်းက ပြောသည်၊၊

 


ယခုအခါ ပင်လောင်းမြို့နယ်တွင် လက်ဖက် စိုက်ခင်းများအတွင်း   လက်ဖက်ရွက်ခူးလုပ်ငန်း အတွက် လုပ်အားခနှုန်းထားမှာ   တစ်ပိဿာလျှင် ကျပ် ၅၀၀ ဖြစ်ပြီး လက်ဖက်ပေါက်စျေးမှာ လက်ဖက် ရွက်အစို တစ်ပိဿာလျှင် ကျပ် ၁၀၀၀၊  အခြောက် တစ်ပိဿာလျှင် ၅၀၀၀ မှ ၆၀၀၀ ဖြစ်ကြောင်း သိရ သည်။


ကြီးမြင့်နိုင် (လွိုင်ကော်)